နေပြည်တော် မတ် ၂၇

 

(၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ကြမည့် လွတ်လပ်ရေး မော်ကွန်းဝင်ပုဂ္ဂိုလ် ဒုတိယအဆင့် တစ်ဦးနှင့် တတိယအဆင့်နှစ်ဦး စုစုပေါင်း သုံးဦးတို့အား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံ၍ ဂါရဝပြုတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများက လွတ်လပ်ရေး မော်ကွန်းဝင်ပုဂ္ဂိုလ်များ၏ ကျန်းမာရေးအခြေအနေများအား တစ်ဦးချင်း မေးမြန်းအားပေးစကား ပြောကြားပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုပေးအပ်သည့် ဂါရဝပြုချီးမြှင့်ငွေ တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀ နှင့် အားဖြည့်ငှက်သိုက်များကို နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဂါရဝပြု ပေးအပ်သည်။

 

 

စားသောက်ဖွယ်ရာများ အတူတကွသုံးဆောင်

 

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တာဝန်ရှိသူများသည် လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်များနှင့်အတူ လက်ဖက်ရည်နှင့် စားသောက်ဖွယ်ရာများအတူတကွ သုံးဆောင်ကြသည်။

 

ယခု ၂၀၂၆ ခုနှစ်တွင် ကျရောက်သော (၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိနေသည့် လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်များဖြစ်ကြသည့် လွတ်လပ်ရေး မော်ကွန်းဝင် တတိယအဆင့် ဦးအေးသိန်းသည် အသက် ၉၈ နှစ်၊ လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့် ဦးကျော်စိန်သည် အသက် ၁၀၁ နှစ်နှင့် လွတ်လပ်ရေးမော်ကွန်းဝင် တတိယအဆင့် ဦးဉာဏ်အေး သည် ၁၀၂ နှစ် တို့ဖြစ်ကြပြီး ကျန်းမာသန်စွမ်းလျက်ရှိကြောင်းနှင့် ဂျပန်ခေတ် တော်လှန်ရေးများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခဲ့မှုများကို ပြန်လည်ပြောပြရင်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ကိန်းအောင်းလျက်ရှိကြကြောင်း သိရသည်။

 

သတင်းစဉ်