နည်းပညာတီထွင်ဆန်းသစ်မှုပြိုင်ပွဲတွင် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)က စိုက်ပျိုးရေးဝန်ဆောင်မှု MOBILE APP ဖြင့် ပထမဆုရရှိ

ရန်ကုန်    ၈  မေ     

 

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် လက်ခံကျင်းပသော နည်းပညာတီထွင်ဆန်းသစ်မှုပြိုင်ပွဲတစ်ခုအဖြစ် China - Myanmar Innovation and Entrepreneurship Competition ပြိုင်ပွဲတွင် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)က စိုက်ပျိုးရေးဝန်ဆောင်မှု Mobile App ဖြင့် ပထမဆု ဆွတ်ခူးကာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြောင်း ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး) ၏ တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ သင်းသုနိုင် ထံမှ သိရသည်။

 

" အခုကျင်းပပြီးစီးခဲ့တဲ့ တရုတ်နိုင်ငံပြိုင်ပွဲမှာ ကျွန်မတို့ မြန်မာနိုင်ငံက ကွန်ပျူတာကျောင်းသားလေးတွေအနေနဲ့ အိုင်ဒီယာဘယ်လောက်ကောင်းသလဲဆိုတာရယ်၊ ဈေးကွက်ကိုတင်သွင်းနိုင်ဖို့အတွက် စိတ်ကူး စိတ်သန်းတွေ ဘယ်လောက်ရှိသလဲဆိုတာရယ်ကို အမှတ်ပေးတာပေါ့။ ပထမရရှိခဲ့တဲ့ တောင်ကြီးကလေးတွေဆို Mobile App ကလေးပဲပေါ့။ ရှမ်းပြည်နယ်က စိုက်ပျိုးရေးမှာလုပ်ကိုင်နေကြတဲ့ တောင်သူလယ်သမားတွေ အထောက်အကူပြုစေဖို့ စိုက်နည်းပျိုးနည်းတွေကို Mobile App ထဲမှာရှင်းပြလိုက်တာမျိုးပေါ့ Mobile App မှာရေးထားပေးတယ်။  ဈေးကွက်တင်ဖို့အတွက်ဆိုရင်လည်း တောင်သူတွေရောင်းချနေတဲ့ ကုန်စည်ဒိုင် တွေ /ပွဲ ရုံတွေက သီးနှံပေါက်ဈေးတွေကို Mobile App မှာ ရေးထားတာပေါ့။ ဒီ Mobile App က တောင်သူတွေကိုလက်ထဲရောက်တာနဲ့ သူတို့လက်ရှိလုပ်ကိုင်နေတဲ့စိုက်ပျိုးရေးကဏ္ဍမှာ ဘယ်လောက်ဝန်ဆောင်မှုပေးနိုင်တယ် ဆိုတာကိုသိမယ်။ သူတို့များများသုံးလေ ဒီ Mobile App ရဲ့ထုတ်ကုန် တစ်ခုကို တွင်တွင်ကျယ်ကျယ်ထုတ်နိုင်တယ်ဆိုတဲ့ အချက်တွေနဲ့ပြိုင်တဲ့အခါမှာ ပထမဆုကိုဆွတ်ခူးနိုင်ခဲ့တာပေါ့။ အပြည်ပြည်ဆိုင်ရာအဆင့်မှာ ပထမဆုံး ပထမရတာပေါ့။ " ဟု  ကွန်ပျုတာတက္ကသိုလ်(တောင်ကြီး) ၏ တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ သင်းသုနိုင်  ကပြောသည်။

 

အဆိုပါ China - Myanmar Innovation and Entrepreneurship Competition ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ရန်ကုန်/ မန္တလေး / ပြင်ဦးလွင် / တောင်ကြီး တို့မှာ ကွန်ပျူတာတက္ကသိုလ် နှင့် နည်းပညာတက္ကသိုလ် / စီးပွားရေးတက္ကသိုလ် / ရတနာပုံ ဆိုက်ဘာစီးတီးလ် စသော ကျောင်းပေါင်း ၁၀ ကျောင်းမှ တစ်ကျောင်းလျှင် အုပ်ချုပ်သူတစ်ဦးအပါဝင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၀)ဦး ပုဂ္ဂလိက နည်းပညာ ကုမ္ပဏီ အဖွဲ့အစည်းမှ တစ်ဖွဲ့လျှင် ၄ ဦးစီဖြင့် ၁၀ ဖွဲ့ |တရုတ်နိုင်ငံရှိ ကွန်ပျူတာတက္ကသိုလ် နှင့် နည်းပညာတက္ကသိုလ်များအပါဝင် ကျောင်း ၁၀ ကျောင်းမှ ကျောင်းသား/သူ စုစုပေါင်း (၄၀)ဦးတို့ မှ အဖွဲ့အလိုက် စိတ်ကြိုက်ရေးဆွဲထားသော ပရောဂျက်များ/တီထွင်ဆန်းသစ်မှု အိုင်ဒီယာအမျိုးမျိုးတို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။ ထိုပြိုင်ပွဲသည် ဧပြီလ နောက်ဆုံးပတ်တွင် တရုတ်နိုင်ငံ၌ ကျင်းပခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

 

