နှလုံးသားပုံ ရိ(ဒ်) ရေကန် (သို့) ချင်းတောင်းတန်းပေါ်က အံ့ဖွယ်အလှတရား

၂၀ ဇန်နဝါရီ


အိန္ဒိယ-မြန်မာနယ်စပ်၊ ချင်းပြည်နယ်ထဲက စိမ်းညို့ညို့တောင်တန်းကြီးတွေရဲ့အလယ်မှာ ပြုပြင်ခြင်းမရှိဘဲ သဘာဝအတိုင်းနှလုံးသားပုံ ပုံသဏ္ဍာန်ဖြစ်တည်နေတဲ့ ရိ(ဒ်)ရေကန်ဟာ မြင်ရသူအဖို့တော့အံ့ဖွယ်အလှတရားလို့ စိတ်ထဲမှာမြင်မြင်ချင်း ရေရွတ်မိပါလိမ့်မည်။ ရိ(ဒ်)ရေကန်ဟာ မြန်မာနိုင်ငံမှာ   တင်မက ကမ္ဘာပေါ်မှာရှိတဲ့ ရေကန်တွေအနက် အသည်းနှလုံးပုံသဏ္ဍာန်နဲ့အတူဆုံး ရေကန်ရယ်လို့မှတ်တမ်းတွေမှာ ဖော်ပြကြတာကိုလည်းဖတ်ရှုဖူးပါတယ်။ ရေကန်ရဲ့သွင်ပြင်လက္ခဏာက ထူးခြားဆန်းပြားနေသလို    သူ့ကိုပံ့ပိုးနေကြတဲ့ အလှတရားတွေကလည်း ခိုင်ခိုင်မာမာတည်ရှိနေတာပါ။

 


အသည်းပုံ ရိ(ဒ်)ရေကန်ရဲ့ ဘေးပတ်လည်မှာ စည်းရိုးပုံသဏ္ဍာန် ရစ်ဝိုင်းပေါက်နေတဲ့ မိုးမခပင်တွေ  ရဲ့အလှတရားကလည်းထူးခြားနေသလို အဲဒီ မိုးမခပင်တွေဟာ ရိ(ဒ်)ရေကန်ရဲ့အလှတရားပျက်မသွား  အောင် ကာကွယ်ဖို့သစ္စာခံပြီး ဝန်းရံပေါက်နေသလားတောင် ထင်မှတ်စရာပါ။ ရိ(ဒ်)ရေကန်ကို အပေါ်စီး  ကနေကြည့်လိုက်ရင် ဘေးပတ်လည်မှာရစ်ဝန်းပေါက်နေတဲ့ မိုးမခပင်တွေဟာ သေသပ်လှပတဲ့အနားကွပ်  တခုနဲ့တူနေပြီး ရေကန်ကြီးရဲ့အသည်းနှလုံးပုံ အလှတရားကို တိုက်စားပျက်ဆီးမသွားအောင် ထိန်းသိမ်းပေးနေတဲ့ စည်းရိုးတစ်ခုနဲ့လည်း တူနေပြန်ပါတယ်။ အဲဒီ မိုးမခပင်တွေကို ဒေသခံတွေကတော့ သူတို့ရဲ့ယုံကြည်မှုအရ “ဝိညာဉ်ခြံစည်းရိုး’’ လို့တင်စားခေါ်ဝေါ်ကြပါတယ်။ ဒါတင်မကသေး မိုးမခပင်တွေရဲ့ အကိုင်းတွေပေါ်မှာဆိုရင်လည်း ဖူးပွင့်ဝေဆာနေတဲ့ ရောင်စုံသစ်ခွပန်းတွေ၊ ရေကန်စပ်မှာပေါက်နေတဲ့ အညိုရောင်ဗေဒါပန်းတွေ၊ ကြာဖြူ ကြာနီတွေဖူးပွင့်နေကြပုံဟာလည်း ရိ(ဒ်)ရေကန်ရဲ့အလှတရားကိုပံ့ပိုး   နေကြတယ်လို့ထင်မှတ်စရာပါ။

