နှမ်းပန်းတိုင်အထွက်နှုန်းရရှိဖို့ ပေါင်ကြီးတင်စနစ်စိုက်ကြစို့

 

ဇာဇာမင်း (ရွှေဘို)

 

မြန်မာနိုင်ငံမှာ  ဆီစားသုံးမှုများပြား လာတာနဲ့အမျှ စားသုံးဆီဖူလုံရေးဟာ အဓိကအရေးကြီး ဆောင်ရွက်ကြဖို့ လိုအပ်နေပါတယ်။ ပြည်တွင်းစားသုံးဆီ ဖူလုံရုံသာမက  ပြည်ပမှစားသုံးဆီ တင်သွင်းမှု လျှော့ချနိုင်ရန်အတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးနဲ့တစ်ဧကအထွက်နှုန်း တိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ကြဖို့လည်း လိုအပ်နေတာဖြစ်ပါတယ်။ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) အနက် နှမ်းသီးနှံဟာ  စိုက်ပျိုးရလွယ်ကူပြီး  စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် သက်သာတဲ့ သီးနှံဖြစ်တာကြောင့်နှမ်းသီးနှံဟာစိုက်ပျိုး ထုတ်လုပ်မှု အများဆုံး ဖြစ်ပါတယ်။

 

နှမ်းသီးနှံကို မိုးနှမ်း၊ ဆောင်းနှမ်းနဲ့ နွေနှမ်း သုံးကြိမ်စိုက်ပျိုး

ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးနဲ့ ပန်းတိုင်အထွက်နှုန်း ရရှိရေးကိုလည်း နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့အညီ ပြည်သူတွေ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ စားသုံးဆီတွေ ရရှိသုံးစွဲ နိုင်ကြဖို့နဲ့ ပိုလျှံတဲ့ဆီတွေကို ပြည်ပသို့တင်ပို့ရောင်းချခြင်းဖြင့်လည်း နိုင်ငံခြား ဝင်ငွေရရှိဖို့ ရည်ရွယ်ပြီး ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ ထိုသို့ကြိုးပမ်းဆောင်ရွက်ရာ ကုန်ကျစရိတ်သက်သာပြီး တောင်သူများ အကျိုးအမြတ် ပိုမိုရရှိစေနိုင်တဲ့ နှမ်းသီးနှံအများဆုံး စိုက်ပျိုးနေကြတာကို တွေ့ရှိရပါတယ်။ နှမ်းသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် လိုက်နာရမယ့် စိုက်ပျိုးနည်းစနစ်တွေကို လက်တွေ့စနစ်တကျ လိုက်နာကျင့်သုံးကြဖို့လည်း စည်းရုံးပညာပေး ဆောင်ရွက်နေပါတယ်။ နှမ်းသီးနှံကို မိုးနှမ်း၊ ဆောင်းနှမ်းနဲ့ နွေနှမ်းသုံးကြိမ် စိုက်ပျိုး ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ နှမ်းသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေး နည်းလမ်းတွေကို အထူးလိုက်နာ ဆောင်ရွက်ကြဖို့လိုသလို စိုက်နည်းစနစ် မှန်ကန်ရေးကိုလည်း အဓိကထား လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။

 

