နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြင်ဦးလွင်တပ်နယ်ရှိ သင်တန်းသားအရာရှိများ၊ နည်းပြအရာရှိများနှင့် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

 

နေပြည်တော်၊ အောက်တိုဘာ ၂

 

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ သင်တန်းသား အရာရှိများ၊ နည်းပြအရာရှိ များနှင့် မိသားစုများအား စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

 

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ တပ်နယ်ရှိ သင်တန်းသား၊ နည်းပြအရာရှိ များနှင့် မိသားစုများ တက်ရောက်ကြသည်။

 

အမှာစကားပြောကြား

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်အား ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ် ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် အဆိုပါအခြေအနေတွင် တပ်မတော်သားများ ပါဝင်ဆောင်ရွက်နေမှုများကို သိရှိစေလို၍ ယခုကဲ့သို့လာရောက် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်အဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ၊ ခရိုင်/ မြို့နယ်အဆင့်အထိ အုပ်ချုပ်မှုဆိုင်ရာအဖွဲ့များ အဆင့်ဆင့်ဖွဲ့စည်း၍ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းတာဝန် အရပ်ရပ်ကို နေ့ညမပြတ် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဖြစ်ပေါ်လာခြင်းသည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ၌ မဲမသမာမှုများနှင့် ယှဉ်တွဲအမြတ်ထုတ်လျက် နိုင်ငံတော်အာဏာသုံးရပ်ကို အဓမ္မရယူရန် ကြိုးပမ်းမှုအတွက် အဆိုပါပြဿနာရပ်များအပေါ် တပ်မတော်က ဖြေရှင်းပေးရန် အကြိမ်ကြိမ် တောင်းဆိုမှုအပေါ် တာဝန်ရှိသည့် ပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများ၏ မသိကျိုးကျွံပြုလျက် ပြဿနာရပ်အပေါ် ရှောင်လွှဲမှုများကြောင့် ဖြစ်ပေါ်လာရသည်ကို အားလုံးကသိရှိပြီး ဖြစ်ကြောင်း။

 

နိုင်ငံ့အာဏာ အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ္တထိန်းသိမ်းရာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ ရှေ့လုပ်ငန်း စဉ် ၅ ရပ် ၊ ဦးတည် ချက် ၁၂ ရပ်ကို ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၃ ခုနှစ် ဩဂုတ် ၁ ရက်မှစပြီး ပြောင်းလဲဖြစ်ပေါ်လာသော အခြေအနေများအရ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည် ချက် ၉ ရပ်ကို ပြောင်းလဲချမှတ် အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ယခင် ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် ဖြစ်ပေါ်နေသော မဲမသမာမှုဆိုင်ရာများ ဖြေရှင်းရန်ကိစ္စ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရန် ကိစ္စနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် ယိုင်နဲ့နေသော စီးပွားရေးကို ပြန်လည်တည့်မတ်ရန် ဆိုသည့် အချက် ၃ ချက်မှာ ယနေ့အချိန်တွင် ဖြေရှင်းဆောင်ရွက်ပြီးဖြစ်၍ ယနေ့အချိန်နှင့် ကိုက်ညီသည့် တစ်နိုင်ငံလုံး အတိုင်းအတာအရ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရန်အတွက် လည်းကောင်း၊ ပြည်သူတို့၏ လူမှုစီးပွားဘဝ မြင့်မားရေးတို့အတွက် လည်းကောင်း၊ စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီ နှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းတို့ကို ဆောင်ရွက်ရန် အတွက်လည်းကောင်း စသည့်အချက် ၃ ချက်ဖြင့် အစားထိုးပြင်ဆင်လျက် ငြိမ်းချမ်းရေးဆိုင်ရာနှင့် အထွေထွေရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များကိုမူ နိုင်ငံတော်၏ မူလရည်မှန်းချက်အတိုင်း ရှေ့လုပ်ငန်းစဉ်၌ ထည့်သွင်းလျက် အဆိုပါ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်၍ ဦးတည် ချက် ၉ ရပ်ကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်နေပါကြောင်း။

 

ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံရေးရည်မှန်းချက် ၂ ရပ်ဖြစ်သည့် စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေ စီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားရည်မှန်းချက် ၂ ရပ်ဖြစ်သည့် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အကောင်အထည်ဖော် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်သည် ပြည်သူ၏ဆန္ဒအရ ရွေးချယ် ထားသောစနစ်ဖြစ်ပြီး အစိုးရသက်တမ်း နှစ်ဆက်တိုင် ကျင့်သုံးဆောင်ရွက်ခဲ့သော စနစ်ဖြစ်၍ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြု၍ မရကြောင်း။

ကြိုးပမ်းဆောင်ရွက်

 

