နိုင်ငံတကာသို့ သွားရောက်ပညာသင်ကြားလိုသူများအတွက် အခမဲ့ အကြံပြုဆွေးနွေး ကူညီပေးမည်

မန္တလေး ၂ ဖေဖော်ဝါရီ

 

နိုင်ငံတကာသို့ သွားရောက်ပညာသင်ကြားလိုသော ကျောင်းသား၊ ကျောင်းသူများအတွက် တက်ရောက်သင့်သော သင်တန်းများ၊ ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်နှင့်ပတ်သတ်၍ မှန်ကန်သောရွေးချယ်မှု ပြုလုပ်နိုင်ရန် Bridge Blue Myanmar နိုင်ငံတကာ ပညာရေးဝန်ဆောင်မှုလုပ်ငန်းမှ အခမဲ့ အကြံပြုဆွေးနွေး ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပညာရေးဝန်ဆောင်မှုလုပ်ငန်းမှ ၂၀၁၇ ခုနှစ်အတွင်း မန္တလေးမြို့သို့ လာရောက်၍ နိုင်ငံတကာသို့ သွားရောက်ပညာသင်ကြားလိုသူများအတွက် အကြံဉာဏ်များ မျှဝေခြင်း၊ သတင်းအချက်အလက်များ ပေးခြင်းဆိုင်ရာ ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ရာ စိတ်ဝင်စားမှုမြင့်မားသည်ကို တွေ့ရှိခဲ့ရသည့်အတွက် ယခုလို မန္တလေးမြို့တွင် ရုံးခွဲဖွင့်လှစ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း Bridge Blue ပညာရေးဝန်ဆောင်မှုလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးအောင်ကျော်မှ ပြောကြားသည်။

 

“မြန်မာကျောင်းသား၊ ကျောင်းသူတွေအတွက် နိုင်ငံတကာမှာ ရွေးချယ်စရာ ကျောင်းတွေ အများကြီးရှိတယ်။ စိတ်ကြိုက်ရွေးချယ်ပြီး သွားတက်လို့ရပါတယ်။ ကျွန်တော်တို့လုပ်ပေးတာက သူတို့ရဲ့ ပညာရေးအခြေအနေကိုကြည့်ပြီး ဘယ်နိုင်ငံသွားချင်လည်း ရွေးချယ်ခိုင်းတယ်။ ပြီးရင် အဲ့ဒီနိုင်ငံရဲ့ မြို့ကြီးနဲ့ မြို့ငယ် ဘယ်ကျောင်းမှာတက်ချင်လည်း၊ မြို့ကြီးမှာရှိတဲ့ကျောင်းမှာ တက်ရင် အချိန်ပိုင်းအလုပ်လုပ်လို့ရမယ်။ ဒါပေမယ့် နေထိုင်စားသောက်စရိတ်ကြီးမြင့်တယ်။ မြို့ငယ်ကျောင်းမှာဆို အလုပ်လုပ်လို့မရပေမယ့် နေထိုင်စားသောက်စရိတ်တော့ သက်သာမယ်။ ဒါတွေကို အကြံပေးတဲ့အပြင် သိပ်တော်တဲ့ကလေးတွေအတွက် စကောလားရှစ် ဘယ်လိုလျှောက်ရမလဲဆိုတာကို အဓိက ဦးစားပေးဆောင်ရွက်ပေးပါတယ်”ဟု ၎င်းက ပြောသည်။

 

လက်ရှိအချိန်တွင် အဆိုပါဝန်ဆောင်မှုလုပ်ငန်းမှ သြစတြေးလျ၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့ရှိ ကျောင်းများသို့ အဓိကပို့ဆောင်ပေးနေပြီး နောက်ပိုင်းတွင် စင်ကာပူနှင့် ဗြိတိန်နိုင်ငံများသို့လည်း တိုးချဲ့ပို့ ဆောင်ပေးရန် ရည်မှန်းထားကြောင်း သိရသည်။

 

Bridge Blue Myanmar နိုင်ငံတကာ ပညာရေးဝန်ဆောင်မှုလုပ်ငန်းသည် သြစတြေးလျနိုင်ငံ Sydney မြို့တွင် ဖွင့်လှစ်ထားသည့် Bridge Blue Global ၏ တရားဝင်ရုံးခွဲတစ်ခုဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် နိုင်ငံတကာသို့ သွားရောက်ပညာသင်ယူလိုသူများအတွက် သတင်းအချက်အလက်ပေးခြင်း၊ ကျောင်းဝင်ခွင့်နှင့် စကောလားရှစ်လျှောက်ထားခြင်းတို့ကို အခမဲ့ကူညီဆောင်ရွက်ပေးရန် ဖွင့်လှစ်ထားပြီး မန္တလေးမြို့တွင် မဟာအောင်မြေမြို့နယ် ၃၉ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားရှိ Business Center ဒုတိယထပ်တွင် ရုံးခွဲဖွင့်လှစ်ထားရှိကြောင်း သိရသည်။

 
မင်းထက်အောင် (မန်းကိုယ်ပွား)