ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ  ရန်ကုန်မြို့တော်ဝန် ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇူလိုင် ၁

 

ရန်ကုန်တိုင်းဒေသကြီး ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန် ဦးဆောင်ကော်မတီအဖွဲ့ဝင်၊ စည်ပင် သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၆ နာရီခွဲတွင် ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းရှိ နာနတ်တော စည်ပင်သာယာရဲတပ်ဖွဲ့လိုင်းခန်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ ပုစွန် အမျိုးမျိုးတို့ကို ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူနိုင်ရန် ရောင်းချပေးနေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အသိပေးချက်များကို လိုက်နာ၍ ဈေးရောင်း၊ဈေးဝယ်ပြုလုပ်ကြရန်၊ မှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၈ နာရီတွင် မှော်ဘီမြို့နယ် ပြည်လမ်းမှ ညောင်နှစ်ပင် အဝင်ဆတ်သွားတော လမ်းဆုံသို့သွားရောက်၍  အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ လမ်းဆုံတြိဂံကျွန်း မြေညှိပြုပြင်၍ Interlock ခင်းကျင်းပြီးစီးမှု၊ ညောင်နှစ်ပင်လမ်း ကွန်ကရိထပ်ပိုးလွှာ ခင်းကျင်းနေမှုတို့ကို လည်းကောင်း၊  ညောင်နှစ်ပင် လမ်းတစ်လျှောက်  မြက်ပင်ချုံနွယ်များ ရှင်းလင်းနေမှု၊ သစ်ပင်များ ခုတ်ထွင်နေမှု၊ လမ်းဝဲ/ယာ လမ်းပခုံးသားများ ရှင်းလင်းနေမှုနှင့် ရေမြောင်းများအတွင်း အမှိုက်များ ဆယ်ယူရှင်းလင်း နေမှုတို့ကိုလည်းကောင်း၊ အထူးဇုန်(၁) ဟင်းသီးဟင်းရွက် လက်ကားဈေးတည်ဆောက်မည့် မြေနေရာသို့ သွားရောက်၍ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ  လက်ကားဈေးအဆောက်အဦများနှင့် စိုက်ခင်း ပြုလုပ်မည့် မြေနေရာများကို မြေညှိပြုပြင်နေမှု၊ စိုက်ခင်းများပြုလုပ်နေမှုနှင့် မြေညှိပြုပြင်ရာမှ ထွက်ရှိလာသော မြက်ပင်ချုံနွယ်များနှင့် ရေမြောင်း ဆယ်ယူရာမှရရှိသည့် ဗေဒါများအား EM Bokashi သဘာဝမြေဩဇာ ပြုလုပ်ရန် ဆောင်ရွက်ထားရှိမှု၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ညောင်နှစ်ပင်ရွာအဝင်လမ်းနှင့် M 4 လမ်းဝဲ/ယာ အုပ်မိုး ကိုင်းများ ရှင်းလင်းနေမှုတို့ကိုလည်းကောင်း၊ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူးရေး အထူးဇုန်၊ ဇုန်(၂)အတွင်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနနှင့် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနတို့ ပူးပေါင်း၍ M 5 လမ်းတစ်လျှောက် အုပ်မိုးကိုင်းများ ရှင်းလင်းနေမှု၊ မြက်ပင်ချုံနွယ်များ ရှင်းလင်းနေမှု၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ M 5 လမ်းနှင့် C 14 လမ်းဆုံရှိ အထူးဇုန်(၂) စီမံခန့်ခွဲရေးကော်မတီရုံးအဆောက်အဦနှင့် မျှော်စင်ပြုပြင်နေမှု၊ ရုံးအဝင် မြောင်းကူး တံတားအသစ် တည်ဆောက်ပြီးစီးမှု၊ သန့်စင်ခန်းများပြုပြင်နေမှု၊ ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ထားရှိမှု၊ အဆောက်အဦသစ်လွင်စေရေး ဆေးသုတ် ထားရှိမှုတို့ကိုလည်းကောင်း၊  C 12 လမ်းနှင့် ခရိုင်ချင်းဆက်လမ်းတစ်လျှောက် အုပ်မိုးကိုင်းများ၊ မြက်ပင် ချုံနွယ်များ ရှင်းလင်းနေမှု၊ C 12 လမ်းနှင့် ခရိုင်ချင်းဆက် လမ်းအနီး ကျွဲကောခြံ စိုက်ပျိုးထား ရှိမှုတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လမ်းတစ်လျှောက် စိုက်ပျိုးရေးခြံများအတွင်း စိုက်ကွက်ပေါင်များ ပေါ်လွင် စေရေး ရှင်းလင်းရန်နှင့် လမ်းတစ်လျှောက် သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)