နေပြည်တော် မတ် ၁၆

 

၂၀၂၅ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး သဘင်ဆောင်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား ပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းသည်။

 

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီ အတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ နှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိ ကြီးများနှင့်ဇနီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဂုဏ်ထူး ဆောင်ဘွဲ့ရရှိကြသည့် ပုဂ္ဂိုလ်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် သည့်နိုင်ငံဖြစ်စေရန် ဘက်စုံ ထောင့်စုံက ကြိုးပမ်းတည်ဆောက် နေရာ၌ ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူအားလုံး၏ အင်အား သည် အဓိကကျပြီး အားလုံး၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီး ကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ ပြည်သူတစ်ဦး ချင်းစီက စိတ်ဓာတ်၊ အသိအမြင်၊ ကာယဉာဏ စွမ်းအားများနှင့် ပူးပေါင်းပါဝင်မှု အင်အားဖြင့်သာ အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ကြရာတွင် သာမန် အဆင့်ထက် သာလွန်သည့် လုံ့လ၊ ဝီရိယ၊ ခွန်အားစိုက်ထုတ်ပြီး ထူးချွန် ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့ ကြသည့် ပုဂ္ဂိုလ်များလည်းရှိနေသည်ကို တွေ့ရသည့်အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း၊ ယခု ကဲ့သို့နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ စိတ်ရောကိုယ်ပါနှစ်မြှုပ်ပြီး မိမိတတ်စွမ်းသမျှ အသိပညာ၊ အတတ်ပညာများနှင့် ထူးကဲစွာဆောင်ရွက်သူ၊ ကိုယ်ကျိုးမဖက် နိုင်ငံ့အတွက် စွန့်လွှတ် စွန့်စား အကျိုးဆောင်သူများကို လွတ်လပ်ရေးနေ့နှင့်  နေ့ထူးနေ့မြတ် အခါသမယများတွင် ထိုက်သင့်သည့် ဂုဏ်ထူးဆောင် ဘွဲ့၊ တံဆိပ်များ ချီးမြှင့်အပ်နှင်း ဂုဏ်ပြုလျက်ရှိကြောင်း။

 

mdn

 

အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကိုတည်ဆောက်ရာတွင် စွမ်းစွမ်း တမံဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ ရပ်ရွာအေးချမ်းသာယာ ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များနှင့်အညီ ထူးခြားစွာ အားထုတ်ကြိုးပမ်းဆောင်ရွက် ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် သံတမန်တာဝန်များကို ထူးချွန်စွာ ဆောင်ရွက်သည့် ပုဂ္ဂိုလ်များ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသောပညာရပ်တစ်ခုခုတွင် ကမ္ဘာ့ အဆင့်မီ အောင်မြင်စွာတီထွင် ဖန်တီးစွမ်းဆောင်နိုင်သည့် ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမ ပညာရပ်များတွင် ထူးခြားကောင်းမွန်စွာတတ်မြောက်ပြီး အကျိုးပြုကြသည့် ပုဂ္ဂိုလ်များသည် နိုင်ငံတော်အတွက် စံနမူနာပြပုဂ္ဂိုလ်များပင် ဖြစ်ကြကြောင်း၊ ထိုသို့ထူးချွန်ပြောင်မြောက်ပြီး နိုင်ငံ့အကျိုးကို ဆောင်ရွက်ခဲ့ကြ သည့် ပုဂ္ဂိုလ်များကို လေးစား တန်ဖိုးထားသည့်အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက နှစ်စဉ် ဂုဏ်ပြုချီးမြှင့်မှုများ ပြုလုပ် လျက်ရှိကြောင်း။

 

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် ပြည်တွင်းက ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်း ခြင်း ခံထိုက်သူများကိုသာမက ပြည်ပနိုင်ငံများက မြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို စိတ်ကောင်းစေတနာ အပြည့်ဖြင့် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များကိုလည်း နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်အတွက် ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များချီးမြှင့် အပ်နှင်းလျက်ရှိကြောင်း။

 

ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်ချီးမြှင့်အပ်နှင်းရေးဆိုင်ရာ လုပ်ငန်းများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ စနစ်တကျ စိစစ်ရွေးချယ်ပြီး အမှန်တကယ် ဂုဏ်ပြုချီးမြှင့် ထိုက်သူများကိုသာ ထိုက်ထိုက် တန်တန် ချီးမြှင့်အပ်နှင်းခဲ့ခြင်း ဖြစ်သဖြင့် ဘွဲ့ခံပုဂ္ဂိုလ်များနှင့် မိသားစုဝင်များအတွက် အထူးဂုဏ်ယူဝမ်းမြောက်မိသည်ကို ပြောကြားလိုကြောင်း။

