နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားတွင်ပြောကြားသည့် အမှာစကား

နေပြည်တော်၊ ၁၅ ဖေဖော်ဝါရီ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကား ပြောကြားရာတွင် ယနေ့ကျရောက်သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာပါစေကြောင်း၊ ဝန်ထမ်းတိုင်း အနေဖြင့် ရတုအခမ်းအနားများကို ဝန်ထမ်းသက်တမ်း တစ်လျှောက်တွင် နှစ်ကြိမ်ခန့် ကြုံတွေ့ရနိုင်ပြီး ရတုနေ့ရက်များသည် ဘဝတွင်မမေ့နိုင်သည့် အဖိုးတန်နေ့ရက်များပင် ဖြစ်ကြောင်းဖြင့် ဦးစွာပြောကြားသည်။

ထို့နောက် မြန်မာ့ မီဒီယာလုပ်ငန်းသည် ၁၈၇၄ ခုနှစ်၊ မတ်လ ၉ ရက် (မင်းတုန်းမင်း လက်ထက်) ရတနာပုံ သတင်းစာမှစခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ အသံလွှင့်လုပ်ငန်းများသည် ၁၉၃၇ ခုနှစ်က စတင်ခဲ့သော်လည်း လွတ်လပ်သော အမျိုးသားအသံလွှင့်လုပ်ငန်း မဟုတ်ခဲ့ကြောင်း၊ ၁၉၄၅ ခုနှစ်၊ မတ်လဆန်း၌ ရန်ကုန်မြို့တွင် မြန်မာ့တော်လှန်ရေးတပ်မတော် အသံလွှင့်ဌာနကို ထူထောင်ခဲ့ပြီး လွတ်လပ်သော အမျိုးသားအသံလွှင့်ဌာန တစ်ခုအဖြစ် အစပျိုးခဲ့ကြောင်း။

၁၉၄၅ ခုနှစ်၊ မေလဆန်းတွင် ရန်ကုန်မြို့ ရွှေတောင်ကြား၌ ရန်ကုန်ရေဒီယို (Rangoon Radio)အမည်ဖြင့် ထုတ်လွှင့်ခဲ့ပြီး ၁၉၄၆ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၅ ရက်တွင် ရန်ကုန်ရေဒီယိုမှ “ဗမာ့အသံ” (Burma Broadcasting Service – BBS) အဖြစ် အမည်ပြောင်းခဲ့ကြောင်း၊ ၎င်းနေ့ကိုပင် ဗမာ့အသံနေ့ဟု ခေတ်အဆက်ဆက် သတ်မှတ်ခဲ့ကြောင်း၊ ၁၉၅၈ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်၌ “ဗမာ့အသံ”အမည်မှ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး ကို ကိုယ်စားပြုသော “မြန်မာ့အသံ” အမည်သို့ ပြောင်းလဲခဲ့ကြောင်း၊ ၁၉၈၀ ခုနှစ်၊ ဇွန် ၃ ရက်တွင် ရောင်စုံရုပ်မြင်သံကြား ထုတ်လွှင့်ခြင်း လုပ်ငန်းများကို စတင်ခဲ့ပြီး ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်တွင် “မြန်မာ့အသံနှင့်ရုပ်မြင်သံကြား” (Myanmar Radio and Television – MRTV) ဟု အမည်ပြောင်းလဲခဲ့ကြောင်း။

မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် နေ့၌ Myanmar Radio အမည်ဖြင့် အင်္ဂလိပ်ဘာသာသီးသန့် FM Channel အသစ်တစ်ခုနှင့် MRTV ရုပ်သံလိုင်း အစီအစဉ်၌လည်း အင်္ဂလိပ်ဘာသာဖြင့် သတင်းထုတ်လွှင့်မှုကို စတင်သွားမည်ဟု သိရှိရသည့်အတွက် ဂုဏ်ယူပါကြောင်း၊ အင်္ဂလိပ်ပိုင်းဆိုင်ရာများကို ထုတ်လွှင့်ရာတွင် အသံထွက် ပီသမှုရှိစေရေး ဂရုပြုရမည်ဖြစ်ကြောင်း၊ အင်္ဂလိပ်ပိုင်းဆိုင်ရာ အစီအစဉ်များ ထုတ်လွှင့်ရာတွင် ပြည်သူကို ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေ ပေးရန်တို့အပြင် အတတ်ပညာတစ်ခု ရရှိစေနိုင်သည်အထိ ကြိုးပမ်းတင်ဆက်သွားကြရန် တိုက်တွန်းလိုကြောင်း။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် သမိုင်းအစဉ်အလာ ကြီးမားသောဌာနကြီး ဖြစ်သည်နှင့်အညီ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုခေတ်၊ ပါလီမန် ဒီမိုကရေစီခေတ်၊ အိမ်စောင့်အစိုးရနှင့် တော်လှန်ရေး ကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်၊ ပါတီစုံဒီမိုကရေစီခေတ်၊ ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကာလတို့၌ ခေတ်အဆက်ဆက် သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြောင်း၊ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားသည် အစဉ်အလာ အလွန်ကြီးမားခဲ့ပြီး ရှေးယခင်ကတည်းကပင် ရေဒီယို အစီအစဉ်များတွင် စိတ်ဝင်စားစရာ၊ ပညာရစရာကောင်းသည့် အစီအစဉ်များရှိခဲ့ကြောင်း၊ ဇာတ်လမ်းပမာနားဆင်စရာ အစီအစဉ်များကို နားထောင်ခဲ့ရပြီး စာရေးဆရာကြီး သော်တာဆွေ၏ “လူ့မနော”ဆိုသည့် ဇာတ်လမ်းတင်ဆက်မှုကို ယနေ့တိုင် အမှတ်ရနေမိကြောင်း၊ လူတို့၏ စိတ်အကြောင်းကို တင်ဆက်ထားခြင်း ဖြစ်သဖြင့် အသိအမြင်များစွာရရှိခဲ့ကြောင်း။