 


ရိ(ဒ်)ရေကန်ရဲ့ထူးခြားချက်တွေထဲမှာ ဒီရေကန်ထဲကရေဟာ တစ်နှစ် တစ်ခါနောက်လေ့ရှိပြီး ရေ   နောက်ချိန်ဟာ တပတ်လောက်ကြာတယ်လို့ ဒေသခံတွေကပြောကြပါတယ်။ အဲဒီဖြစ်စဉ်ဟာ ချမ်းအေး    လွန်းတဲ့ ခရစ္စမတ်ကာလ မှာဖြစ်ပြီး မိုးလည်းမရွာ၊ ချောင်းရေ၊ မြောင်းရေလည်း စီးမဝင်ဘဲအလိုအလျောက်  နောက်ကျိတာလို့ဆိုကြပါတယ်။ ရိ(ဒ်)ရေကန်ကိုလာလည်ကြသူတိုင်းဟာ ပြန်တဲ့အချိန်မှာကန်ထဲကရေကို  ရေဘူး ဒါမှမဟုတ် ပုလင်းတွေနဲ့ ခပ်ယူသယ်ဆောင်သွားကြပါတယ်။ ခပ်ယူသွားတဲ့ရေဟာ နယ်ဘယ်လောက်ဘဲဝေးဝေး ရိ(ဒ်)ရေကန်ထဲက ရေတွေနောက်တဲ့အချိန်မှာသယ်ယူသွားတဲ့ရေဟာလည်း     တပြိုင်တည်းနောက်တယ်လို့ ဆိုကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး သုတေသနတွေပြုလုပ်ထားမှုတွေ မရှိသေးပေမယ့် ခေတ်ပညာတတ်တချို့ကတော့ ရေကန်ရဲ့အောက်မှာအပူဓာတ်ရှိတဲ့ သဘာဝဖြစ်စဉ်တချို့ရှိနိုင်ပြီး   အအေးလွန်ကဲတဲ့ကာလမှာ အနွေးဓာတ်ရှိနေတဲ့ အောက်ရေပြင်ကအအေးဓာတ်ရှိနေတဲ့အပေါ်ရေပြင်ကို    ချော်ရည်၊ ရွှံ့မြေတွေနဲ့ရောနှောတိုးထွတ်လာတဲ့ ရေသံသရာလည်ခြင်း(WATER CIRCULATION)မျိုး    လည်းဖြစ်နိုင်တယ်လို့ သုံးသပိ်ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။

 


ရိ(ဒ်)ရေကန်ဟာ အိန္ဒိယ-မြန်မာနယ်စပ်၊ ချင်းပြည်နယ်၊ ဖလမ်းခရိုင် ရိခေါဒါရ်မြို့လေးနဲ့ နှစ်မိုင်လောက်အကွာက တောင်တန်းတွေပေါ်မှာတည်ရှိပါတယ်။ အိန္ဒိယနိုင်ငံ၊ မိဇိုရမ်ပြည်နယ်ရဲ့ နယ်စပ်မျဉ်းနဲ့လည်း ၂မိုင်လောက်သာကွာဝေးပါတယ်။ ရေကန်ရဲ့အရှေ့ဘက်ထိပ်ကနေ အနောက်ဘက်ကိုလှမ်းမျှော်ကြည့်လိုက်ရင် အိန္ဒိယနိုင်ငံ၊ မိဇိုရမ်ပြည်နယ်ထဲက အဆောက်အအုံတွေကို   တွေ့မြင်နေရပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၁၉၀ဝ ကျော်မှာတည်ရှိပြီး ရေကန်ရဲ့ပတ်လည်  အကျယ်အဝန်းကတော့ ၂ဒသမ ၅မိုင်ရှိတယ်လို့သိရပါတယ်။ ရေရဲ့အနက်ကတော့ ပျှမ်းမျှ ပေ၅၀ရှိပြီး အနက်ဆုံးနေရာကတော့ ပေ၆၀ထိ ရှိလိမ့်မယ်လို့ ပညာရှင်တွေရဲ့တိုင်းထွာချက်တွေအရ သိရပါတယ်။       ချင်းပြည်နယ် ဖလမ်းမြို့က ၆၄မိုင်ကျော်အကွာ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့မှာတည်ရှိပြီးပင်လယ်   ရေမျက်နှာပြင်အထက် ပေပေါင်း ၂၉၆၆ မြင့်တဲ့ တောင်တန်းတွေကြားမှာ သဘာဝအလျောက်အသဲပုံသဏ္ဍာန်ဖြစ်ပေါ်နေတဲ့ ကန်ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာ ပုံစံမပျက်ဘဲရှိနေတာမို့ မှော်ရေကန်လို့   တောင်တင်စားခေါ်ဝေါ်ကြပါတယ်။ အခုဆိုရင် ခရီးသွားတွေဟာ တောင်တန်းတွေကြားထဲက ရိဒ်ရေကန် အလှကို VIEWPOINT ကတဆင့်ကြည့်ရှုနိုင်ပါပြီ။

