နိုင်ငံ့ဝန်ထမ်း အကြီးအမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်း အခမ်းအနား ကျင်းပ

နေပြည်တော် ဩဂုတ် ၁၂

နိုင်ငံ့ဝန်ထမ်း အကြီးအမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို ဩဂုတ် ၁၂ ရက် နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်း အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက “ယခုသင်တန်းသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန် ချက်နှင့်အညီ ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် နိုင်ငံ့ဝန်ထမ်း အကြီးအမှူး များအား ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း တက်ရောက်ပြီးစီးကြောင်း အသိအမှတ်ပြု လက်မှတ် ပေးအပ်နိုင်စေရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ဘာသာရပ်၊ အပြည်ပြည်ဆိုင်ရာနှင့် အာဆီယံဥပဒေ ဘာသာရပ်၊ စီးပွားရေးစာချုပ် စာတမ်းများ စိစစ်ခြင်း ဘာသာရပ်၊ အထွေထွေ ဥပဒေအကြံပေးရေး ဘာသာရပ်၊  ပြစ်မှုဆိုင်ရာနှင့် အထူးဥပဒေများ လက်တွေ့အသုံးချမှု ဘာသာရပ်နှင့် တရားမဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချ ပေးခဲ့ပြီး သင်ကြားပို့ချခဲ့သည့် ဘာသာရပ် များသည် သင်တန်းသားများနှင့် ဌာနအတွက် လက်တွေ့ အသုံးဝင်သည့် ဘာသာရပ်များ ဖြစ်ကြောင်း၊ ပို့ချသူများ သည်လည်း ဥပဒေရေးရာ နယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ များစွာရှိသည့် လက်ရှိ နိုင်ငံ့တာဝန် ထမ်းဆောင်လျက်ရှိကြသော ဥပဒေပညာရှင်များ၊  ဥပဒေချုပ်များနှင့်  လက်တွေ့လုပ်ငန်း ဆောင်ရွက်နေကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊  ညွှန်ကြားရေးမှူးချုပ် အငြိမ်းစားများ ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းအညွှန်းကိန်းဖြစ်သည့် ဥပဒေပညာများ ပြန့်ပွားစေရန် အလယ်အလတ်အဆင့် အရာရှိများ သင်တန်း၊ ရုံးတွင်းသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ ဥပဒေစာအုပ်များ ထုတ်ဝေခြင်းများကိုလည်း စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းသားများ၏ သင်တန်းအပေါ် ထင်မြင်အကြံပြုချက် များအရ ယခုသင်တန်းသည် သင်တန်းသားများအတွက် ဥပဒေအသိပညာ များစွာရရှိကြောင်း သိရှိရ၍ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း၊ ယခုသင်တန်းကိုလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီထံသို့ အစီရင်ခံစာ ပေးပို့တင်ပြသွားမည် ဖြစ်ကြောင်း” ပြောကြားသည်။

သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ သင်တန်းဆရာများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်