နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဒီဇင်ဘာ ၁၀

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၁၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် ၅၈/၄ အရ  အဂတိလိုက်စားမှုများကိုတိုက်ဖျက်ခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် အသိပညာမြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက် ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီး အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာတစ်ဝန်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention Against Corruption –UNCAC) ကို ၂၀၀၅ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ၁၆၅ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုဝင်ရောက်ခဲ့ကြောင်း။

ကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့ကာ အဂတိလိုက်စားမှုတားဆီးကာကွယ်ခြင်းနှင့် ဆန့်ကျင်တိုက်ဖျက်ခြင်းများကို ထိရောက်အောင်မြင်အောင် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရာတွင် ခိုင်မာအားကောင်းစေရန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် လိုအပ်သည့် နည်းပညာဆိုင်ရာအထောက်အကူပေးရန်နှင့် ပြည်သူပိုင်ပစ္စည်းများကို နည်းလမ်းတကျစီမံခန့်ခွဲမှုရှိစေရေး တိုးမြှင့်ဆောင်ရွက်ရန် စသည့်အချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူအခြေပြုနည်းလမ်းများနှင့် နိုင်ငံတော်ပြုပြင်ပြောင်းလဲ တည်ဆောက်ရေးတို့အတွက် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြုပြင်ပြောင်းလဲရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုပြဿနာသည် ကြီးမားသည့် ခလုတ်တံသင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် အဂတိလိုက်စားမှုများကို ထိထိရောက်ရောက်တိုက်ဖျက်ပြီး အဂတိကင်းစင်သည့် လူ့အသိုက်အဝန်းဖြစ်ပေါ်လာစေရေး ရည်မှန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း။

“အဂတိလိုက်စားမှုများလေလေ ဆင်းရဲနွမ်းပါးမှုများလေ” ဖြစ်သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်ထွန်းစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၏ အနှစ်သာရများသည် အများပြည်သူ၏ အကျိုးစီးပွားကိုကာကွယ်ပေးရန်နှင့် အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်းဖြစ်စေရန်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ပေါင်းကူးတံတားများသဖွယ် ဆက်သွယ်ဆက်ဆံပြီး ယုံကြည်မှုတည်ဆောက်ပေးရသူများဖြစ်ကြောင်း။

နိုင်ငံ့ဝန်ထမ်းများ၏ စည်းကမ်းလိုက်နာမှု၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်စောင့်ထိန်းမှုများ လွဲမှားသွားစေသည့် အဓိကအချက်သည် အဂတိလိုက်စားမှုပင်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်များနှင့်အညီ အဂတိကင်းကင်းနှင့် လိုက်နာဆောင်ရွက်ကြမည်ဆိုပါက ပြည်သူများ၏ ယုံကြည်မှုကိုရရှိ၍ ကောင်းမွန်သည့်အုပ်ချုပ်မှုစနစ်ကို ဖြစ်ပေါ်စေပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲမသွေဖြစ်ကြောင်း။

အဂတိလိုက်စားမှုသည် နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ အုပ်ချုပ်ရေးနယ်ပယ်များတွင် ငွေကြေး၊ ပစ္စည်း၊ လုပ်ပိုင်ခွင့်ဆိုင်ရာအဂတိလိုက်စားမှုများကို ပုံစံအမျိုးမျိုးဖြင့်ဖြစ်ပွားတတ်ကြောင်း၊ အဂတိလိုက်စားမှုသည် နိုင်ငံစီးပွားရေးကို ထိခိုက်စေသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်သည့်အပြင် ဆင်းရဲနွမ်းပါးမှုလျော့ကျစေရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်ရာတွင်လည်း အဟန့်အတားတစ်ခုဖြစ်ကြောင်း၊ ထိုသို့အဂတိလိုက်စားမှုဖြစ်ပွားရခြင်း၏ အရင်းခံအကြောင်းတရားများသည် စိတ်စေတနာနည်းပါးခြင်းနှင့် အကျိုးစီးပွားပဋိပက္ခများ၏ အကျိုးဆက်များပင်ဖြစ်ကြောင်း။

အဂတိလိုက်စားမှုသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အဓိကအဟန့်အတားတစ်ခုဖြစ်ပြီး လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တကို ပျက်ပြားစေသည့်အပြင်မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရည်ကိုယ်သွေးများကိုလည်း ကျဆင်းစေနိုင်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ မူဝါဒများနှင့်ဆန့်ကျင်ပြီး ပုဂ္ဂိုလ်ရေးအကျိုး အမြတ်ရယူဆောင်ရွက်မှုများ၊ နိုင်ငံတော်ကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကိုသွေဖည်ပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်သည့် မည်သူ့ကိုမဆို ကျောသားရင်သားမခွဲခြားဘဲ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ဆောင်ရွက်လျက်လည်းရှိပါကြောင်း။

အဂတိလိုက်စားမှုလျော့နည်းကျဆင်းစေရေး ဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေးအရေးယူမှုတစ်ခုတည်းနှင့် ဆောင်ရွက်မည်ဆိုပါက လုံလောက်မှုမရှိနိုင်ကြောင်း၊ အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် ယဉ်ကျေးမှုတစ်ရပ်ပေါ်ထွန်းလာစေရေးနှင့် အကျင့်ပျက်ခြစားမှုများ မရှိစေရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များကိုပါ ဟန်ချက်ညီညီ ချဉ်းကပ်ပြီး အချိန်နှင့်တစ်ပြေးညီ အလေးထားလုပ်ဆောင်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း။