 


ရေကန်ရဲ့မြောက်ဘက်ကတောင်ကုန်းပေါ်မှာ ရိ(ဒ်)ကျေးရွာလေးရှိပြီး ဒီရွာသားတွေဟာ ရိ(ဒ်)ရေကန်ကြီးကို အမြတ်တနိုးတန်ဖိုးထားကြသလို ကန်ကြီးအနီးမှာကြီးပြင်းလာရတဲ့သူတို့ ဘဝကို ဂုဏ်ယူကြပါတယ်။ “ကျွန်တော်တို့ ယုံကြည်မှုအရ ရိ(ဒ်)ရေကန်ဟာ တန်ဖိုးဖြတ်လို့မရပါဘူး။ နောက်တခု   က ရိ(ဒ်)ရေကန်ရှိလို့ ကျွန်တော်တို့ရိ(ဒ်)ရွာကို လူတွေပိုသိလာကြတယ်။ ရိ(ဒ်)ရေကန်သာမရှိရင်တောင်    ကြားထဲမှာရှိနေတဲ့ ကျွန်တော်တို့ရွာလေးကို ဘယ်သူမှတောင် အသိအမှတ်ပြုကြမှာမဟုတ်ဘူး” လို့ရိ(ဒ်)    ရွာသား မီဇိုးတစ်သီးကပြောပါတယ်။

 


ရိ(ဒ်)ကျေးရွာနဲ့ ရိခေါဒါရ်မြို့လေးမှာနေထိုင်သူ အများစုကတော့ ချင်းမျိုးနွယ်စုဝင်တွေဖြစ်တဲ့  မီဇိုး   တိုင်းရင်းသားတွေဖြစ်ကြပါတယ်။ ရိ(ဒ်)ရေကန်ဟာဒေသခံ မီဇိုးတိုင်းရင်းသားတွေအတွက်တော့ဒဏ္ဍာရီ   ဆန်တဲ့ဇာတ်လမ်းတွေ၊ ယုံကြည်စွဲလမ်းမှုတွေနဲ့အတူ အမြတ်တနိုးတန်ဖိုးထားရတဲ့အမှဖတ်သင်္ကေတ တခု   အဖြစ်ရှိနေဆဲပါ။ ဒဏ္ဍာရီဇာတ်လမ်းတွေနဲ့ စွဲထင်နေတဲ့ရိ(ဒ်)ရေကန်ကြီးကို ဒေသခံတိုင်းရင်းသားတွေက ချင်းပြည်နယ်ရဲ့နှလုံးသား၊ မီဇိုးတိုင်းရင်းသားတွေရဲ့ဝိညာဉ်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ သူတို့အကြားမှာတော့ ဒီရေကန်နဲ့ ပတ်သက်ပြီး တချို့ကလည်း ရိ(ဒ်)နတ်မင်းကြီးစံစားရာ နတ်ဘုရားရေအိုင်၊ တချို့ ကလည်း နတ်မီးရေအိုင်၊ တချို့ကလည်း သစ္စာရေကန် စသည်ဖြင့် ယုံကြည်စွဲလမ်းမှုအမျိုးမျိုး  ရှိကြပါတယ်။