မြန်မာ့အသံမှ ဘောလုံးပွဲများအား တိုက်ရိုက် အသံထုတ်လွှင့်ခြင်းလုပ်ငန်းကို ၁၉၅၇ ခုနှစ် တိုင်းနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲက စတင်ခဲ့သည်ဟု သိရှိရကြောင်း၊ ထုတ်လွှင့်ခဲ့သူတို့မှာ ဦးကျော်ငြိမ်းနှင့် ဦးခင်မောင်တို့ဖြစ်ကြောင်း၊ တိုက်ရိုက်ထုတ်လွှင့်မှုများကို နားဆင်ပြီး တကယ့်ဘောလုံးပွဲကို ကြည့်ရှုနေရသကဲ့သို့ ခံစားခဲ့ရကြောင်း၊ ထိုစဉ်က အစီအစဉ် တင်ဆက်သူများ ဖြစ်သည့် ဦးမောင်မောင်ရင်၊ ဦးမောင်မောင်သီ၊ ဦးဇော်ဝင်း တို့၏ တင်ဆက်ပုံများမှာ အမှတ်ရဖွယ် ဖြစ်ကြောင်း။

မိမိတို့ခေတ်ကာလတွင် မြန်မာ့အသံမှ ထုတ်လွှင့်ခဲ့သည့် ဇာတ်လမ်း ပမာနားဆင် စရာကဏ္ဍ၊ ရေဒီယိုဇာတ်လမ်းနှင့် အသံလွှင့်ဇာတ်လမ်းတို့မှ ပေးသည့်အသိပညာ၊ အတွေ့အကြုံများမှာ တန်ဖိုးမဖြတ်နိုင်စရာ ဖြစ်ပါကြောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် ပြန်ကြားပေးရန်၊ ပညာပေးရန်နှင့် ဖျော်ဖြေပေးရန်ကို သာမကလူတို့၏ စိတ်နှလုံးကို တတ်ကြွအောင် (Motivation) လုပ်ပေးနိုင်ခဲ့ကြောင်း၊ မီဒီယာသည် စတုတ္ထမဏ္ဍိုင်ဖြစ်သဖြင့် အရေးကြီးသည့် အခန်းကဏ္ဍတွင်ရှိပြီး မှန်မှန်ကန်ကန်ဖြစ်ရန်လိုကြောင်း၊ မြန်မာ့ယဉ်ကျေးမှုကို မထိခိုက်စေရန်လည်း ဂရုပြုရမည်ဖြစ်ကြောင်း၊ သတင်းနှင့် ပတ်သက်လာပါက မြန်ရမည်၊ မှန်ရမည်ဖြစ်ပြီး အကျိုးရှိမည့် သတင်းများကို တင်ဆက်နိုင်ရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုသိရှိရန် လိုအပ်သည်များကို အချိန်နှင့်တပြေးညီ တင်ဆက်နိုင်ရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် စာအုပ်စာပေ ဖတ်ရှုမှုနှုန်းအားနည်းလာပြီး အွန်လိုင်းမီဒီယာများတွင်သာ အချိန်ကုန်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ အွန်လိုင်းမီဒီယာများကို လွဲမှားစွာ အသုံးချပါက အန္တရာယ်ကြီးမားစွာ ဖြစ်စေနိုင်သဖြင့် မိမိတို့အတွက် အကျိုးရှိနိုင်သည့် အသုံးပြုမှုများကိုသာ ဆောင်ရွက်ကြစေလိုကြောင်း။

နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ ရည်မှန်းချက်ဖြစ်သော ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်တို့ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန် နိုင်ငံသူ၊ နိုင်ငံသားအားလုံး သိသင့်သိထိုက်သော ဗဟုသုတပညာ များရှိရန်လိုအပ်ကြောင်း၊ ယင်းပညာဗဟုသုတ တို့ကို ပြည်သူတို့ လက်ဝယ်အရောက် ပို့နိုင်သည်မှာ ပြန်ကြားရေးနှင့် မီဒီယာလုပ်ငန်းသာဖြစ်ကြောင်း။

ရှင်မဟာရဋ္ဌသာရဆုံးမခဲ့သည့် “မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်၊ ဖတ်ပြန်သော်ကြား၊ ဖတ်ဖန်များက၊ သားမယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ ရှိသည်သာတည်း” ဆိုသည့် စကားအတိုင်း နိုင်ငံသူ၊ နိုင်ငံသားတိုင်း အသိပညာ ဗဟုသုတများ နေ့စဉ်ရရှိနေစေရေး၊ နေ့စဉ်တွေ့မြင်နေစေရေး၊ နေ့စဉ်ထိတွေ့နေစေရေး ဆောင်ရွက်ရင်းဖြင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများ၌ ပါဝင်ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး တိုင်းပြည်၏ ပကတိအခြေအနေမှန်များကို နိုင်ငံတကာက သိရှိအောင် ထိထိရောက်ရောက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတု နေ့မှသည် နိုင်ငံတော်အတွက် ထာဝရရှိနေမည့် နိုင်ငံတော်က အားထားရသော၊ ပြည်သူက အားကိုးရသော မြန်မာအသံနှင့် ရုပ်မြင်သံကြားဖြစ်ပါစေကြောင်း ပြောကြားသည်။

သတင်းစဉ်