နိုင်ငံတော်က ပေးအပ်လိုက်သည့်တာဝန်များ ကျေပွန်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်များ

ကိုဌေး (ကနောင်)

ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၃ ခုနှစ် မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့သည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားမောင်မယ်များအနေဖြင့် ပြိုင်ပွဲတိုင်းတွင် အောင်မြင်မှုရရှိရေး ရေကုန်ရေခန်း ကြိုးပမ်းယှဉ်ပြိုင်ခဲ့ကြပြီး ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားနည်း ၁၉ နည်းအနက် ဘော်လီဘောအားကစားနည်းနှင့် တင်းနစ်အားကစား နည်းများမှလွဲ၍ ကျန်အားကစားနည်းများအားလုံး နိုင်ငံတော်အတွက် အောင်မြင်မှုဆုတံဆိပ်များ ရယူပေးနိုင်ခဲ့ကြသည်။

ပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်ရရှိမှု

(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ဗိုဗီနမ် (ခွန်ဘိုကာတာနှင့် အားနစ် အပါအဝင်) အားကစားနည်းမှ ရွှေတံဆိပ် ခုနစ်ခု၊ ငွေတံဆိပ် ခုနစ်ခု၊ ကြေးတံဆိပ် ၃၁ ခု ပေါင်း ၃၅ ခု၊ ပိုက်ကျော်ခြင်း (ခြင်းလုံးအပါအဝင်) အားကစားနည်းမှ ရွှေတံဆိပ်ခြောက်ခု၊ ငွေတံဆိပ်ငါးခု၊ ကြေးတံဆိပ် နှစ်ခုပေါင်း ၁၃ ခု၊ ဘိလိယက်/စနူကာ အားကစားနည်းမှ ရွှေတံဆိပ် သုံးခု၊ ကြေးတံဆိပ် နှစ်ခု ပေါင်းငါးခု၊ ရိုးရာလှေအားကစားနည်းမှ ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် ငါးခု၊ ကြေးတံဆိပ် နှစ်ခု ပေါင်းရှစ်ခု၊ ဝူရှူးအားကစားနည်းမှ ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် သုံးခု ပေါင်း ခုနစ်ခု၊ တိုက်ကွမ်ဒို အားကစားနည်းမှ ရွှေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် လေးခု ပေါင်း ငါးခု၊ အလေးမ အားကစားနည်းမှ ရွှေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် နှစ်ခု ပေါင်း သုံးခု၊ ပီတန်းအားကစားနည်းမှ ရွှေတံဆိပ် တစ်ခု၊ ခွန်ခမာအားကစားနည်းမှ ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ် ခုနစ်ခု ပေါင်း ကိုးခု၊ ဂျူဒိုအားကစားနည်းမှ ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် သုံးခု ပေါင်းလေးခု၊ ဘောလုံး(အမျိုးသမီး)အသင်းမှ ငွေတံဆိပ်တစ်ခု၊ ကြက်တောင်အားကစား နည်းမှ ငွေတံဆိပ် တစ်ခု၊ လက်ဝှေ့အားကစားနည်းမှ ကြေးတံဆိပ် ခြောက်ခု၊ စစ်တုရင်အားကစားနည်းမှ ကြေးတံဆိပ် နှစ်ခု၊ ပြေးခုန်ပစ်အားကစားနည်းမှ ကြေးတံဆိပ်နှစ်ခု၊ ခရစ်ကက်အားကစားနည်းမှ ကြေးတံဆိပ် တစ်ခု၊ E-Sports အားကစားနည်းမှ ကြေးတံဆိပ် တစ်ခု စုစုပေါင်း အားကစားနည်း ၁၇ နည်းမှ ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခု၊ ကြေးတံဆိပ် ၆၈ ခု စုစုပေါင်း ဆုတံဆိပ် ၁၁၄ ခု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။

၁၉၈၁ ခုနှစ်နောက်ပိုင်းကျင်းပသည့် ပြိုင်ပွဲများတွင် အအောင်မြင်ဆုံးပြိုင်ပွဲဖြစ်ခဲ့

၁၉၈၁ ခုနှစ် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် (၁၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံအနေဖြင့် (ရွှေ၊ ငွေ၊ ကြေး) ဆုတံဆိပ်ပေါင်း ၁၀၉ ခု ရရှိခဲ့သော်လည်း အဆိုပါပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၆ ခုသာ ပါဝင်သဖြင့် ယခုကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲကြီးမှ အောင်မြင်မှုသည် ၁၉၈၁ ခုနှစ် နောက်ပိုင်း ၄၂ နှစ်အတွင်း ကျင်းပ ခဲ့သည့် ပြိုင်ပွဲ ၂၁ ကြိမ်တွင် (အိမ်ရှင်ဆီးဂိမ်းပြိုင်ပွဲမှ လွဲ၍) အောင်မြင်မှုအမြင့်မားဆုံး ပြိုင်ပွဲကြီးလည်း ဖြစ်ခဲ့သည်။

ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အင်အား

ပြိုင်ပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစားသမားအင်အား ၆၂၁၀ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံမှ ၈၉၆ ဦး၊ ဖိလစ်ပိုင်နိုင်ငံမှ ၈၆၀ ၊ ထိုင်းနိုင်ငံမှ ၈၄၆ ဦး၊ ဗီယက်နမ်နိုင်ငံမှ ၇၀၂ ဦး၊ မလေးရှားနိုင်ငံမှ ၆၇၇ ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ ၅၉၉ ဦး၊ လာအိုနိုင်ငံမှ ၅၇၆ ဦး၊ စင်ကာပူနိုင်ငံမှ ၅၅၈ ဦး၊ မြန်မာနိုင်ငံမှ ၃၄၁ ဦး၊ တီမောနိုင်ငံမှ ၉၀ ၊ ဘရူနိုင်းနိုင်ငံမှ ၆၅ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသဖြင့် မြန်မာနိုင်ငံအနေဖြင့် ပြိုင်ပွဲသို့ အားကစားသမား ဝင်ရောက်ယှဉ်ပြိုင်မှု ရာခိုင်နှုန်းမှာ  ၅ ဒသမ ၄၉ ရာခိုင်နှုန်းသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း တွေ့ရှိရသည်။

ပါဝင်ယှဉ်ပြိုင်သည့် အားကစားနည်းအရေအတွက်

ပြိုင်ပွဲတွင်  အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံက အားကစားနည်း ၃၆ နည်း ထည့်သွင်းကျင်းပခဲ့ သော်လည်း အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ရာနှုန်းပြည့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗီယက်နမ် နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံများမှ အားကစား နည်းအရေအတွက် ၈၀ ရာခိုင်နှုန်းကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၉ နည်းသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သဖြင့် ပါဝင်ယှဉ်ပြိုင်မှုရာခိုင်နှုန်းအနေဖြင့် ၅၂ ဒသမ ၇၈ ရာခိုင်နှုန်းသာ ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ကြောင်းလည်း တွေ့ရှိရသည်။

ဆုတံဆိပ်ရရှိမှုအပေါ် သုံးသပ်ခြင်း

ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပသည့် အားကစားနည်း ၃၆ နည်းအနက် မြန်မာနိုင်ငံက အားကစားနည်း ၁၉ နည်းကို ပြိုင်ပွဲဝင်ကစားသမား ၃၄၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အောင်မြင်မှုဆုတံဆိပ် ၁၁၄ ခု ရရှိခဲ့သဖြင့် ပျမ်းမျှအားဖြင့် ပြိုင်ပွဲဝင် အားကစားသမား သုံးဦးလျှင် တစ်ဦးမှာ နိုင်ငံတော်အတွက် ဆုတံဆိပ်တစ်ခု ရယူပေးနိုင်ခဲ့ကြောင်းလည်း သုံးသပ်တွေ့ရှိရပါသည်။

အမျိုးသားအားကစားဖြစ်သည့် မြန်မာ(အမျိုးသား/အမျိုးသမီး) ဘောလုံးအသင်းများ အခြေအနေ

ယခုနှစ်တွင် မြန်မာ့လက်ရွေးစင် (အမျိုးသား/ အမျိုးသမီး) ဘောလုံးအသင်း နှစ်သင်းလုံး အကြို ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရခဲ့ကာ မြန်မာအမျိုးသမီးအသင်းသည် အုပ်စုအဆင့်တွင် ပြိုင်ဘက်ကောင်းအသင်းများနှင့် ယှဉ်ပြိုင်ခဲ့ရပြီး ဆီမီးဖိုင်နယ်တွင် အာဆီယံ၌ အင်အားကြီး ထိုင်းနိုင်ငံ အသင်းကို ဂုဏ်သိက္ခာရှိရှိ အနိုင်ရရှိကာ ဗိုလ်လုပွဲ သို့ ပြန်လည်တက်လှမ်းနိုင်ခဲ့မှုသည် အတိုင်းအတာ တစ်ခုအထိ အားကစားဝါသနာရှင် မိဘပြည်သူများအား ကျေနပ်မှုပေးစွမ်းနိုင်ခဲ့သည့်အတွက် ဆက်လက်၍ တစိုက်မတ်မတ် အားသွန်ခွန်စိုက် လေ့ကျင့်သွားမည်ဆိုလျှင် မိဘပြည်သူများ၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မည်ဟု ယုံကြည်မိပါသည်။