 


ဒီအထဲမှာ အများဆုံးပြောဆိုနေကြတာကတော့ မီဇိုးတစ်ယောက်သေဆုံးသွားတဲ့အခါသေဆုံးသူ    ရဲ့ဝိညာဉ်ဟာဘဝတပါးကိုနောက်ဆံတင်းမှု ကင်းစွာနဲ့ကူးပြောင်းနိုင်ဖို့အတွက် ရိ(ဒ်)ရေကန်ကိုလာရပြီး  အတိတ်ဘဝမေ့စမ်းရေကြည်ကိုသောက်ကာ နောက်မလှည့်ဘဲ ပြန်ကြရတယ်လို့ဆိုကြပါတယ်။ ဒီအခါမှာ    သေဆုံးသူရဲ့ဝိညာဉ်ဟာအတိတ်ဘဝကို တမ်းတစိတ်တွေပျောက်ကွယ်သွားပြီး ဘဝသစ်ကိုကူးပြောင်းနိုင်ဖို့    အတွက် ရိ(ဒ်)ရေကန်အတွင်းကို နောက်ဆံတင်းမှုကင်းစွာ ဆင်းသွားကြတယ်လို့ ယုံကြည်မှုတွေရှိနေကြတာ  ပါ။ ဒီယုံကြည်မှုအရ မီဇိုးလူမျိုးတွေဟာနှစ်စဉ်ရက်လည်၊ နှစ်လည် နာရေးအခမ်းအနားတွေကို ဒီရိ(ဒ်)ရေ  ကန်ကြီးမှာ လာရောက်ပြုလုပ်လေ့ရှိကြတယ်လို့ဆိုပါတယ်။ မီဇိုးလူမျိုးနွယ်စုတွေကြားမှာ ဒီလိုယု့ကြည်မှု   တွေဟာဒီနေ့ချိန်ထိရှိနေဆဲဖြစ်ပြီး မီဇိုးသီချင်းတွေ၊ ကဗျာတွေထဲမှာ “သေဆုံးတယ်”ဆိုတဲ့စကားအစား        “ရိ(ဒ်)ရေကန်ကိုသွားရသလား”၊ “ရိ(ဒ်)ရေကန်သွားဖို့ဘယ်သူခွင့်ပြုလိုက်သလဲ”စသည်ဖြင့်အလွမ်းတေးတွေ၊ ကဗျာတွေရေးဖွဲ့သီဆိုနေကြဆဲဖြစ်တယ်လို့”ရိ(ဒ်)ရေကန်အကြောင်း သိကောင်းစရာ”စာအုပ်ထဲမှာကျောင်းဆရာ ဦးဌားကာ ကဖော်ပြထားတာကိုလည်း ဖတ်ရှုရပါတယ်။

 


အဲဒီမှာရှိတဲ့ဒေသခံတချို့ကလည်း ဒီကန်ထဲမှာနဂါးတွေ ကိန်းဝပ်တယ်လို့ယုံကြည်နေကြပါတယ်။  ရိ(ဒ်)ရေကန်ရဲ့အရှေ့ဘက်ထိပ်ပေါ်မှာအစိုးရစစ်တပ်ရဲ့ကင်းစောင့်တပ်သားအချို့ရှိပြီး တစ်ခါတစ်ရံမှာ ရေကန်အတွင်း ၁၅ ပေလောက်အရှည်ရှိတဲ့ ရှည်မျောမျောသတ္တဝါနှစ်ကောင်ကို တွေ့ရတယ်လို့ဆိုပါတယ်။

 


