နေပြည်တော် မတ် ၂၅
မြန်မာနိုင်ငံစာရင်းကောင်စီမှကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း ကျောင်း၊ နေပြည်တော်တွင်ဖွင့်လှစ်သည့် နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းစံများ ဒီပလိုမာသင်တန်း အမှတ်စဉ် (၁)၊ အပိုင်း(၃) (Diploma in IFRS ၊ Batch-I ၊ Level-III) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက မြန်မာနိုင်ငံ စာရင်းကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရာတွင်လည်းကောင်း၊ အများပြည်သူ အကျိုးစီးပွား နှင့်သက်ဆိုင်သည့် လုပ်ငန်းအဖွဲ့အစည်းများ (Public Interest Entities) နှင့် နိုင်ငံပိုင်ကဏ္ဍ အဖွဲ့အစည်းများရှိ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ ဘဏ္ဍာရေးအစီရင်ခံခြင်းများကို နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်း စံများနှင့်အညီ လိုက်နာရေးဆွဲထုတ်ပြန်ရာ၌လည်းကောင်း၊ စာရင်းစံဆိုင်ရာ အသိပညာဗဟုသုတများ သိရှိနားလည်၍ စာရင်းပညာပြန့် ပွား စေရန်နှင့်စာရင်းပညာတတ်ကျွမ်းသူ နိုင်ငံ့ဝန်ထမ်းများ တိုးပွားများပြားလာစေရန် ရည်ရွယ်၍ ဤသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် လေ့လာသင်ယူ ခဲ့ရသည့် သင်ခန်းစာများကို လက်တွေ့ တွင် ပြန်လည်အသုံးချခြင်းဖြင့် စာရင်းကိုင်စနစ် ပိုမိုတိုးတက်ကောင်းမွန်ရန် ထိရောက်စွာ ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ IFRS စာရင်းစံများ နှင့်အညီဘဏ္ဍာရေးရှင်းတမ်းများကို ဆီလျော်မှန်ကန်သော စာရင်းများ ဖြစ်အောင် ပြုစုရေးဆွဲ၍ အကြံပြုချက်များပေးရာတွင်လည်းကောင်း၊ စာရင်းစံများနှင့်အညီဖြစ်စေရေး စိစစ်ကြီးကြပ် စစ်ဆေးကြရာတွင်လည်းကောင်း ပိုမိုကောင်းမွန်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့်ပွင့်လင်း မြင်သာမှုများရှိသည့် ဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာမူဘောင်များကို လိုက်နာကျင့်သုံးလာနိုင်မှာဖြစ်ပါကြောင်း၊ ထို့ပြင် စွမ်းဆောင်ရည် ပိုမိုပြည့်ဝတိုးတက် လာနိုင်ခြင်း၊ ကောင်းမွန်သည့်ဘဏ္ဍာရေးစီမံခန့်ခွဲမှုဖြစ် ပေါ်စေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကိုလည်း ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။
IFRS သင်တန်းတွင် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံ (၁၂) ခုကို ပို့ချမည်ဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ (၁၁) ဦး၊ ဝန်ကြီးဌာန(၁၃) ခုမှ (၃၂) ဦးစုစုပေါင်း သင်တန်းသား (၄၃)ဦး တက်ရောက်မည်ဖြစ်ပြီး IFRS သင်တန်းကို ယနေ့မှစ၍ ဇူလိုင် ၁၅ ရက်အထိ သင်တန်းကာလ (၃) လကျော်ကြာဖွင့်လှစ်သွားမည်ဖြစ်သည်။ Level (III)အထိ တက်ရောက်အောင်မြင်သူများ ကို ဒီပလိုမာလက်မှတ် (Diploma in IFRS) ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဒုတိယဥက္ကဋ္ဌ (၁)ဒေါ်နိုင်သက်ဦး၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကနှင့် သင်တန်းသားများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမတွင် လည်းကောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၂)ဦးဝမ်းတင်နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံစာ ရင်းကောင်စီရုံးမှ တာဝန်ရှိသူများက Online ဖြင့်လည်းကောင်း တက်ရောက်ကြသည်။
(သတင်းစဉ်)