နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကွေးတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် နိုဝင်ဘာ ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မကွေးတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား နယ်မြေခံတပ်၊ သီဟသူရကျင်စံခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု

ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် နိုင်ငံတော်တွင် ဖြစ်ပေါ်လာသည့် အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရအရေးပေါ် အခြေအနေကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရသည့် အခြေအနေများ၊ ခေတ်အဆက်ဆက် အုပ်ချုပ်ပုံစနစ်များ ပြောင်းလဲခဲ့မှုနှင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး တပ်မတော်မှ ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဦးစွာရှင်းလင်းပြောကြားသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး၊ လုံခြုံရေးနှင့် တရားဥပဒေရေးအရ တည်ငြိမ်အေးချမ်းရန်လိုအပ်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် လက်ရှိအချိန်တွင် တပ်မတော်မှ နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ထမ်းဆောင်ရလျက်ရှိပြီး ပြည်တွင်းစီးပွားရေးကို အားပေးဆောင်ရွက်လျက်ရှိခြင်းကြောင့် နိုင်ငံ့စီးပွားရေးသည် ထိုက်သင့်သလောက် တိုးတက်လာပြီဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးအရတည်ငြိမ်အေးချမ်းရန်နှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းရန်လိုအပ်ကြောင်း၊ အလားတူဥပဒေအရ တည်ငြိမ်ရေးအတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်မှတာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများကိုလည်း အမြဲမပြတ်ဆောင်ရွက် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ အကြမ်းဖက်မှုဖြစ်စဉ်များ ပပျောက်လျော့နည်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း။

တပ်တွင်းစည်းလုံးညီညွတ်ရေး ခိုင်မာအောင်တည်ဆောက်

တပ်မတော်သားများအနေဖြင့် စည်းကမ်းတကျဖြင့် နေထိုင်လုပ်ကိုင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တပ်တည်ဆောက်ရေးလုပ်ငန်းများကို ထမ်းဆောင်နေရသူများအနေဖြင့် မှန်မှန်ကန်ကန်ဖြင့် စနစ်တကျ ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ရှေ့တန်းတာဝန် ထမ်းဆောင်နေရသူများအနေဖြင့်လည်း ရဲဝံ့စွန့်စားစွာဖြင့် တာဝန်ကိုကျေပွန်စွာထမ်းဆောင်ရန် မိမိတို့မှစိတ်ဓာတ်ခွန်အားကောင်းအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တပ်မတော်သားတိုင်းအနေဖြင့် မိမိတို့တစ်ဦးတစ်ယောက်ချင်း ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကို မှန်မှန်ကန်ကန်နှင့် ကျေပွန်အောင် ဆောင်ရွက်နေခြင်းသည် နိုင်ငံတော်ကို ကာကွယ်နေခြင်းပင်ဖြစ်ပြီး မိမိကိုယ်ကို လေ့ကျင့်နေခြင်းပင်ဖြစ်ကြောင်း၊ စစ်သည်တစ်ဦးချင်း ရသင့်ရထိုက်သည့် အခွင့်အရေးများ၊ ရပိုင်ခွင့်များအားလုံး ပြည့်ဝစွာရရှိရေး တာဝန်ရှိသူများက ဆောင်ရွက်ပေးရန်လိုကြောင်း၊ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုလည်း အောင်မြင်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ပြင်ပမှဝယ်ယူစားသောက်ရမှုများ လျော့နည်းသွားမည်ဖြစ်ကြောင်း၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးခြင်း၊ အထက်အောက်ရိုသေလေးစားမှုရှိအောင် ဆောင်ရွက်ပေးခြင်းနှင့် အသိပညာဗဟုသုတများရရှိစေမည့် ဆွေးနွေးပွဲ၊ ဟောပြောပွဲ များပြုလုပ်ပေးခြင်းကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ အထက်အောက် သံယောဇဉ်တရားများဖြစ်ပေါ်လာပြီး တပ်တွင်းစည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစေနိုင်ကြောင်း။

ပညာရေးအားပေးဆောင်ရွက်

တပ်မတော်သားများအနေဖြင့် မိမိကိုယ်တိုင် စာပေလေ့လာဖတ်မှတ်ရန်လိုအပ်သကဲ့သို့ မိမိတို့၏မျိုးဆက်သစ်သားသမီးများ၏ ပညာရေးကိုလည်း ကောင်းမွန်သည့် လက်ဆင့်ကမ်း အမွေပေးနိုင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားတစ်ဦးချင်း၏ အရည်အသွေးမြှင့်တင်ရေးနှင့် ဘဝတိုးတက်ရေးအတွက် စစ်သားကောင်းပီသစွာဖြင့် စည်းကမ်းနှင့်အညီ နေထိုင်ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ အသိပညာတိုးတက်ရေးအတွက် စာပေဖတ်ရှုခြင်း၊ ဆွေးနွေးပွဲများတွင် အသိပညာဖလှယ်ခြင်းနှင့် နားထောင်ခြင်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ လေ့လာဖတ်ရှုမှတ်သားခြင်းမှာ မည်သည့်အခါမျှ ပြီးဆုံးသည်ဟူ၍ မရှိကြောင်း၊ အတန်းပညာမြင့်မားရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ရန်လိုပြီး စာပေများကိုဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ များစွာရရှိလာမည်ဖြစ်သဖြင့် စာပေဖတ်ရှုလေ့လာကြရန်လိုကြောင်း၊ တပ်မတော်သားများ၏ သားသမီးများ ပညာရည်မြင့်မားရေးအတွက် တပ်မတော်မှ အားပေးဆောင်ရွက်လျက်ရှိသဖြင့် မိမိတို့၏ သား၊ သမီးများ ပညာရည်မြင့်မားရေးအတွက် ဝိုင်းဝန်းအားပေးဆောင်ရွက်ကြစေလိုကြောင်း။

တပ်မတော်သည် စည်းကမ်းတကျဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်နှင့်အညီ ရှိရင်းစွဲ အရည်အချင်းများကို အမြဲတမ်းထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် အလေးအနက်ထား ဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်မတော်သား ပီသစွာနေထိုင်ကြရန်နှင့် မိမိတို့ဘဝ တိုးတက်ရေးအတွက် မိမိတို့အရည်အချင်းကို မြှင့်တင်ဆောင်ရွက်ကြ ရန်လိုကြောင်း၊ ထိုသို့ တစ်ဦးချင်းအရည်အချင်းများကို မြှင့်တင်ဆောင်ရွက်ပြီး မိမိတို့ကျရာတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ခြင်းအားဖြင့် နိုင်ငံတော်တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နေခြင်းပင်ဖြစ်ကြောင်း၊ စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သားများ စိတ်ဓာတ်ခွန်အားရရှိရေးအတွက်လည်း အားပေးဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဖြင့် မှာကြားသည်။

စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တပ်နယ်မှူးကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ နယ်မြေခံတပ်မဌာနချုပ်မှူး၏ ဇနီးကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တင်ပြချက်များကို လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်