ပြိုင်ပွဲဝင် မြန်မာ-တရုတ် နှစ်နိုင်ငံ တက္ကသိုလ် ၂၀ ကျောင်းတွင်  အဆင့် ၁၂ အထိ သက်မှတ်ထားပြီး အဆင့် (၁) ပထမဆုကို ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)မှ ရရှိခဲ့ပြီး အဆင့် (၂/၃/၄/၅/၆/၇) ကို တရုတ်ပြည် ကွန်ပျူတာတက္ကသိုလ် နှင့် နည်းပညာတက္ကသိုလ် များကရရှိသည်။ အဆင့် (၈/၉/၁၀) ကို ကွန်ပျူတာတက္ကသိုလ် (မန္တလေး) နှင့် ရတနာပုံ ဆိုက်ဘာစီးတီးလ် က ရရှိပြီး အဆင့် (၁၁/၁၂) ကို တရုတ်နိုင်ငံရှိ တက္ကသိုလ်များမှ ရရှိကြောင်း သိရသည်။

 

 

" အခုလို တီထွင်ကြံဆနိုင်မယ့် မျိုးဆက်သစ်ကျောင်းသားလူငယ်တွေ ပေါ်ထွက်လာဖို့က Mobile App တွေဘယ်လိုရေးသလဲ။ အိုင်ဒီယာတွေ ဘယ်လိုထုတ်ကြမလဲ။ Bussiness Plan တစ်ခုကိုဘယ်လို စဉ်းစားကလဲဆိုတဲ့ Work Shop/Training တွေပေးပါတယ်။ အဲ့ဒီမှာ စိတ်ဝင်စားတဲ့ စတုတ္ထနှစ်အတန်း ကြီးကလေး တွေကိုခေါ်ပြီး လေ့ကျင့်ပေးနေပါတယ်။ အဲ့ကနေအဖွဲ့တွေ ဖွဲ့ပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ သူ့ထက်ငါ  ပြိုင်ပွဲတွေဝင်ပြိုင် ပရောဂျက်တွေ လဲရေးပေါ့ ပြီးတော့ ကျောင်းမှာပဲ  Product Show ပြပွဲတွေကိုလုပ်ပါတယ်။ ကလေးတွေကလည်း စိတ်ဝင်တစား ပြိုင်ကြပါတယ်။ ဒီလိုပြိုင်ပွဲတွေအဆင့်ဆင့်ကျင်းပပြီး ထူးချွန်တဲ့ကလေးတွေကို နိုငိငံတကာပြိုင်ပွဲတွေမှာသွားရောက်ယှဉ်ပြိုင်စေပါတယ်။" ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) ၏ တာဝန်ခံပါမောက္ခချုပ် ဒေါက်တာ သင်းသုနိုင် ကထပ်မံ ပြောသည်။

 

ယခုအခါတွင် ဒေသဖွံဖြိုးရေးအတွက် ဖွင့်လှစ်ထားသော ကွန်ပျူတာတက္ကသိုလ်များ/နည်းပညာတက္ကသိုလ်များသည် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့ကြီးများတွင် တည်ရှိနေပြီဖြစ်သည်။ ထိုတက္ကသိုလ်များရှိ ကျောင်းသား/သူလေးများအား ပညာရပ်များကို သင်ပေးရုံသက်သက်မဟုတ်ဘဲ ရန်ကုန်/မန္တလေးတက္ကသိုလ်များနည်းတူ  လက်တွေ့ယှဉ်ပြိုင်မှုများကို ပြည်တွင်းတက္ကသိုလ်အချင်းချင်း ယှဉ်ပြိုင်ရန်လိုအပ်သည်။ ထိုမှတဆင့် အိမ်နီးချင်းနိုင်ငံတက္ကသိုလ်များ နောက်ဆုံး နိုင်ငံတကာအဆင့်အထိ ရောက်အောင်ယှဉ်ပြိုင်နိုင်ရန်လိုအပ်သည်။ သို့မှသာ မျိုးဆက်သစ် ကွန်ပျုတာ ကျောင်းသားများ/နည်းပညာကျောင်းသားများ အဖြစ်ကနေ ပညာရှင်များအဖြစ်ပေါ်ထွန်းလာနိုင်သည်။

 

" ကျောင်းသား/သူတွေ ကို သူတို့  ပညာရပ်နဲ့စိတ်ကူး စိတ်သန်းကောင်း အိုင်ဒီယာသစ်တွေနဲ့ အခြားသူတွေကို အကျိုးပြု စေနိုင်မဲ့ ပညာရှင်တွေဖြစ်ပေါ်လာဖို့က  ဆရာ/မိဘ ပူးပေါင်းကာ အမြဲ တွန်းအားပေးနေဖို့လိုအပ်သလို နိုင်ငံတော် အနေနဲ့ကလည်း လိုအပ်တာတွေပံ့ပိုးပေးစေလိုပါတယ်။ ဒါမှ သူတို့ဒေသအတွက်ရော နိုင်ငံအတွက်ရော အကျိုးပြုစေသလို အခုလို နိုင်ငံတကာပြိုင်ပွဲတွေမှာဆုတွေ ရယူ နိုင်ခြင်းဟာလည်း သူတို့အတွက် ယုံကြည်ချက်တွေ စိတ်ခွန်အားတွေ တိုးပွားစေပါတယ်။"ဟု ပါမောက္ခချုပ် ဒေါက်တာ သင်းသုနိုင် ကပြောပါသည်။

 

မျိုးမင်းသိန်း(မရမ်းကုန်း)