အောင်နိုင်ရေးအလံပေးအပ်ပွဲတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၂၀၂၃ ခုနှစ် ဧပြီလ ၂၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားတွင် “ယခုပြိုင်ပွဲကြီးက အားကစားမောင်မယ် များအဖို့ နိုင်ငံတော်အတွက် အားကစားလူချွန် လူကောင်းများဖြစ်ကြောင်း ပြသနိုင်မယ့် အခွင့် အလမ်းကောင်းကြီး တစ်ရပ်ဖြစ်ကြောင်း၊ ဒီအခွင့် အလမ်းကို အမိအရဆုပ်ကိုင်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်သွားနိုင်ကြမယ်လို့လည်း နိုင်ငံတော်နဲ့ ပြည်သူတစ်ရပ်လုံးက ယုံကြည်မျှော်လင့်နေကြပြီဖြစ်ကြောင်း၊ မိဘပြည်သူများရဲ့ ယုံကြည်မျှော်လင့် ချက်အိပ်မက်များကို အကောင်အထည်ဖော်ဖို့ မောင်မယ်များအနေနဲ့ ရေကုန်ရေခန်း အားထုတ် ကြိုးပမ်းသွားကြမယ်လို့လည်း မျှော်လင့်ကြောင်း၊ မြန်မာအားကစားအဖွဲ့အနေနဲ့ ယခုပြိုင်ပွဲမှာ ယခင်ယှဉ်ပြိုင်ခဲ့တဲ့ စံချိန်များထက် ဆုတံဆိပ်များ ပိုမိုရရှိအောင် စွမ်းဆောင်ပေးနိုင်မယ်ဆိုရင် မြန်မာအားကစားအဖွဲ့ရဲ့ အောင်မြင်မှုသမိုင်းကို  ပိုမိုပြောင်းလဲမှတ်တမ်းတင်သွားနိုင်မှာဖြစ်ကြောင်း” ဖြင့် လမ်းညွှန်မှာကြားခဲ့သည်။

ယခင်ပြိုင်ပွဲ စံချိန်များအား ချိုးဖျက်နိုင်ခဲ့သည့် မှတ်တမ်းဝင်ခဲ့

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်မှု၊ မြန်မာနိုင်ငံအားကစားအဖွဲ့ ချုပ်အသီးသီး၏ ကြိုးပမ်းအားထုတ်မှု၊ အားကစားဌာနမှ တာဝန်ရှိသူများ၏ ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း ဆောင်ရွက်မှုများနှင့်အတူ နိုင်ငံတော်အကြီးအကဲ ၏ လမ်းညွှန်မှာကြားချက်များအတိုင်း ပြိုင်ပွဲဝင် အားကစားမောင်မယ်များအနေဖြင့် ပြိုင်ပွဲတိုင်းတွင် ရေကုန်ရေခန်း ကြိုးပမ်းယှဉ်ပြိုင်ခဲ့ကြသည့် ရလဒ်ကြောင့် လွန်ခဲ့သည့် နှစ်ပေါင်း ၄၂ နှစ်အတွင်း တင်ထားသည့် ဆုတံဆိပ်အရေအတွက် စံချိန်ကို (အိမ်ရှင်ဆီးဂိမ်းပြိုင်ပွဲမှလွဲ၍) ချိုးဖျက်၍ မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သည်။

ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမည်

ယနေ့ အချိန်အခါသမယတွင် မြန်မာအားကစား အဆင့်အတန်း  မြင့်မားတိုးတက်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ပံ့ပိုးဖြည့်ဆည်း မှုများနှင့်အညီ ပြည်သူတစ်ရပ်လုံး၏ အားပေးဆောင်ရွက်မှု၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ၊ အားကစားဌာနမှ တာဝန်ရှိသူများ၏ ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းမှုကြောင့် ရရှိလာခဲ့သည့် အောင်မြင်မှုအပေါ် အားရ ကျေနပ်မနေဘဲ အားနည်းချက်၊ အားသာချက်များအပေါ် ဝေဖန်သုံးသပ်အဖြေရှာကာ ဆတက်ထမ်းပိုး အောင်မြင်မှုရရှိရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါကြောင်း…။  ။