ညောင်နှစ်ပင်အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမကြီး ပြင်ဆင်နေမှု လက်ရာသေသပ် ကောင်းမွန်ရေး မှာကြား

နေပြည်တော်      ဇွန်      ၂၈

 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးရှိ အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမကြီး ပြင်ဆင်နေမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမကြီး မုခ်ဦးဆောင်အဝင် လှေကား ကြမ်းခင်းနှင့် ခန်းမဆောင် အဝင်လှေကားများ အစားထိုးလဲလှယ်ပြီးစီးမှု၊ ပြည်ထောင်စုခန်းမကြီး မျက်နှာကြက်များ အသစ်လဲလှယ်ပြီးစီးမှု၊ ဧည့်ခန်းဆောင်၊ အနော်ရထာဆောင်၊ ထမင်းစားဆောင်၊ ပုဂံဆောင်၊ ဆွေးနွေးပွဲခန်းမ(၁/၂/၃)၊ စာသင်ဆောင်၊ ကွန်ပြူတာဆောင်များ ပြုပြင်ပြီးစီးမှု၊ သန့်စင်ခန်းများ အသုံးပြုနိုင်ရေးအတွက် ပြင်ပရေရရှိရေးလုပ်ငန်း၊ ပိုက်လိုင်းများ သွယ်တန်းတပ်ဆင်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်ချိန် လုပ်ငန်းပြီးစီးရေး၊ လက်ရာသေသပ် ကောင်းမွန်ရေး တို့ကို အလေးထားဆောင်ရွက်ရန် မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် (ရန်ကုန် - နေပြည်တော်) လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ကာ မိုင်(၂၀၄/၀) နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အဝင်လမ်း လမ်းအူကြောင်း ဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ လမ်းအူကြောင်းကို ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှ ဝင်ရောက်မည့် လမ်းကွေ့နေရာ၊ နေပြည်တော် မြို့ပတ်လမ်းမှ ဝင်ရောက်မည့် လမ်းကွေ့နေရာများ သတ်မှတ်ဒီဇိုင်းပုံစံအတိုင်း ဆောင်ရွက်မှု ရှိ / မရှိ၊ လမ်းလယ်ကျွန်းများ သတ်မှတ်ချက်အတိုင်း ဆောင်ရွက်မှု ရှိ / မရှိနှင့် ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများကို သတ်မှတ်ချိန်ပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်