ထိုသို့ ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိရာတွင် နိုင်ငံရေးအရ၊ စီးပွားရေးအရ မိမိတို့နိုင်ငံအပေါ် ပိတ်ဆို့မှု များရှိသော်လည်း စုပေါင်းညီညာ အောင်ကြောင်းဖြာဆိုသည့်အတိုင်း နိုင်ငံသူ နိုင်ငံသားအားလုံး မိမိတို့အစိုးရနှင့်အတူ စည်းစည်းလုံးလုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်မှုကြောင့် လက်ရှိဖြစ်ပွားနေသော နိုင်ငံတကာ ပဋိပက္ခများတွင် ကမ္ဘာ့စီးပွားရေး ထိခိုက်မှုများကို နိုင်ငံအားလုံး အနည်းနှင့်အများ ခံစားနေကြရသည့် အခြေအနေတွင် မိမိတို့ နိုင်ငံအနေဖြင့် ထိခိုက်မှုများရှိခဲ့သော်လည်း အထိုက်အလျောက် စီးပွားရေးတိုးတက်မှု ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း။

 

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုသည် မရှိမဖြစ် လိုအပ်ကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင် ရေးအတွက် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် လက်မှတ် ရေးထိုးထားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အား NCA နှင့်အညီ ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပြီး ၈ နှစ်မြောက် NCA နှစ်ပတ်လည် အခမ်းအနားကိုလည်း ယခုလ အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း၊ ထာဝရ ငြိမ်းချမ်းရေး အတွက်လည်း နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် အမြဲတမ်းပွင့်လင်းမြင်သာစွာ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်လျက်ရှိသကဲ့သို့ လက်မှတ်ရေးထိုးရန် ကျန်ရှိသောအဖွဲ့များနှင့် NCA လမ်းကြောင်းအပါအဝင် လွှတ်တော်လမ်းကြောင်းမှ တစ်ဆင့် မိမိတို့၏ လိုအင်ဆန္ဒများကို တရားဝင်တောင်းဆိုခွင့် ရရှိရေးကိုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် စဉ်ဆက်မပြတ် အပြန်အလှန် ပွင့်လင်းမြင်သာ စွာဆွေးနွေးလျက်ရှိကြောင်း။

 

နိုင်ငံတော်အစိုးရ၏ အန္တိမ ရည်မှန်းချက်ဖြစ်သော အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ဖြစ်ပေါ်လာရေးအတွက် အရေးကြီးသည့် အချက် ၁ ချက်ဖြစ် သည့် “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေး ပြင်ဆင်လျက်ရှိကြောင်း၊ မဲပေးနိုင် ခွင့်ရှိသူအားလုံး လွတ်လပ်စွာမဲပေးနိုင်ရန်နှင့် မှန်ကန်သော ရွေးကောက်ပွဲဖြစ်ရေးမှာ အရေးကြီးဆုံးဖြစ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

 

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီမှ တာဝန်ယူဆောင်ရွက်ပေးရမည့် အထွေထွေရွေးကောက်ပွဲတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကဲ့သို့ နိုင်ငံတော်၏ ဒီမိုကရေစီ သမိုင်းကြောင်း အမည်းစက်မဖြစ်စေရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်များမှလည်း လိုအပ်သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေစည်းမျဉ်းများ၊ ပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများကို ရေပက်မဝင် မှားယွင်းမှု မရှိစေရေး ပြင်ဆင်လျက်ရှိသကဲ့ သို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း အသည်းကြားမှ မဲတစ်ပြားကို တစ်ကြိမ်လျှင် တစ်ယောက်သာ တိတိကျကျမဲပေးနိုင်ရေး၊ နိုင်ငံသားမှတ်ပုံတင် စိစစ်ခြင်းအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် IT နည်းပညာသုံးလျက် နိုင်ငံသား စိစစ်ရေးကတ်များ မှားယွင်းမှု၊ ထပ်နေမှု၊ ကွဲလွဲမှုစသည့် ချို့ယွင်းချက်များ မရှိစေရေး ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတော် အစိုးရအဆက်ဆက် စီမံကိန်းများ အကောင်အထည်ဖော်ရန် လိုအပ်လျက်ရှိသည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကိုလည်း ၂၀၂၄ ခုနှစ် အကြို ကာလအဖြစ် ယခု ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းကိုလည်း စတင်ဆောင်ရွက်နေပြီး ဖြစ်ကြောင်း နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ဆောင်ရွက် နေမှုအား လိုရင်းတိုရှင်း ဆွေးနွေး ပြောကြားသည်။

 

တပ်မတော်သားတိုင်း၏တာဝန်

 

၎င်းနောက် တပ်မတော်၏ ပါဝင်ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ပြောကြားရာတွင် တပ်မတော်သားတိုင်း၏ တာဝန်မှာ နိုင်ငံတော်ကာကွယ်ရေး တာဝန်ဖြစ်ကြောင်း၊ တာဝန်ထမ်း ဆောင်ရာတွင် ဒို့တာဝန် အရေး သုံးပါးကို အခြေခံ၍ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်၊ နိုင်ငံ၏ ရည်မှန်းချက် ၂ ရပ်နှင့် အမျိုးသားရေး ရည်မှန်း ချက် ၂ ရပ် အကောင်အထည်ဖော်ရာတွင် တပ်မတော်သားများ အနေဖြင့် ကျရာအခန်းကဏ္ဍမှ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရမှာ ဖြစ်ကြောင်း၊ ထိုသို့ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်မှာ တိုက်စွမ်းအား၊ တိုက်စွမ်းရည် တိုးတက်မြင့်မားရန် အရေးကြီးကြောင်း။

