နေပြည်တော် မတ် ၄

 

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ စာဆိုဗိမာန် အဆောက်အအုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ဗိုလ်မင်းခေါင်လမ်းရှိ အဆိုပါအဆောက်အအုံ၌ ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး တက်ရောက်သည်။

 

တက်ရောက်

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး၊ အနုပညာနယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးမောင်မောင်အုန်း၊ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က စာဆိုဗိမာန် RC သုံးထပ် အဆောက်အအုံကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့က စာဆိုဗိမာန်အဆောက်အအုံ ကမ္ပည်းမော်ကွန်း ကျောက်တိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြပြီး ဂုဏ်ပြုအထိမ်းအမှတ် ကံ့ကော်ပင်ကို စိုက်ပျိုးပေးကြကာ စာဆိုဗိမာန် အဆောက်အအုံ ကမ္ပည်းမော်ကွန်း ကြေးပြားအား နံ့သာရည်များ ပက်ဖျန်းပေးကြသည်။

 

ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အဆောက်အအုံအတွင်း ပြသထားသည့် စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင် အနုသုခုမ လက်ရာများနှင့် မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

 

ဆက်လက်၍ စာဆိုဗိမာန် အဆောက်အအုံ ဒုတိယထပ်ရှိ Theatre ခန်းမ၌ စာဆိုဗိမာန် တည်ဆောက်ခဲ့မှု မှတ်တမ်း Video Clip ကို ပြသသည်။

 

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်က စာဆိုဗိမာန်အဆောက် အအုံသစ် ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားရာတွင် ယနေ့တွင် စာပေနှင့် အနုပညာရှင်များအတွက် စာဆိုဗိမာန်ကြီးကို ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းသည် နိုင်ငံနှင့်လူမျိုးအတွက် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်ဝစေပါကြောင်း၊ မိမိတို့နိုင်ငံသည် သရေခေတ္တရာ၊ ပျူယဉ်ကျေးမှုမှစ၍ ခေတ်အဆက်ဆက်တိုင် စာပေနှင့် ယဉ်ကျေးမှုထွန်းကား ပြန့်ပွားရာ ဘူမိနက်သန်တစ်ခု ဖြစ်ခဲ့ကြောင်း၊ စာပေသည် နိုင်ငံ့ယဉ်ကျေးမှု၏ မျက်နှာစာဖြစ်ပြီး စာပေကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံသူနိုင်ငံသားများ၏ နှလုံးရည်နှင့် ဉာဏ်ရည်များ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အတွက် လူငယ်၊ လူရွယ်များ အသိဉာဏ် ပြည့်ဝစေရန်နှင့် တိုင်းချစ်ပြည်ချစ် စိတ်ဓာတ် ထက်သန်စေရန် စာပေနှင့် ထိန်းကျောင်းလေ့ကျင့်ပေးကြရမည်ဖြစ်ကြောင်း။

 

ထို့ပြင် မိမိတို့နိုင်ငံ၏ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ရိုးရာအမွေအနှစ်များနှင့် အတွေးအမြင်များကို ရေးသားမှတ်တမ်းပြုကြသည့် ရဟန်းစာဆို၊ လူပညာရှိတို့၏ ကျေးဇူးတရားကိုလည်း ချန်လှပ်ထား၍ မရနိုင်ပါကြောင်း၊ ထို့ကြောင့် ယနေ့ဖွင့်လှစ်သည့် စာဆိုဗိမာန် အဆောက်အအုံတွင် ၎င်းတို့၏ ဂုဏ်ကျေးဇူးကို တန်ဖိုးထား အသိအမှတ်ပြုသည့် အနေဖြင့်သာမက မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်း မျှဝေနိုင်စေရန် စာပေနှင့်အနုပညာများ စုစည်းထားရှိရာ နေရာတစ်ခုအဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည့်အပြင် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့် မြန်မာမှုနယ်ပယ်မှ အနုပညာရှင်များအတွက်ပါ ဂုဏ်ပြုဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖွင့်လှစ်နိုင်ရန် နိုင်ငံတော် အကြီးအကဲကိုယ်တိုင် တက်ရောက်ခဲ့၍ ရတနာပန္နက်တော် စိုက်ထူပေးခဲ့ပြီး ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သည့် မိတ်ဆွေအိန္ဒိယနိုင်ငံ အစိုးရကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း။

