ညအချိန်စက်ဘီးတွန်းလာသူတစ်ဦး လှည့်ကင်းနှင့်တွေ့၍ စစ်ဆေးရာမှ ကျုးလွန်ခဲ့သော စက်ဘီးခိုးယူထားမှုများ ထပ်ပေါ်ပေါက်

ဒလ ၄ ဇွန်


ဒလမြို့နယ်တွင် ဇွန်လ ၁ ရက် ည ၉ နာရီက စက်ဘီးတစ်တွန်းလာသူတစ်ဦးအား လှည့်ကင်းအဖွဲ့မှ စစ်မေးရာမှကျုးလွန်ခဲ့သော စက်ဘီးခိုးယူမှုများ ထပ်မံပေါ်ပေါက်ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဒလမြို့မရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်းရဲတပ်ကြပ်ဝင်းမောင်မောင်နှင့်ရဲတပ်ဖွဲ့ဝင်များ အသိသက်သေများသည် ဇွန်လ ၁ ရက်ည ၉ နာရီက တရားဥပဒေစိုးမိုးရေးအတွက် နယ်မြေအတွင်းလှည့်ကင်း တာဝန်ထမ်းဆောင်နေစဉ် ရာဇသင်္ကြန်ရပ်ကွက် အုတ်လှကြီးပတ်လမ်းအရောက်တွင် စက်ဘီးတွန်းလာသူတစ်ဦးအားတွေ့ရှိ၍ စစ်မေးရာ အဆိုပါစက်ဘီးအား ပိုင်ဆိုင်ကြောင်း ခိုင်မာစွာပြောဆိုနိုင်မှုမရှိသဖြင့် စစ်ဆေးခဲ့သည်။


စက်ဘီးတွန်းလာသူမှာ ယခင်ကခိုးမှုဖြင့်ပြစ်ဒဏ်ကျခံခဲ့ဘူးသည့်ပြည့်စုံ(ခ)ဘဲလေးဆိုသူဖြစ်ပြီး သော့ခတ်ထားသည့် ကော်ခြင်းတပ်နက်ပြာရောင်မိန်းမစီးစက်ဘီးအားတွန်းယူလာကြောင်း၊ ထပ်မံစစ်ဆေးချက်အရ လွန်ခဲ့သောလပိုင်းက တပင်ရွှေထီးရပ်ကွက်မှ စက်ဘီးစက်ဘီး ၄ စီး၊ ကမာကဆစ်ရပ်ကွက်မှ ၂ စီး၊ ကမာကသွယ်ရပ်ကွက်မှ၂စီးအား ခိုးယူကာ နေအိမ်တွင် သိမ်းဆည်းထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။


ဒလမြို့မရဲတပ်ဖွဲစခန်းမှ ညအခါစက်ဘီးခိုးယူလာသူနှင့် စက်ဘီးများခိုးယူထားသူပြည့်စုံ(ခ)ဘဲလေး(ဘ)ဦးအောင်မြင့် သဇင်လမ်းဆာပါချောင်ကျောင်းစုရပ်ကွက်နေသူအား အမူဖွင့်အရေးယူထားကြောင်း သိရသည်။


မင်းရဲမာန်