 

ပြင်ဦးလွင်တပ်နယ်သည် တပ်မတော်၏ လူ့စွမ်းအားအရင်းအမြစ်ကို စနစ်တကျ မွေးထုတ်ပေးနေသည့် တပ်နယ်ကြီးတစ်ခုဖြစ်ပြီး အဆင့်မြင့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်၏ မြေပြင်၊ ရေပြင်နှင့် ဝေဟင် ပိုင်နက်များကို အပြည့်အဝကာကွယ်နိုင်ရန် အထောက် အကူပြုလျက်ရှိသည့် လက်ရုံးတပ်ဖွဲ့များအတွက်လည်း လိုအပ်သည့်သင်တန်းများကို လေ့ကျင့် မွေးထုတ်ပေးရာ တပ်နယ်တစ်ခုလည်းဖြစ်ကြောင်း၊ တပ်နယ်ရှိ သင်တန်းကျောင်းအသီးသီးမှ နည်းပြ များအနေဖြင့် မိမိတို့ကိုယ်တိုင် ပညာပြည့်ဝနေအောင် မပြတ်လေ့လာဆည်းပူးနေရန် လိုအပ်သကဲ့သို့ သင်ကြားသင်ယူနေသည့် သင်တန်းသားများ အမှန်တကယ် တတ်မြောက်ကျွမ်းကျင်ရန် စေတနာ ထား၍ မိမိတို့ထက် တော်သည့်၊ တတ်သည့် တပည့်များဖြစ်အောင် သင်ကြားလေ့ကျင့်ပေးရန်လည်း လိုကြောင်း။

 

ဝင်ငွေနှင့် ထွက်ငွေကို မျှတစွာသုံးစွဲတတ်ရန် လိုအပ်

 

ကွပ်ကဲကြပ်မတ်ရသည့် တာဝန်ရှိသူများ အနေဖြင့်လည်း ကွပ်ကဲမှုအောက် အရာရှိ၊ စစ်သည်များကို မိမိ၏ မိသားစုများသဖွယ် ခံယူပြီး သက်သာ ချောင်ချိမှုကို အလေးထားဖြည့်ဆည်းပေးနေရန် လိုကြောင်း၊ အရာရှိ၊ စစ်သည်များအနေဖြင့် လုပ်ငန်းတာဝန်များကို ရိုးသားဖြောင့်မတ်စွာဖြင့် မှန်မှန် ကန်ကန် ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် မိမိဝင်ငွေနှင့် ထွက်ငွေကိုမျှတစွာ သုံးစွဲတတ်ရန်လိုအပ်ပြီး တာဝန်ရှိသူများမှလည်း သက်သာချောင်ချိမှုများ ဖြည့်ဆည်းဆောင်ရွက် ပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ ဝင်ငွေနှင့်ထွက်ငွေ မျှတစေရေး၊ ခြိုးခြံချွေတာရန် လိုအပ်သကဲ့သို့ ကုန်ကျနိုင်မည့် အရက်၊ ဆေးလိပ်၊ ကွမ်း အပါအဝင် လူမှုရေးဆိုင်ရာ ကိစ္စ၊ လောင်းကစားမှုဆိုင်ရာကိစ္စ စသည့် ဆောင်ရန်၊ ရှောင်ရန် အချက်များကိုလည်း အရာရှိ၊ စစ်သည်၊ မိသားစုများ လိုက်နာရန် လိုအပ် ကြောင်း၊ ၎င်းအပြင် အပိုဝင်ငွေရရှိရေးနှင့် စားရေး အထောက်အကူပြုနိုင်သည့် မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို မူဝါဒ၊ ညွှန်ကြား ချက်များနှင့်အညီ မိမိအသိစိတ်ဓာတ်ဖြင့် ဆောင်ရွက် သွားကြရန် လိုကြောင်း၊ သို့မှသာ မကြောင့်မကျသော စိတ်ဖြင့် ပေးအပ်သော တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်ကို စွမ်းရည်ထက်မြက်သော တပ်မတော်အဖြစ် တည်ဆောက်ရာတွင် အရေးကြီးသော လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးရာ တပ်နယ်ဖြစ်၍ မိမိတို့၏ တာဝန်ထမ်းဆောင်မှုအပေါ် ဂုဏ်ယူစွာဖြင့် ကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

 

mdn

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများကို ပေးအပ်ရာ တပ်နယ်မှူးကလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၏ဇနီးက ထောက်ပံ့ငွေများကို ပေးအပ်ရာ တပ်နယ်မှူး၏ ဇနီးကလည်းကောင်း လက်ခံရယူခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်