နိုင်ငံ့ဝင်ငွေကို ရှာဖွေပေးသည့် မီးခိုးတိတ်စီးပွားရေးဖြစ်သော ခရီးသွားကဏ္ဍမြှင့်တင်ရန်အတွက် ဘတ်ဂျက်လိုအပ်နေ

နိုင်ငံ့ဝင်ငွေကို ရှာဖွေပေးသည့် မီးခိုးတိတ်စီးပွားရေးဖြစ်သော ခရီးသွားကဏ္ဍမြှင့်တင်ရန် အတွက် ဘတ်ဂျက်လိုအပ်နေကြောင်း  ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သူ၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ပြောသည်။

 

"ကျွန်မတို့ ခရီးသွားကဏ္ဍသည် နိုင်ငံရဲ့ဝင်ငွေကို တကယ့်မီးခိုးတိတ် စီးပွားရေးအဖြစ် ရှာဖွေပေးနေတဲ့ Industry ကြီးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီ Tourism Promotion ကဏ္ဍတွေကို လုပ်ဆောင်ဖို့ အတွက်လည်း ဘတ်ဂျက်တွေအများကြီး လိုအပ်ပါတယ်၊ ဒါက ကျွန်မတို့ လွှတ်တော်တွေ ဘက်ကနေပြီးတော့ Tourism Promotion အတွက် အသုံးပြုမယ့်ဘတ်ဂျက်တွေကို ကဏ္ဍအလိုက် စနစ်တကျအသုံးချမယ့် ဝန်ကြီးဌာနဘက်ကလည်း ဘယ်ကဏ္ဍမှာ ဘယ်လောက်သုံးရင် ဘယ်လောက်ထိရောက်မှုရှိပါတယ်ဆိုတဲ့ ကောင်းမွန်တဲ့ Proposal တွေနဲ့ တင်ပြပြီးတော့ လွှတ်တော်ဘက်ကလည်း အတည်ပြုခဲ့မယ်ဆိုရင် ကျွန်မတို့ ခရီးသွားကဏ္ဍမှာ တိုးတက်လာမယ်လို့ မျှော်မှန်းပါတယ်၊ အခုလောလောဆယ်ကတော့ Tourism Promotion အတွက် ဘတ်ဂျက်ချထားပေးမှုက အင်မတန်မှ နည်းပါတယ်"ဟု  နော်ပန်းသဉ္ဇာမျိုး က ပြောသည်။

 

လက်ရှိ ခရီးသွားကဏ္ဍမှ နိုင်ငံ့ဝင်ငွေကို ရှာဖွေပေးနေသကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သော်လည်း ခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက် ဈေးကွက်ရှာဖွေရာတွင် အသုံးပြုသည့် ငွေကြေးပမာဏသည် အလွန်နည်းပါးကြောင်း ၎င်းက ဆက်ပြောသည်။

 

"ကျွန်မတို့ ခရီးသွားကဏ္ဍမှာ ဆိုလို့ရှိရင် နိုင်ငံခြားဧည့်သည်က တစ်နှစ်ကို တစ်သန်းကျော်ကျော် လာတယ်၊ ၁ ဒသမ ၂ သန်း/ ၁ ဒသမ ၃ သန်းခန့် လာတယ်၊ ခရီးသည်တစ်ယောက်ကို ဒေါ်လာ ၁၀ဝ၀ ဘဲသုံးအုံး၊ ကျွန်မတို့ ခရီးသွားကဏ္ဍက Industry က ၁ ဒသမ ၃ ဘီလီယံလောက် ရှာပေးတယ်၊ နိုင်ငံအတွက်ကို ဒါ Income ရှာပေးတယ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ဖန်တီးပေးလိုက်တယ်၊ ကားဆရာကအစ လမ်းဘေးဈေးဆိုင်ကအစ ဒါ သူသုံးသွားတဲ့ ဟိုတယ် တည်းခိုခန်းတွေကအစ အကုန်လုံး သူဖြန့်ပြီးတော့ သုံးသွားမယ်ဆိုရင် Income တွေရှိပေမယ့် ၁ ဒသမ ၃ ဘီလီယံလောက်ရတဲ့ Income ရဲ့ ဘယ်လောက် Amount ဘဲ ကျွန်မတို့ Tourism Promotion အတွက် ပြန်သုံးလည်းဆိုတဲ့နေရာမှာ ကျွန်မတို့က တစ်ရာခိုင်နှုန်း(1 %)တောင် မရှိတဲ့ ငွေ Amount တစ်ခုဘဲ Promotion အတွက် ပြန်သုံးရတာဖြစ်နေတယ်"ဟု  နော်ပန်းသဉ္ဇာမျိုး က ပြောသည်။