 

နိုင်ငံတော် အစိုးရအနေဖြင့် စာပေပညာရှင်ကြီးများ၊ စာဆိုတော်ကြီးများ၏ စာပေဂုဏ်ကျေးဇူးကို လေးမြတ်ဂုဏ်ပြုသည့် အနေဖြင့် စာပေဆုအမျိုးအစားများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်း ခေတ်ကာလနှင့်လျော်ညီစွာ ထိုက်ထိုက်တန်တန် တိုးမြှင့်ချီးမြှင့်ပေးလျက်ရှိကြောင်း။

 

ယနေ့ဖွင့်လှစ်သည့် စာဆိုဗိမာန်ကြီးတွင် ခေတ်အဆက်ဆက် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်လာခဲ့သည့် အထောက်အထားများ၊ နိုင်ငံတော်မှ ချီးမြှင့်ခဲ့သည့် စာပေဆုအမျိုးအစားများနှင့် ဆုတံဆိပ်များ၊ ဆုရစာအုပ်များ၊ စာပေပညာ ရှင်ကြီးများ၏ မှတ်တမ်းများ၊ အနု ပညာနယ်ပယ်များအလိုက် ပြခန်း၊ ပြကွက်များ၊ စာပေဟောပြောပွဲများနှင့် နှီးနှောဖလှယ်ပွဲများ ကျင်းပနိုင်မည့် (Mini Theatre) ခန်းမငယ်တို့ ထည့်သွင်းထားသည့်အတွက် စာပေအနုပညာလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် မြန်မာမှုအနုသုခုမလက်ရာများ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း ဆောင်ရွက်နေကြသည့် ရဟန်း ကဝိ၊ လူပညာရှိနှင့် အနုပညာရှင်များအနေဖြင့် သက်ဆိုင်ရာအခန်း ကဏ္ဍများအလိုက် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို အနုသုခုမ လက်ရာများဖြင့် ဆက်လက် အကျိုးပြုပေးကြစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ စာဆိုဗိမာန် အဆောက်အအုံ တည်ဆောက်နိုင်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ဝမ်းမြောက် ဂုဏ်ပြုအမှာစကား Video Clip ကိုပြသပြီး အိန္ဒိယနိုင်ငံ သံအမတ်ကြီးက အဆောက်အအုံ တည်ဆောက်ရာတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ရခြင်းအတွက် ဂုဏ်ပြုစကားပြောကြားသည်။

 

ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဆောက်အအုံ ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်ကို နေရာအရောက်ပေးအပ်သည်။

 

ထို့နောက် အဆောက်အအုံဖွင့်ပွဲ အခမ်းအနားအထိမ်းအမှတ်  ဂုဏ်ပြုလက်ဆောင်ကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အိန္ဒိယနိုင်ငံ သံအမတ်ကြီးအား လည်းကောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံ အိန္ဒိယနိုင်ငံ သံအမတ်ကြီးကလည်းကောင်း အသီးသီးပေးအပ်ကြသည်။

 

ယင်းနောက် အမျိုးသားစာပေ တစ်သက်တာဆုရ ဆရာကြီး ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က စာဆိုဗိမာန်အဆောက်အအုံ ဖွင့်လှစ်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြောကြားသည်။

 

ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် အိန္ဒိယနိုင်ငံမှ ယဉ်ကျေးမှုအဖွဲ့နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနတို့မှ အကအဖွဲ့တို့၏ ဂုဏ်ပြုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြကာ စာပေဗိမာန် ပြည်သူ့စာကြည့်တိုက် ပြောင်းရွှေ့ဖွင့်လှစ် ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်