ခေတ်မီဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာတွေ

နှမ်းစိုက်တောင်သူတွေဟာ ရှေးယခင်က ရိုးပြတ်ထဲရေသွင်းပြီး ထွန်ရေးမဲ့စိုက်ပျိုးခြင်းနည်းစနစ်၊ မျိုးစေ့ ကြဲပက်ပြီး ခုတ်ဖုံးခြင်းနည်းစနစ်၊ ထွန်ကြောင်းပေးပြီး မျိုးစေ့အတန်းလိုက်ချ စိုက်ပျိုးခြင်းနည်းစနစ် စသဖြင့် စိုက်ပျိုးလေ့ ရှိတဲ့နေရာမှ အခုအချိန်မှာ ခေတ်မီဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာတွေကိုသိရှိပြီး စိတ်ပါဝင်စားစွာ လိုက်ပါဆောင် ရွက်လာနေကြပြီဖြစ်ပါတယ်။ ပေါင်ကြီးတင်စနစ်နဲ့ နှမ်းစိုက်ပျိုးခြင်းဟာ နှမ်းသီးနှံအတွက် အမှန် တကယ် ထိရောက်အကျိုးရှိတဲ့ နည်းစနစ်တစ်ခုဖြစ်တဲ့အတွက် လိုက်နာကျင့်သုံးစိုက်ပျိုး ကြရမှာ ဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတွေမှာ ပေါင်ကြီးတင်စနစ်ကို နှမ်းစိုက်တောင်သူတွေ ကျယ်ကျယ်ပြန့်ပြန့် လိုက်နာကျင့်သုံးစိုက်ပျိုးပြီး နှမ်းသီးနှံအထွက်နှုန်းတိုးတက် ထွက်ရှိနေတာကို မြင်တွေ့ နေရပြီပဲ ဖြစ်ပါတယ်။ နှမ်းသီးနှံဟာ ရေဝပ်ဒဏ်ကို မခံနိုင်တဲ့အတွက် ပေါင်ကြီးတင်စနစ်နဲ့ စိုက်ပျိုးခြင်းဟာ အချိန်ရာသီမရွေးစိုက်ပျိုးနိုင်စေဖို့၊ ရေကိုလိုအပ်တဲ့အချိန် လိုအပ်သလိုရေသွင်း ရေထုတ်စနစ်တကျ အလွယ်တကူ ဆောင်ရွက်နိုင်ဖို့၊ စက်ကိရိယာတွေကို တွင်ကျယ်စွာ အသုံးပြုနိုင်စေဖို့၊ နှမ်းသီးနှံရဲ့ သတ်မှတ် ထားတဲ့ မျိုးစေ့နှုန်းထား၊ မြေဩဇာနှုန်းထားနဲ့ အပင်ပြုစုစောင့်ရှောက်ခြင်းကို ချမှတ်ထားတဲ့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေ ကျင့်သုံးစိုက်ပျိုးနိုင်စေဖို့အတွက် နည်းစနစ်ကောင်းပဲ ဖြစ်ပါတယ်။

 

mdn

 

အချိန်ကာလ သုံးချိန်အနက် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်

ပေါင်ကြီးတင် စိုက်ပျိုးနည်းစနစ်ကို ဆောင်ရွက်မယ်ဆိုပါက စိုက်ပေါင်တွေ ပြုလုပ်မယ့်မြေနေရာကို ပေါင်းမြက်တွေ ရှင်းလင်းပြီး စက်ထယ်တစ်စပ်နဲ့ ထွန်တစ်စပ်မြေသား ၆ လက်မမှ ၁၀ လက်မအနက်အထိ မြေပြင်ပေးရပါမယ်။ အဲဒီနောက်စိုက်ပေါင်မှာ မြေတွင်းအောင်း ပိုးသတ်ဆေးတစ်မျိုးမျိုး ထည့်သွင်း ပေးခြင်းနဲ့ နေရောင်အောက်မှာရက်အတန်ကြာ ထားပေးခြင်းတို့ဖြင့် မြေအောင်းပိုးမွှားနဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အပင်ပြုစုစောင့်ရှောက်မှု လွယ်ကူစေရန် စိုက်ပေါင်ရဲ့ အနံ သုံးပေခန့်၊ အမြင့် (၆-၉)လက်မနဲ့ စိုက်ပေါင်ရဲ့ အလျားကိုရှိတဲ့ မြေကွက်အရွယ်အစားနဲ့ အနေအထားပေါ်မူတည်ပြီး သင့်တော်သလို ပြုပြင်ထားရမှာ ဖြစ်ပါတယ်။ အသင့်ပြင်ဆင်ပြီး အကျယ်သုံးပေ ပေါင်ပေါ်မှာ နှမ်းမျိုးစေ့ကို မျိုးစေ့ချတဲ့ ဘူးတွေနဲ့ (၁၀//x ၄//) တန်းကြား x ပင်ကြားဖြင့် လေးတန်းမျိုးစေ့ချပြီး နောက် အပင်ပေါက်သေချာစေရန် စိုက်ပေါင်တွေကြားမှာ ရေသွင်း၍မှုတ် ရေတင်ခြင်းပြုလုပ်ကြရမှာဖြစ်ပါတယ်။ ရေပေးသွင်းရာမှာ စိုက်ပေါင်ထိပ်ပိုင်းရှိ မြေသားစိမ့်ရေရရှိတဲ့အထိ ပေးသွင်းရမှ ဖြစ်ပြီး ရေပေးရမယ့်အကြိမ်ဟာ စိုက်ခင်းရှိ မြေအမျိုးအစား၊ သီးနှံအမျိုးအစားနဲ့ ရာသီဥတုအပေါ်မူတည်ပြီး ရေပေးသွင်းကြရမှာပဲ ဖြစ်ပါတယ်။ နှမ်းပေါင်ကြီးတင် စိုက်ပျိုးနည်းစနစ်နဲ့ ရေပေးသွင်းခြင်းကို နှမ်းစေ့မှအညှောက် ပေါက်ချိန်၊ ပွင့်ဖူးပေါ်ချိန်၊ အပွင့်တွေ ဖြိုင်ဖြိုင်ပွင့်ချိန်တွေမှာ သင့်တင့်မျှတတဲ့ ရေကို မဖြစ်မနေပေးသွင်းရပါမယ်။ အဲဒီအချိန်ကာလ သုံးချိန်အနက် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်မှာ ရေအလိုအပ်ဆုံး အချိန်ဖြစ်တဲ့အတွက် မဖြစ်မနေ ရေပေးသွင်းဖို့ လိုအပ်မှာဖြစ်ပါတယ်။

