နိုင်ငံတော်နှင့်ပြည်သူ သဒ္ဓါကြည်ဖြူ လှူဒါန်းပူဇော်

၂၁ မေ

 

မြတ်စွာဘုရားရှင် ဟောကြားပြသဆုံးမတော်မူသော တရားတော်များကို ဗုဒ္ဓသာသနာတော်ဟု ခေါ်ဆိုသည်။ နေမင်းရှိသောအခါ အလင်းရောင်ကို တွေ့ရသကဲ့သို့ ဗုဒ္ဓဘုရား ဟောကြားတော်မူသည့် တရားတော်များ ထွန်းကားနေသမျှ ဤလောကသည် သူတော်ကောင်းတရားများထုံမွမ်းနေလိမ့်မည်။ နေမင်းဝင်သွားသောအခါ လောကကြီးသည် အမိုက်မှောင်ဖုံးသကဲ့သို့ မြတ်စွာဘုရား တရားတော်များ ကွယ်ပျောက်သွားသော် ဤလောကကြီးသည်လည်း မသူတော်တရားများ လွှမ်းမိုးနေလိမ့်မည်။

 

ထို့ကြောင့် မြတ်စွာဘုရားရှင် ဟောဖော်ညွှန်ပြဆုံးမတော်မူသော အင်္ဂုတ္တိုရ်အဋ္ဌကထာ ဒေသနာအရ သုတ်၊ ဝိနည်း၊ အဘိဓမ္မာဟူသောပိဋကသုံးသွယ် နိကာယ်ငါးရပ်တို့ကို သင်ယူခြင်းသည် မြတ်စွာဘုရား သာသနာတော်သုံးရပ် မကွယ်ပျောက်စေရေးအတွက် အရင်းခံမူလပဓာနကျသော အကြောင်းအရင်း ဖြစ်ပါသည်။ ဗုဒ္ဓသာသနာတော်ရှိပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓ သာသနာ သုံးပါးတွင် မြတ်စွာဘုရား တရားတော်များကို သင်ယူခြင်းသည် ပရိယတ္တိသာသနာမည်ပါသည်။ မြတ်စွာဘုရား တရားတော်နှင့်အညီ ကျင့်ကြံအားထုတ်ခြင်းသည် ပဋိပတ္တိသာသနာမည်ပါသည်။ မဂ်ဖိုလ်နိဗ္ဗာန်ကို ထိုးထွင်းသိမြင်သောအခါ ပဋိဝေဓသာသနာ မည်ပါသည်။

 

သာသနာသုံးရပ်တွင် တရားတော်ကို သင်ကြားသော ပရိယတ္တိသာသနာသည် အရင်းခံကျသည့် သာသနာတော်ဖြစ်ပါသည်။ ပရိယတ္တိသာသနာကွယ်လျှင် ကျန်သာသနာ နှစ်ရပ်လည်း တိမ်ကောပပျောက် သွားနိုင်ပါသည်။ ထို့ကြောင့် သာသနာတော်သုံးရပ် မကွယ်ပျောက်စေရေးအတွက် ပရိယတ္တိသာသနာတော်ကြီး နေလို လလို ထွန်းလင်းတောက်ပစေရန် နိုင်ငံတော်အစိုးရအမှူးပြုသော ပြည်သူ ပြည်သားဒါယကာ ဒါယိကာမများက နှစ်စဉ်နှစ်တိုင်း စာအောင်သံဃာတော်များ၊ သာသနာ့အာဇာနည်များအား ချီးကျူးပူဇော်ကာ လှူဖွယ်ပစ္စည်း အစုစုတို့ဖြင့် လှူဒါန်းမှုပြုခဲ့ကြပါသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေး ဦးစီးဌာနက တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ကျင်းပခဲ့ရာ အောင်မြင်တော် မူကြသည့် သာသနာ့အာဇာနည် အရှင်မြတ် ၈၈ ပါးတို့အားမေလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေ၌ အောင်လက်မှတ် ဘွဲ့တံဆိပ်တော်များဆက်ကပ်၍ ချီးကျူးပူဇော်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် လှူဒါန်းပူဇော်ကြသည်မှာ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုထိုက်သည်။

 

နိုင်ငံတော်အစိုးရနှင့် ပြည်သူ ပြည်သား ဒါယကာ ဒါယိကာမများ လက်တွဲ၍ ဤကဲ့သို့ ချီးမြှင့်လှူဒါန်း ပူဇော်ပွဲကြီးကျင်းပခဲ့သည်မှာ ယခုအကြိမ်နှင့်ပါဆိုလျှင် အကြိမ် ၇၀ ရှိခဲ့ပြီဖြစ်သည်။ သံဃာတော် အရှင်သူမြတ်များ၏ ဗုဒ္ဓတရားဒေသနာတော်များကို လေ့လာသင်ကြားကြိုးစားအားထုတ်မှု၊ အောင်မြင်မှု တို့သည် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီးအတွက် အထက်တန်းကျသည့် အောင်မြင်မှုဖြစ်သည့်အတွက် သာသနာတော်ထွန်းကား ပြန့်ပွားတိုးတက်ရေးကို မြော်တွေးကာ ဝမ်းသာဂုဏ်ယူကြလိမ့်မည်ဖြစ်သည်။ ဤသို့ သာသနာတော်ထွန်းကားရေးကို ဆောင်ရွက်ပေးနိုင်သလို သာသနာတော် ညစ်နွမ်းစေမည့် အရေး၊ သာသနာတော်ညှိုးနွမ်းစေမည့် အရေးတို့ကိုလည်း ရှင်းလင်းဖယ်ရှားပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

 

သို့ဖြစ်ရာ ဗုဒ္ဓသာသနာတော်၏ မူလအရင်းခံ ပရိယတ္တိသာသနာထွန်းကားရေးအတွက် ပရိယတ္တိ ဝန်ဆောင် သံဃာတော်အရှင်မြတ်များတိုးပွားရေးကို ဆရာဒကာ လက်တွဲညီညာစွာဖြင့် ဆက်လက်ချီးမြှင့် ထောက်ပံ့သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။