တားဆီးကာကွယ်ခြင်းလုပ်ငန်းအနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များတွင် ဖွဲ့စည်းထားသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU)များကလည်း မိမိတို့ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို သေချာစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မည်ဆိုပါက အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းလာပြီး နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှုကို ပိုမိုခိုင်မာလာမည်ဖြစ်ကြောင်း။

စုံစမ်းစစ်ဆေးခြင်းလုပ်ငန်းအနေဖြင့် လုပ်ပိုင်ခွင့်အာဏာရှိသူများ၏ အဂတိလိုက်စားမှုကျုးလွန်ခြင်းကြောင့် ဆုံးရှုံးနစ်နာမှုများကို စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိရာတွင် နိုင်ငံတော်အစိုးရဘက်မှလည်း အဂတိအမှုများကို ကျောသားရင်သားမခွဲခြားဘဲ ပြင်းပြင်းထန်ထန် ထိရောက်စွာအရေးယူရန် ညွှန်ကြားထားပါကြောင်း၊ ကော်မရှင်အနေဖြင့်လည်း ဥပဒေနှင့်အညီ ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်း၊ နိုင်ငံတော်ကိုပြန်လည်အပ်နှံခြင်း၊ နိုင်ငံပိုင်ငွေကြေး၊ ပစ္စည်းများဆုံးရှုံးနစ်နာမှုမရှိအောင် ကာကွယ်ဆယ်တင်ပေးနိုင်ခဲ့ခြင်းများအပြင် ဉပဒေနှင့်အညီ ထိရောက်စွာ တရားစွဲဆို အပြစ်ပေးအရေးယူသည့် အဆင့်အထိကို စနစ်တကျဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးတရားစွဲတင်ဆောင်ရွက်ခဲ့သည့်အမှုများမှ ပြည်သူ့ဘဏ္ဍာသိမ်းဆည်းနိုင်မှုနှင့် နိုင်ငံ့ဘဏ္ဍာသို့ ပြန်လည်ပေးသွင်းနိုင်မှုမှာ မြန်မာငွေကျပ် ၂၃ ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ ၄ သန်းကျော်ရှိပြီး နိုင်ငံတော်ဘဏ္ဍာဆုံးရှုံးမှုမရှိစေရေး ကာကွယ်နိုင်ခဲ့မှုမှာ မြန်မာငွေကျပ် ၁၅၅ ဘီလီယံကျော်နှင့် ယူရိုငွေ ၃ သန်းကျော်တို့အပြင် နိုင်ငံတော်ကရရန်ရှိသည့် ငွေကြေး၊ ပစ္စည်း၊ အခွန်အခများကိုလည်း သက်ဆိုင်ရာကုမ္ပဏီများက ပြန်လည်ပေးသွင်းနိုင်ရေး ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း။ 

အဂတိလိုက်စားမှုသည် နိုင်ငံဖြတ်ကျော်မှုခင်းများကို ဖြစ်ပေါ်စေသည့်အပြင် နိုင်ငံတိုင်း စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ လူမှုရေးဖြစ်စဉ်များကို ထိခိုက်စေကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် နိုင်ငံတကာနှင့်  ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN- Parties Against Corruption - ASEAN-PAC) ကဲ့သို့ ဒေသတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းများနှင့်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းများနှင့်လည်းကောင်း၊ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MoU များရေးထိုးပြီးလည်းကောင်း ပူးပေါင်းဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း။

ထို့ပြင် ယခုနှစ်အတွင်းတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအခန်းကဏ္ဍကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးတို့အကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ ကိုရီးယားနိုင်ငံများနှင့် MoU လက်မှတ်ရေးထိုး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ကော်မရှင်အနေဖြင့် ရှေ့ဆက်ပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအခန်းကဏ္ဍကို တိုးမြှင့်ဆောင်ရွက်သွားရန်မှာကြားလိုကြောင်း။       

အဂတိလိုက်စားမှုသည် ကောင်းမွန်သည့်အုပ်ချုပ်ရေးစနစ်ကို လျော့ပါးစေပြီး တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံသားအခွင့်အရေးတို့ကို ခြိမ်းခြောက်လာစေပါကြောင်း၊ ထို့ပြင် လူ့အဖွဲ့အစည်းအတွင်း စောင့်ထိန်းရမည့်ကျင့်ဝတ်၊ စံတန်ဖိုးများနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာခိုင်မာမှုတို့အတွက် အဟန့်အတားလည်း ဖြစ်ပေါ်လာကြောင်း၊ ထို့ကြောင့် အဂတိလိုက်စားမှုအသိပညာပေးရေး၊ တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အစိုးရဌာန/ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍများအပြင် ပြည်သူလူထုတစ်ရပ်လုံးကလည်း စုပေါင်းအင်အားဖြင့် တက်ညီလက်ညီ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားမှစ၍ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ “အဂတိပယ်ခွာ ပြည်သာယာ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်စေရေးအတွက် တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် ပြည်သူလူထုအားလုံးက အဂတိလိုက်စားမှုအကျင့်ဆိုးကို လုံးဝလက်မခံ ဝိုင်းဝန်းတိုက်ဖျက်သည့် မူဝါဒ Zero Tolerance Policy ချမှတ်ပြီး အဂတိကင်းစင်သည့် လူ့ဘောင်ကို အတူတကွ ထူထောင်ကြပါရန် အလေးအနက်ဆန္ဒပြု တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ကော်မရှင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပိုစတာပြိုင်ပွဲနှင့် ဗီဒီယိုပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Video Clip ကို ကြည့်ရှုကြပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်