ရိ(ဒ်)ရေကန်အနီးမှာဖွင့်ထားတဲ့ ရိ(ဒ်)ကန်သာ စားသောက်ဆိုင်မန်နေဂျာဦးဒိန်းငါက “ဟုတ်တယ်။   ရဲဘော်တွေခေါ်ပြလို့ ကျွန်တော်တို့သွားကြည့်ကြတယ်။ ၁၅ပေလောက်ရှည်တဲ့ဟာနှစ်ခု ရေထဲမှာသွားနေတာတွေ့တယ်။ သူတို့ကတော့နဂါးလို့ထင်နေကြတယ်။ ကျွန်တော်စဉ်းစားမိတာက ဒီကန်ထဲမှာနှစ်ချို့ငါးတွေလည်းရှိတော့ ငါးတွေအုပ်လိုက်တန်းစီပြီးသွားနေတာလည်းဖြစ်နိုင်တာပဲ”လို့သူ့အမြင်ကိုပြောပါတယ်။

 


ရိ(ဒ်)ရေကန်ကြီးအနီးမှာ ရိ(ဒ်)သာစားသောက်ဆိုင်ရှိပြီးညအိပ်ဖို့အတွက် နှစ်ခန်းတွဲဘန်ဂလိုလေးတွေရှိပါတယ်။ သစ်သားနဲ့ပြုလုပ်ထားပြီး ချစ်စရာကောင်းလှပါတယ်။ နှစ်ယောက်အိပ်ခန်းတခန်းကို တညကျပ်၁သောင်းပေးပြီ းဝင်ချိန်ကနေ၂၄ နာရီအထိနေခွင့်ပေးပါတယ်။ နိုင်ငံခြားသားတွေအတွက်ကတော့ နှစ်ယောက်အိပ်ခန်းတစ်ခန်းကို ကျပ်၂ သောင်းယူပါတယ်။

 


ဒေသခံတွေရဲ့ အယူအစွဲတွေနဲ့ ယှဉ်တွဲလို့ရှိနေတဲ့ ရိ(ဒ်)ရေကန်ကြီးဟာ ခရစ္စမတ်ကာလရဲ့နံနက်ခင်းဆိုရင်တော့ ၈ နာရီလောက်ထိသဲသဲကွဲကွဲမမြင်ရဘူး။ ကန်ရေပြင်အနီးသွားပြီးကပ်ကြည့်ရင်တောင်     ကန်ထဲကိုဝါဂွမ်းထုပ်ကြီးပုံထည့်ထားသလို မြူနှင်းတွေဖုံးနေတဲ့ကန်ကြီးထဲမှာ လှေငယ်လေးတွေနဲ့ငါးဖမ်း  နေတဲ့တံငါသည်အချို့ကတော့ရှိပါတယ်။ သူတို့လည်း ဒီကန်ကြီးကိုအမှီပြုပြီးတံငါလုပ်ငန်းနဲ့အသက်မွေး  ကြရတာလို့ဆိုပါတယ်။ ကန်ထဲမှာတော့ ငါးခုံးမ၊ ငါးမြွေတိုး၊ ရွှေဝါငါးကြင်းနဲ့ မြက်စားငါးကြင်းတွေရှိတယ်   လို့ဆိုပါတယ်။

 


နေ့လယ်ပိုင်းနဲ့ ညနေပိုင်းတွေဆိုရင် ရိ(ဒ်)ရေကန်အတွင်းမှာ စက်လှေနဲ့လှည့်ပတ်လေ့လာသူတွေ     ရေချိုးသူတွေနဲ့ ကန်ပေါင်ပေါ်မှာဆိုရင် ချစ်သူစုံတွဲတွေ၊ မိသားစုလိုက်အပန်းဖြေခရီးထွတ်လာသူတွေနဲ့    စည်းကားပါတယ်။ လာရောက်လည်ပတ်သူတွေ တစ်ရက်ကိုပျှမ်းမျှအယောက် ၂၀ဝ လောက်ရှိပြီး ၉၀ရာခိုင်နှုန်းကတော့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲက မီဇိုးလူမျိုးတွေဖြစ်ကြပါတယ်။ ဒီရေကန်ကိုလာ    ရောက်လည်ပတ်ဖို့ကလည်း မီဇိုးလူမျိုးတွေအတွက် အိမ်မက်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။

 


