နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရန်ကုန်တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေးစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ အင်းစိန်မြို့နယ်ရှိ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁) စိုက်ပျိုးမွေးမြူရေးစခန်းသို့ရောက်ရှိကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့် ဟင်းသီးဟင်းရွက်များ၊ မှိုနှင့်ကြက်ဥများကိုကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ရန်ကုန်တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေးခြံများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥနှင့်နွားနို့များကို အရာရှိ၊ စစ်သည်မိသားစုများနှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်စေခြင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူဦးရေ ၇ သန်းကျော် ၈ သန်းခန့်အား အသားငါးနှင့်ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ဖူလုံပေါများစွာ စားသုံးနိုင်စေရေးအထောက်အကူပြုစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တပ်မတော်သားများအပြင် နိုင်ငံ့ဝန်ထမ်းများအား ပြင်ပပေါက်ဈေးထက်သက်သာစွာရောင်းချပေးနိုင်ရမည်ဖြစ်ပြီး ပြည်သူများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်မည်ဆိုပါက အကျိုးရှိစေနိုင်မည်ဖြစ်ကြောင်း၊ အမြတ်ကိုအဓိကမထားဘဲ သက်သာချောင်ချိရေးကို ဦးစားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ မွေးမြူရေးဆောင်ရွက်ရာတွင် မွေးမြူရေးသုတေသနအဖွဲ့များနှင့်တိုင်ပင်ဆွေးနွေး၍ ကျန်းမာရေးနှင့်ညီညွတ်သည့် ထုတ်ကုန်များရရှိအောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ တိုင်းဒေသကြီးအတွင်းနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုတို့စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး တိုင်းစစ်ဌာနချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပုဂ္ဂလိကစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အားပေးဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးကိုအခြေခံသည့် မွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်ပြီးတစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်အကျိုးပြုနိုင်ရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်များနည်းပါးမည်ဆိုပါက စိုက်ပျိုးမွေးမြူရေးအခြေခံစားကုန်များ ဈေးသက်သာစွာဖြင့်ရရှိနိုင်မည်ဖြစ်သဖြင့် တိုင်းစစ်ဌာနချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ အောင်မြင်အောင်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် ဒေသတွင်းဖူလုံမှုရရှိပါက ပြင်ပဒေသများနှင့်ပြည်ပသို့ တင်ပို့ရောင်းချနိုင် ရေး အေးခဲအသားငါးများ၊ အသားခြောက်များနှင့် အဆင့်မြင့်ထုတ်ကုန်များထုတ်လုပ်၍ တင်ပို့ရောင်းချနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စိုက်ပျိုးမွေးမြူရေးခြံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

(သတင်းစဉ်)