နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တရားလွှတ်တော်ချုပ် တရားသူကြီးများအား တွေ့ဆုံ အမှာစကားပြောကြား

နေပြည်တော် ၁၁  ဧပြီ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး နှင့် တရားလွှတ်တော်ချုပ်တရားသူကြီးများအား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာစေရေးအတွက် မည်သို့ကြပ်မတ်သွားမည်ကို စဉ်းစားဆောင်ရွက်သွားစေလိုပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်များအထိ အဆင့်ဆင့်တာဝန်ယူမှု တာဝန်ခံမှု စနစ်များဖြင့် ဆင့်ကဲဆင့်ကဲ ကြပ်မတ်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ဘဏ္ဍာကို ဆုံးရှုံးစေသည့် သက်သေခံပစ္စည်းပျက်စီးမှုများကို ပြုပြင်ကြပ်မတ်ပေးရမည် ဖြစ်ပါကြောင်း၊ တရားခွင်များတွင် တရားသူကြီးများအနေဖြင့် ဥပဒေများ၊ ကျင့်ထုံးများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိတိကျကျ မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ဆင်ခြင်တုံတရားနှင့်ယှဉ်၍ ဆုံးဖြတ်ကြရမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု ကင်းရှင်းပြီး တရားဥပဒေ စိုးမိုးမှုရှိမှသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပိုမို ဝင်ရောက်လာမည်ဖြစ်ကာ တိုင်းပြည်၏ စီးပွားရေးမှာလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊

တရားရေး ဆိုင်ရာ ဝန်ထမ်းများ၏ ရွှေ့ပြောင်းခြင်းနှင့် ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် အမှန်တကယ်အရည်အချင်းရှိသူများနှင့် တရားရေးမဏ္ဍိုင်ကို မှန်ကန်စွာ အထောက်အပံ့ပြုတည့်မတ်ပေးနိုင်မည့်သူများကိုသာ ဦးစားပေး ခန့်အပ်တာဝန်ပေးကြ ရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စု တရားသူကြီးချုပ်အနေဖြင့် တစ်နိုင်ငံလုံး၏ တရား စီရင်ရေးမဏ္ဍိုင် တည့်မတ်ရေးအတွက် ကြပ်မတ်ဆောင်ရွက်သွား ရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်မှ တာဝန်ရှိသူများအား ထပ်မံ ချပြရှင်းလင်းဆောင်ရွက်သွားရန် လိုအပ် မည်ဖြစ်ပါကြောင်း၊ ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့များ၊ တရားဥပဒေ စိုးမိုးရေး စင်တာများ၏ ထောက်ပံ့ကူညီမှုများဖြင့် တရားစီရင်ရေးမဏ္ဍိုင် ခိုင်မာအားကောင်းစေရန် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက တရားစီရင်ရေးဆိုင် ရာကိစ္စရပ်များ၊ သက်သေခံပစ္စည်းစီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ၊ တရားရုံးများကြုံတွေ့ရသည့် အခက်အခဲများ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ တာဝန်ယူဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းတာဝန်များ၊ ရုံးထိုင်ကြားနာပေးခဲ့သည့် အမှုအမျိုးအစားအလိုက် အရေအတွက်များ၊ ဝန်ထမ်းဖွဲ့စည်းပုံ ပြင်ဆင်မှုအခြေအနေများစပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ပြည်ထောင်စု တရားသူကြီးချုပ်နှင့်အတူ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသည့် ဦးသာဌေး၊ ဦးမြသိမ်း၊ ဦးမြင့်အောင်၊ ဦးအောင်ဇော်သိန်း၊ ဦးမြဟန်၊ ဦးမျိုးတင့်၊ ဦးစိုးနိုင်နှင့် ဦးခင်မောင်ကြည်တို့ တက်ရောက်ကြသည်။