ယနေ့ကျင်းပသည့် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်(လွတ်လပ်ရေး နေ့)နှင့် မတ်လ ၂ ရက် (တောင်သူ လယ်သမားနေ့) တို့တွင် အမိန့် ကြော်ငြာစာ ထုတ်ပြန်ပြီးဖြစ်သည့် စည်သူဘွဲ့ ၁၃ ဦး၊ သူရဘွဲ့ သုံးဦး၊ ဇေယျကျော်ထင်ဘွဲ့ ၁၇ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၁၄ ဦး၊ အလင်္ကာကျော်စွာဘွဲ့ တစ်ဦး၊ သိပ္ပကျော်စွာဘွဲ့ နှစ်ဦး စုစုပေါင်း ၅၀ ကို သက်ဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့များ ချီးမြှင့်အပ်နှင်း သွားမည် ဖြစ်ကြောင်း။

 

နိုင်ငံတော်အစိုးရက ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ အမျိုးသား ရေးရည်မှန်းချက်(၂)ရပ် စသည့် လုပ်ငန်းစဉ်များသည် လက်တွေ့ အကောင်အထည်ဖော်  ဆောင်ရွက်ရာတွင် အလွန်ကျယ်ပြန့်နက်ရှိုင်းကြောင်း၊ ဥပမာပြောရမည် ဆိုပါက တိုင်းပြည်သာယာဝပြောရေး လုပ်ငန်းစဉ်များထဲတွင် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ အေးချမ်းစွာပညာ သင်ကြားနိုင်ရေး၊ ပြည်သူများ ကိုယ်စိတ်နှလုံး အေးချမ်းစွာနေထိုင် လုပ်ကိုင်စားသောက်နိုင်ရေး စသည့်အချက်များစွာ ပါဝင်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဦးတည်ချက်လုပ်ငန်းစဉ်နှင့် ရည်မှန်းချက်တိုင်းတွင် ကဏ္ဍအလိုက် အသေးစိတ်ဖော်ဆောင်ရမည့် လုပ်ငန်းတာဝန်များစွာ ရှိနေကြောင်း။

 

အားလုံး သိရှိပြီးဖြစ်သည့်အတိုင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ရန် အတွက် လိုအပ်သည့် ပြင်ဆင်မှုများကိုလည်း စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်သည့်အတွက် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အစိုးရနှင့် ပြည်သူ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်သွားကြရန် လိုအပ်သည်ကို ပြောကြားလိုကြောင်း။

 

နိုင်ငံတော်အတွက် ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့ကြသူများ၊ စွန့်လွှတ်စွန့်စားမှု၊ အနစ်နာခံမှုတို့ဖြင့် တာဝန်ကျေခဲ့ကြသူများကို နိုင်ငံတော်အစိုးရအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ဂုဏ်ယူပါကြောင်း ကို ထပ်လောင်းပြောကြားလို ကြောင်း။

 

မိမိတို့၏ ဘဝတစ်သက်တာ အတွင်း တိုင်းပြည်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ယခုကဲ့သို့ မှတ်တမ်းတင်ဂုဏ်ပြု ချီးမြှင့်ခြင်းခံရသကဲ့သို့ ဆက်လက် ပြီး နိုင်ငံတော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေး၊ အေးချမ်းသာယာရေး၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏ သားစဉ်မြေးဆက်များ ကိုပါ ယခုကဲ့သို့ ကြိုးပမ်းဆောင် ရွက်စေရန် စံနမူနာကောင်းများ ပြကြပါဟု တိုက်တွန်းမှာကြား လိုကြောင်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုး သီရိသုဓမ္မ မင်းအောင်လှိုင်က ပြည်ထောင်စု စည်သူသင်္ဂဟဘွဲ့ များဖြစ်ကြသည့် စည်သူဘွဲ့ရရှိသူ ၁၃ ဦး၊ တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာဘွဲ့များ ဖြစ်ကြသည့် သူရဘွဲ့ရရှိသူ သုံးဦး၊ စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ဖြစ်ကြသည့် ဇေယျကျော်ထင်ဘွဲ့ ရရှိသူ ၁၇ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူ ၁၄ ဦး၊ အလင်္ကာကျော်စွာ ဘွဲ့ရရှိသူ တစ်ဦး၊ သိပ္ပကျော်စွာ ဘွဲ့ရရှိသူ နှစ်ဦးတို့ကို ဂုဏ်ထူး ဆောင်ဘွဲ့များ တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းပေးသည်။

 

mdn

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် ဂုဏ်ထူးဆောင် ဘွဲ့ရရှိကြသူများနှင့်အတူ မှတ်တမ်း တင် စုပေါင်းဓာတ်ပုံရိုက်သည်။

 

အခမ်းအနားအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာ ကြသူများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိ ကြသူများနှင့် ၎င်းတို့၏ မိသားစု ဝင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn