နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး အကြီးစားပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်နှင့်တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး အကြီးစားပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်အား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံညွှန်ကြားရေးမှူးဦးကိုကိုအေးနှင့် ရန်ကုန်တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးထင်ကျော်တို့က လိုဏ်ဂူတော်ကြီးအကြီးစားပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း အဆင့်ဆင့်ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ကမ္ဘာအေးဟံသာသီရိကုန်းမြေရှိသာသနိကအဆောက်အဦကျောင်းဆောင် ၆ ဆောင် အဆင့်မြှင့်တင်မွမ်းမံခြင်း၊ မြေပြုပြင်ခြင်း၊ နေရာရှုခင်းဆောင်ရွက်ခြင်းနှင့် လမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က မဟာပါသဏလှိုဏ်ဂူသည် သမိုင်းဝင်သာသနာ့အဆောက်အဦဖြစ်သဖြင့် လှိုဏ်ဂူတော်ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စနစ်တကျပြင်ဆင်ထိန်းသိမ်းရန်လိုအပ်ပြီး ရေအသုံးချနိုင်မှုနှင့်မီးစနစ်များစနစ်တကျရှိရန်လိုကြောင်း၊ ယခုပြီးစီးမှုအခြေအနေများကိုလည်းမိုးကာလအတွင်းကြည့်ရှု ၍လိုအပ်သည်များဆက်လက်ဆောင်ရွက်ရန်လိုကြောင်း၊ ဟံသာသီရိကုန်းမြေရှိသာသနိက အဆောက် အဦကျောင်းဆောင်များအား ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့စေရေးစနစ်တကျဆောင်ရွက်ရန်နှင့် ဆရာတော်ကြီးများ စိတ်အေးချမ်းသာစွာဖြင့်သီတင်းသုံးနိုင်ရန်လိုကြောင်း၊ အဆောက်အဦများပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီး စီးချိန်မှသာလျင် လမ်းများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကိုဆောင်ရွက်ရန်လိုပြီး ရေစီးရေလာကောင်းမွန်ရန်နှင့် လမ်းပုခုံးများကို စနစ်တကျဆောင်ရွက်ထားရှိမှသာ လမ်း၏ကြံ့ခိုင်မှုကို ရေရှည်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် လိုဏ်ဂူတော်ကြီးအကြီးစားပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား၍ လိုဏ်ဂူတော်ကြီး၏အပေါ်ဆုံးထပ်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိသာသနိကအဆောက်အဦများ၊ ဟံသာသီရိကုန်းတော်ရှိ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများလာရောက်စဉ် ခေတ္တသီတင်းသုံးသည့်အဆောင်များနှင့်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်မည့်အခြေအနေများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးသည် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေပေါ်တွင်တည်ရှိပြီး ၁၉၅၃ ခုနှစ်တွင် ပန္နက်တော်တင် အုတ်မြစ်တော်စီခဲ့ကြောင်း၊ ဆောက်လုပ်ရေးအရာရှိနှင့် လုပ်သားပေါင်း ၁၄၈၆ ဦးနှင့် လုပ်အားပေးကုသိုလ်ရှင်ပေါင်း ၃၃ သိန်းကျော်တို့ဖြင့် ဆောက်လုပ်ခဲ့ရာ ရက်ပေါင်း ၃၉၆ ရက် ကြာမြင့်ခဲ့ပြီး ၁၉၅၄ ခုနှစ် မေလ ၁၀ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း၊ လိုဏ်ဂူတော်ကြီးအတွင်း သမိုင်းဝင်ဆဋ္ဌသင်္ဂါယနာတင်ခြင်းကို ထေရဝါဒဗုဒ္ဓဘာသာငါးနိုင်ငံမှ သံဃာတော် အပါး ၂၅၀၀ ဖြင့် ၁၉၅၄ ခုနှစ် မေလ ၁၇ ရက်မှ ၁၉၅၆ ခုနှစ် မေလ ၂၂ ရက်အထိ ၂ နှစ်နှင့် ၅ ရက် တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အခြားသောဗုဒ္ဓဘာသာနှင့်သက်ဆိုင်သည့် အခမ်းအနားကြီးများကိုလည်းကျင်းပပြုလုပ်ခဲ့ကြောင်း၊ ယခုအခါ လိုဏ်ဂူတော်ကြီး၏သက်တမ်းမှာ ၆၈ နှစ် ရှိပြီဖြစ်ပြီး ယိုယွင်းပျက်စီးမှုများဖြစ်ပေါ်လာသဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၈ ရက်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် အကြီးစားပြင်ဆင်မွမ်းမံခြင်းများဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်းသိရှိရသဖြင့် အကြီးစားပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယခုအခါ ၇၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)