မီဖိုရမ်ကလာတဲ့ ကျောင်းသူကျောင်းသားတွေ၊ ချစ်သူစုံတွဲတွေ၊ မိသားစုတွေ၊ သူငယ်ချင်းအဖွဲ့     လိုက်တွေကားနဲ့တစ်မျိုး ဆိုင်ကယ်နဲ့တစ်ဖုံ အိန္ဒိယ-မြန်မာနယ်စပ်တီအို(TIAU)ချောင်းကိုဖြတ်ဖောက်ထားတဲ့    နယ်စပ်ချစ်ကြည်ရေးတံတားကနေရိ(ဒ်)ခေါဒါရ်မြို့လေးကတဆင့် လာရောက်လည်ပတ်ကြတာပါ။ ရိ(ဒ်)ရေကန်ကိုလာရောက်လည်ပတ်ကြတဲ့ မီဇိုးလူမျိုးတွေဟာနံနက်ခင်းစလို့ရေကန်အနောက်ဘက် မီဇိုရမ်တောင်းတန်းရဲ့နောက်နေလုံးကြီး ဝင်သွားချိန်အထိ ပြတ်တယ်ရယ်လို့မရှိပါဘူး။ တချို့ကတော့ မီဖိုရမ်တောင်တန်းကြီးပေါ်ကနေ ဝင်သွားတဲ့အရသာကို စောင့်ကြည့်နေကြပါတယ်။
ရိ(ဒ်)ရေကန်အကြောင်းကို မီဇိုရမ်ပြည်နယ်ရဲ့ကျောင်းစာသမိုင်းဘာသာရပ်မှ ာတောင်ပြဋ္ဌာန်းထားပြီး   အဲဒီအထဲမှာ”မီဇိုရမ်ပြည်နယ်မှာ မီဇိုးလူမျိုးတွေရဲ့ထင်ရှားလှတဲ့ အကြီးဆုံးရေကန်ကြီးတခုရှိပြီး အဲဒီရေကန်ဟာ လက်ရှိမြန်မာနိုင်ငံအတွင်းက ရိ(ဒ်)ရေကန်ဖြစ်တယ်”လို့ပါရှိကြောင်း ရေကန်ကို ကျောင်းသားတွေကိုလိုက်ပို့တဲ့ အလယ်တန်းပြ မီဇိုးကျောင်းဆရာမတစ်ဦးက ရှင်းပြပါတယ်။

 


မီဇိုးလူမျိုးတို့က သူတို့ရဲ့မိသားစု ဆွေမျိုးသားချင်းတွေနဲ့ဘိုးဘွားတွေသေဆုံးတဲ့အခါဝိညာဉ်တွေ    တကောက်ခိုးနားရာဖြစ်တယ်လို့ယုံကြည်ထားကြတဲ့အတွက် ဒီရိ(ဒ်)ရေကန်ကြီးကိုတန်ဖိုးထားကြသလို    အိမ်ပြန်တဲ့အခါမှာလည်း ရိ(ဒ်)ရေကန်ထဲကရေကိုရေညှိပင်လေးတွေနဲ့ရောပြီး ရေဘူး ဒါမှမဟုတ် ပုလင်း   နဲ့ထည့်ယူသယ်ဆောင်သွားကြပါတယ်။ အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ထဲမှာရှိတဲ့မီဇိုးလူမျိုးတွေနဲ့ မြန်မာနိုင်ငံ   ချင်းပြည်နယ်ထဲမှာရှိနေတဲ့မီဇိုးလူမျိုးတွေဟာ မျိုးနွယ်စုဝင်တခုတည်းဖြစ်ကြပြီး ဘာသာစကားလည်းတူ   ကြပါတယ်။ နှစ်နိုင်ငံနယ်နမိတ်ခွဲတဲ့အခါမှာ ကွဲသွားကြပေမယ့်ရိ(ဒ်)ရေကန်အပေါ်မှာထားတဲ့ယုံကြည်မှု    တွေကတော့အတူတူပဲဖြစ်တယ်လို့ဆိုကြပါတယ်။

 


