နေပြည်တော် ဧပြီ ၂၅

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးမြေဧရိယာအတွင်း၌ ငလျင်ဘေးကြောင့် ထိခိုက်ခံစားခဲ့ရသည့် ဝန်ထမ်းများနှင့် မိသားစုများနေ ထိုင်ရန်အတွက် ဝန်ကြီးဌာန အင်ဂျင်နီယာအဖွဲ့မှ ကြီးကြပ်ကွပ်ကဲမှုဖြင့် တည်ဆောက်နေသည့် Steel Structure ယာယီအဆောက်အဦများ တည်ဆောက် ပြီးစီးမှုနှင့် အဆိုပါ ယာယီအဆောက်အဦများအတွင်း  ဝန်ထမ်းများနေထိုင်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ငလျင်ဒဏ်ခံစားခဲ့ရသည့် ဝန်ထမ်းများနှင့် မိသားစုများအား ယာယီဖွင့်လှစ်ထားရှိသည့် သဘာဝဘေးယာယီတည်းခိုရေးစခန်းများမှ Steel  Structure ယာယီ အဆောက်အဦများသို့ အမြန်ဆုံး ပြောင်းရွှေ့နေရာချထားနိုင် ရေး၊ ရေ၊ မီး၊ မိလ္လာစနစ်များ စနစ်တကျ ဆောင်ရွက်သွားကြရန်၊ ယာယီအဆောက်အဦများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အမြန်ဆုံးပြီးစီး အောင် ဆောင်ရွက်သွားကြရန်၊ နေထိုင်စားသောက်မှုများကို ကျန်းမာရေးနှင့် ညီညွတ်စေရေး အလေးထား စီစဉ်ဆောင်ရွက် သွားကြရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ပြီး ယာယီအဆောက်အဦများအတွင်း ဝန်ထမ်းမိသားစုများ၏ ပြောင်းရွှေ့နေထိုင်မှု၊ ယာယီအဆောက်အဦများ ဆောက်လုပ်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများကို လည်းကောင်း၊ ရေချိုးခန်းနှင့် အိမ်သာများ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း  လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)