 

ရေသွင်းရေထုတ် လွယ်ကူစွာဆောင်ရွက်နိုင်တဲ့ ပေါင်ကြီးတင်စနစ်နဲ့စိုက်ပျိုး

ပေါင်ကြီးတင်စိုက်ပျိုးနည်းစနစ်ဟာ ရေသွင်းရေထုတ် လွယ်ကူစေသလို မိုးများတဲ့အခါမှာလည်းကောင်း၊ ရေတင် မိုးမိတဲ့အခါမှာလည်းကောင်း ရေထုတ်ရလွယ်ကူစေပါတယ်။ အပင်ပြုစုစောင့်ရှောက်ခြင်း လုပ်ငန်းတွေ အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင်သလို မြေဩဇာကျွေးရ လွယ်ကူသဖြင့် အပင်သက်တမ်းတစ်လျှောက် အချိန်ကိုက် အချိုးကျထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ပိုးမွှားရောဂါကာကွယ်ခြင်း လုပ်ငန်းတွေကိုလည်း စနစ်တကျကာကွယ် နှိမ်နင်းခြင်း ဆောင်ရွက်နိုင်တဲ့အပြင် မိုးများတဲ့အခါမှာလည်း ရေထုတ်ခြင်း ချက်ချင်း ပြုလုပ်နိုင်တဲ့အတွက် နှမ်းရိုးမည်း ရောဂါကျရောက်ခြင်းမှလည်း လျော့နည်းသက်သာစေမှာ ဖြစ်ပါတယ်။ ရေစုပ်စက်နဲ့ရေတင်ဖို့လည်း လွယ်ကူစွာဆောင်ရွက်နိုင်ပါတယ်။ စနယ်မြေစေးတွေမှာ အစိုဓာတ် များတာကြောင့် ရေသွင်းရေထုတ် လွယ်ကူစွာဆောင်ရွက်နိုင်တဲ့ ပေါင်ကြီးတင်စနစ်နဲ့ စိုက်ပျိုးခြင်းဟာ အပင်အသေအပျောက် နည်းပါးခြင်း၊ စနစ်တကျအပင်ပြုစုစောင့်ရှောက်နိုင်ခြင်း၊ ရေကိုလိုအပ်တဲ့အချိန် လိုအပ် သလို ပေးသွင်းနိုင်ခြင်းနဲ့ ပိုးမွှားရောဂါ စနစ်တကျကာကွယ် နှိမ်နင်းနိုင်ခြင်းတို့ကြောင့် နှမ်းသီးနှံပန်းတိုင် အထွက်နှုန်း သေချာတဲ့ စိုက်ပျိုးနည်း စနစ်တစ်ခုဖြစ်လို့ လိုက်နာစိုက်ပျိုးသင့်တဲ့ စိုက်နည်းစနစ်တစ်ခု ဖြစ်ပါကြောင်း နှိုးဆော်တိုက်တွန်းအပ်ပါတယ်။