 

လက်ရှိ ခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက်

 

ဝန်ဆောင်မှုအပိုင်းနှင့်ပတ်သက်၍ ပထမဦးစားပေး လုပ်ဆောင်ရန် ညီနောင်ဆယ့်တစ်သင်းနှင့် ပူးပေါင်းကာ ဟိုတယ်၊ တည်းခိုခန်းနှင့် စားသောက်ဆိုင်များကို အဆင့်(Rating) သတ်မှတ်ရန် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

 

"ကျွန်မတို့နိုင်ငံမှာဆိုရင် ဒါ ပညာရှင်တွေ ပြောတာပေါ့နော်၊ အဲဒါက သူများနိုင်ငံဆို တစ်ကြိမ်နှစ်ကြိမ် လည်ပြီးသွားလို့ရှိရင် လည်စရာကုန်တယ်၊ ကျွန်မတို့မြန်မာနိုင်ငံက ခြောက်ကြိမ် ခုနှစ်ကြိမ်လောက်လည်မှ လည်စရာကုန်တယ်၊ တစ်ကြိမ်လာပြီး စိတ်ပျက်ပြီးတော့ နောက်တစ်ကြိမ် မလာတော့တဲ့ ဧည့်သည်မဖြစ်အောင် တစ်ခါလာပြီးရင် နောက် လေးငါးခြောက်ကြိမ် လာလည်ချင်စိတ်ရှိအောင် ဝန်ဆောင်မှုက ပထမဘဲ ဖြစ်ရမှာ ဖြစ်ပါတယ်၊ အဲဒါကြောင့် ကျွန်မတို့က တည်းခိုခန်းတွေ ဟိုတယ်တွေဆိုရင်လည်းဘဲ အစစအရာရာ သန့်ရှင်းမှု နောက်ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းတွေကအစ တကယ်ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေဖြစ်ဖို့ လိုပါတယ်၊ Food Safety တွေကအစ သန့်ရှင်းလတ်ဆက်မှု ရှိဖို့အတွက် စားသောက်ဆိုင်တွေကို Rating ပေးဖို့ ဒီ ဟိုတယ် တည်းခိုခန်းတွေကိုလည်း Rating ပေးဖို့ ညီနောင် ဆယ့်တစ်သင်းကနေပြီးတော့ ဦးဆောင်ပြီးတော့ ပြင်ဆင်နေပြီဖြစ်ပါတယ်"ဟု  နော်ပန်းသဉ္ဇာမျိုး က ထပ်မံ ပြောကြားသည်။

 

လက်ရှိ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ခရီးသွားများထဲတွင် တရုတ်နိုင်ငံက အများဆုံး ဝင်ရောက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးသို့  ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ ခရီးသည် ၆၄၀ဝ၀ဝ ကျော် ဝင်ရောက်ခဲ့ကာ ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ ကာလတူတွင် ခရီးသည် ၇၄၀ဝ၀ဝ ကျော် တိုးမြှင့်ဝင်ရောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း က ပြောသည်။

 

ယခင်က ဟိုတယ်နှင့် ခရီးသွားကဏ္ဍကို ပြည်ထောင်စုအဆင့်မှ တိုက်ရိုက်ကိုင်တွယ် ဆောင်ရွက်သော်လည်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ခရီးသွားဥပဒေကို ပြဌာန်းပြီးနောက် လုပ်ပိုင်ခွင့်အာဏာကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ခွဲဝေပေးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သူ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောသည်။

 

အဆိုပါ ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီတွင်  ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဒုဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြစ်သော ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယာဉ်ကျေးမှုဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့မှ အဖွဲ့ဝင်များအဖြစ် ပါဝင်ကြောင်း၊ ထို့ပြင် အရပ်ဘက်အဖွဲ့အစည်းများဖြစ်သော မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းအပါအဝင် သက်ဆိုင်ရာကဏ္ဍအလိုက် တတ်သိပညာရှင် များလည်း အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းထားကြောင်း သိရသည်။

 

Nyein Nyein