မီဇိုရမ်ပြည်နယ်ထဲ မီဇိုးလူမျိုးတွေအတွက်ကတော့နီးစပ်မှု၊ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေမှု    တွေကြောင့် အပန်းဖြေခရီး၊ လေ့လာရေး၊ ပျော်ပွဲစားတွေအဖြစ်လာရောက်လည်ပတ်ကြလို့အဆင်ပြေ       ချော့မွေ့ပေမယ့် မြန်မာနိုင်ငံသားတွေသွားရောက်လည်ပတ်နိုင်ဖို့ကတော့အလှမ်းကွာနေဆဲဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲတာကြောင့်လာရောက်လည်ပတ်ဖို့ခက်ခဲနေတယ်လို့ဆိုကြပါ  တယ်။ နောက်တခုက မြန်မာနိုင်ငံသားတွေအနေနဲ့နယ်စပ် ရိခေါဒါရ်မြို့လေးနားကိုရောက်တာနဲ့ မြန်မာဖုန်းလိုင်းတွေမမိတော့ပါဘူး။ ဒေသခံတွေကတော့အိန္ဒယဖုန်းလိုင်းတွေကိုပဲသုံးကြပါတယ်။ ရိခေါဒါရ်မြို့လေးပေါ်က မြို့ခံတွေကလည်း အိန္ဒိယနိုင်ငံကလာတဲ့ဖုန်း၊ အင်တာနက်နဲ့ရုပ်သံလိုင်းတွေကို       သုံးစွဲကြသူအများစုပါ။ ငွေကတော့မြန်မာငွေရော ရူပီးရော နှစ်မျိုးလုံးသုံးလို့ရပါတယ်။ ပြည်တွင်းကနေ    သွားရောက်လည်ပတ်လိုသူတွေအတွက်တော့ ရိ(ဒ်)ရေကန်နဲ့ အနီးဆုံးမှာရှိတဲ့ ရိခေါဒါရ်မြို့လေးကိုလာဖို့   အတွက် အနီးဆုံးကတီးတိန်မြို့ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလမ်းကြောင်းကလည်းအခုချိန်ထိကတ္တရာလမ်း   မရှိဘဲ ကျောက်ခင်းလမ်းတွေပဲဖြစ်နေပြီး မတ်ဆောက်တဲ့တောင်ကမ်းပါးယံတွေကိုဖြတ်ဖောက်ထားတဲ့   တောင်ပေါ်လမ်းကကြမ်းလွန်းတာကြောင့် ခရီးသည်တွေမှာနို့ဆီခွက်ထဲခဲထည့်ပေါက်ခံရတဲ့အဖြစ်မျိုးပါ။

 


သာယာလှပတဲ့ချင်းတောင်တန်းကြီးတွေပေါ်မှာအကျဉ်းတန်တဲ့အရာကိုပြပါဆိုရင် အဲဒီလမ်းကို   အရင်ဆုံးပြေးမြင်မိကြပါလိမ့်မယ်။ မိုးရာသီဆို ဗွက်နစ်နေလို့လမ်းပိတ်တာ၊ နွေနဲ့ ဆောင်းမှာဆို ဖုန်တလုံးလုံးနဲ့ကြုံရတဲ့ဒဏ်တွေကို ဒေသခံခရီးသွားတွေ အခံရဆုံးဖြစ်မှာပါ။

 


ချင်းတောင်တန်းကြီးတွေပေါ်က လမ်းတွေဘယ်လိုဘဲကြမ်းတမ်းအကျဉ်းတန်နေပေမယ့် စိမ်းညို့  ညို့ချင်းတောင်တန်းကြီးတွေ၊ ဒဏ္ဍာရီဆန်တဲ့ဇာတ်လမ်းတွေ၊ ယုံကြည်စွဲလမ်းမှု ကငွေ့အသက်တွေ  ရှိနေဆဲဖြစ်တဲ့ ချင်းပြည်နယ်ရဲ့ အသည်းနှလုံးရိ(ဒ်)ရေကန်ကြီးကတော့ အလှမပျက်အစဉ်တည်ရှိနေအုံးမှာ ပါ။

 

ဆလိုင်းနိုင်းခွီရှိန်း (မိုပိုင်းလွတ်)