ညောင်ဦးမြို့၊ ရွှေစည်းခုံစွယ်တော်မြတ်စေတီကြီး၏ (၉၆၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ပင့်သံဃာ(၇၅၇)ပါးအား ဆွမ်းသပိတ်လုံးများ ဆက်ကပ်လှူဒါန်း

ညောင်ဦး     နိုဝင်ဘာ      ၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ရွှေစည်းခုံစွယ်တော်မြတ်စေတီကြီး၏ (၉၆၃)ကြိမ်မြောက် တန်ဆောင်တိုင်ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် မြို့ပေါ်ရှိ ပင့်သံဃာ(၇၅၇)ပါးအား ဆွမ်းသပိတ်လုံး ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို နိုဝင်ဘာ ၇ ရက်၊ ယနေ့နံနက်ပိုင်းက စေတီတော်ကြီးတွင် ကျင်းပသည်။

အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် သံဃာတော်အရှင်သူမြတ်များအား ဆွမ်းသပိတ်လုံးများ ဆက်ကပ်လှူဒါန်းပွဲ တွင် ပင့်သံဃာအရှင်သူမြတ်များက အန္တရာယ်ကင်းပရိတ်၊ ပဋ္ဌာန်းများ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး တက်ရောက်လာသည့် ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်အလှူရှင်များက သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် စေတီတော်ရင်ပြင်၌ ဆွမ်းသပိတ်လောင်းလှူပူဇော်ပွဲကို ကျင်းပရာ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များနှင့် ဘုရားဖူးပြည်သူများက ရွှေစည်းခုံစွယ်တော်မြတ် စေတီတော်ကြီး၏ (၉၆၃)ကြိမ်မြောက် တန်ဆောင်တိုင်ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ပင့်သံဃာတော် ၇၅၇ ပါးအား ဆွမ်း၊ ဆေး၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူပူဇော်ခဲ့ကြသည်။

ပုဂံခေတ် အနော်ရထာမင်းကြီး၏ ကောင်းမှုတော်ဖြင့် ကောဇာသက္ကရာဇ် ၄၂၁ ခုနှစ်တွင် တည်ထားကိုးကွယ်တော် မူခဲ့သော ညောင်ဦးမြို့ ရွှေစည်းခုံစွယ်တော်မြတ်စေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၈)ရက်တွင် ကျင်းပလေ့ရှိရာ ယခုနှစ်တွင် (၉၆၃)ကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်ကာ ယခုနှစ်တွင်လည်း ကိုဗစ် - ၁၉ ရောဂါကြောင့် လူစုလူဝေး မဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် အဖြစ် အသံမစဲမဟာပဋ္ဌာန်းပွဲနှင့် ဆွမ်းသပိတ်လောင်းလှူပွဲဇော်ခြင်း အစီအစဉ်ဖြင့်သာ အကျဉ်းချုံးကျင်းပပြုလုပ်ခဲ့ ကြောင်း အဆိုပါ ရွှေစည်းခုံစွယ်တော်မြတ်စေတီတော်ကြီးဂေါပကအဖွဲ့ထံမှ သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )