နှလုံးစိတ်ဝမ်းအေးချမ်းဖို့ ဝိုင်းဝန်းကြိုးပမ်းစို့

၁၄ ဇွန်

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံNHK သတင်းဌာနမှ သတင်းထောက်က သီးသန့်တွေ့ဆုံမေးမြန်းခန်း၌ ရခိုင်ပြည်နယ်အရေးနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံအပေါ် စွပ်စွဲဝေဖန်မှုများနှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဖြေကြားခဲ့မှုများကိုရှင်းရှင်းလင်းလင်း ကြားသိခဲ့ရပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ဒီပြဿနာဟာ ကာလရှည်ကြာဖြစ်တည်လာတဲ့ ပြဿနာဆိုတာပါ။ အရင်ရာစုနှစ် နှစ်ခုလောက်ကတည်းက ဖြစ်တည်လာတဲ့ ပြဿနာဆိုတာကို လူတွေ မေ့လျော့နေကြပါတယ်။ ဒါဟာ မနေ့ကမှ ဖြစ်ခဲ့တဲ့အရာမဟုတ်ဘူး။ ဒီလောက် ကာလရှည်ကြာဖြစ်တည်လာတဲ့ ပြဿနာကို လအနည်းငယ်အတွင်းမှာ ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ ကျွန်မတို့အစိုးရအဖွဲ့ နိုင်ငံတော်တာဝန် ရယူခဲ့တာ ကလည်း နှစ်နှစ်လောက်ပဲ ရှိသေးတာပါ။ ဒီလောက်ကြီးကျယ်လှတဲ့ ပြဿနာကိုနေ့ချင်းညချင်း ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံပြင်ပက မဆိုစလောက် လူအချို့နဲ့ မြန်မာနိုင်ငံအတွင်းက မဆိုစလောက် လူအချို့ကပဲဒီပြဿနာဟာ သမိုင်းချီပြီး ရှုပ်ထွေးလှတဲ့ပြဿနာလို့ သိရှိကြတာပါ။ဒါကြောင့် ကျွန်မတို့နိုင်ငံမှာ ဘာတွေဖြစ်နေလဲ၊ ဘာကြောင့် ကျွန်မတို့ဒီလိုမျိုး ကိုင်တွယ်ဆောင်ရွက်နေရတာလဲဆိုတာကို ပြည်ပက လူများသာမက ပြည်တွင်းမှာ နေထိုင်သူတွေကလည်း ကောင်းစွာ သိရှိသင့်တယ်။ကျွန်မတို့ပြည်သူတွေ ရေရေရာရာ သိရှိသင့်တယ်ဆိုတာ အရေးအကြီးဆုံးအချက်ပါ။ ဘာကြောင့်လဲဆိုတော့ ရေရှည်မှာ ကျွန်မတို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေး တိုးတက်ကောင်းမွန်မှုတို့ကို ကျွန်မတို့ကိုယ်တိုင်ကပဲ ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်လို့ပါပဲ”ဟု ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ဖြစ်ပေါ်နေသော အရေးကိစ္စအပေါ်မှန်ကန်သည့် ရှုမြင်ရပ်တည်ချက်ပင် ဖြစ်သည်။ ယနေ့ဖြစ်ပေါ်နေသောပြဿနာကို ဘက်ပေါင်းစုံမှ ရှုမြင်ပြီး မှန်မှန်ကန်ကန် စဉ်းစားတွေးခေါ်ခြင်း မရှိဘဲ မျက်မှောက်ကာလ လူအများစုတို့က ထင်ရာမြင်ရာ ဇွတ်အတင်းပြောဆိုဝေဖန်နေကြသည်ကို တွေ့ရ သည်။ အထူးသဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အလျင်စလိုတောင်းဆိုမှုများ၊ ဝေဖန်စွပ်စွဲတောင်းဆိုမှု များ မကြာမကြာ ပြုလုပ်နေသည်ကို တွေ့ရသည်။

အမှန်တကယ်တွင် ဖြစ်စဉ်အမှန်နှင့် နောက်ခံသမိုင်းကြောင်းတို့ကို ဂဃနဏသိရှိထားပြီးမှ ဝေဖန် သုံးသပ် ဆုံးဖြတ်သင့်သည်။ ပြဿနာများကိုဖြေရှင်းနိုင်ရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် ရှာဖွေဖော်ထုတ် သင့်သည်။ ပစ္စုပ္ပန်အခြေအနေတွင် ဖြစ်ပွားပြီးခဲ့သော မနှစ်မြို့ဖွယ်အနေအထားများကို နှစ်သက်ဖွယ် အနေအထားများဖြင့် ပိုမိုကောင်းမွန်သော အနာဂတ်ကိုဆောင်ကြဉ်းသင့်သည်။ ထိုသို့ ဆောင်ကြဉ်းနိုင်ရန် အတွက် နိုင်ငံတော်အစိုးရအနေဖြင့် အခြေအနေကောင်းများကို စိတ်ရင်းစေတနာကောင်းများဖြင့် ဖန်တီးပေးနေ သည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)လုပ်ငန်းများ အောင်မြင်စေရေးအတွက် အားတက်သရော လုပ်ကိုင် ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ အပြစ်မြင်ဝေဖန်သုံးသပ်၊ အပြစ်တင် စွပ်စွဲပြောကြားနေကြမည့်အစား ဘာသာလူမျိုး မခွဲခြားဘဲ လူသားများအကျိုးကို သယ်ပိုး ဆောင်ရွက်နေသော မွန်မြတ်သည့်လုပ်ငန်းများတွင် တစ်တပ်တစ်အား လက်တွဲပူးပေါင်းပါဝင်စေချင်သည်။

လွတ်လပ်ရေးခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် တရားမျှတပြီး လွတ်လပ်သည့်နိုင်ငံ၊ လူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှအာမခံမည့်ဖြူစင်သည့် ဝါဒကျင့်သုံးသည့်နိုင်ငံ အမှန်တကယ်ဖြစ်စေဖို့ စုပေါင်း အင်အားဖြင့် လက်တွဲလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်းက အာရုံစိုက်နေသည့် ရခိုင်ပြည်နယ်အရေးသာမက နိုင်ငံတစ်ဝန်းလုံးမှာရှိသည့် ပြည်သူများအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေဖို့ ဝိုင်းဝန်းကြိုးစားကြဖို့ တိုက်တွန်းချင်ပါသည်။ ။