နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်

နေပြည်တော်၊ ဇူလိုင် ၁

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း က နိုင်ငံတော်နှင့် တပ်မတော်အဆင့် ပြည်တွင်း၊ ပြည်ပ အစည်းအဝေးများနှင့် ဆွေးနွေးပွဲများနိုင်ငံတော်၏ စီးပွားရေးနှင့် လူမှု ရေးဆိုင်ရာကိစ္စရပ်များနှင့် NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကိုလည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း ရှင်းလင်းပြောကြားကြသည်။

 

သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းထောက် များ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော်အနေဖြင့် လွတ်လပ်၍ တက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ် ဝတ်မပျက်‌ ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည့် မူဝါဒ၊ ကမ္ဘာ့နိုင်ငံအချင်းချင်း ငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းသည့် မူဝါဒ၊ ထာဝရတည်ငြိမ်အေးချမ်းပြီး ငြိမ်းချမ်း ချစ်ခင်သော အိမ်နီးချင်းဆက်ဆံရေး၊ အာဆီယံက သတ်မှတ်ထားသော မူဘောင်၊ လုပ်ထုံးလုပ်နည်း များအတိုင်း ပူးပေါင်းကျင့်သုံး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘော ဒီးယားနိုင်ငံက ဦးစီးကျင်းပသည့် (၁၆) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးသဘောတူ အတည်ပြုထုတ်ပြန်ခဲ့သည့် အချက်အလက်များ၊ (၃၄) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးကို ဇွန် ၂၈ ရက်နှင့် ၂၉ ရက်တွင် တောင်ကြီးမြို့၌ ကျင်းပခဲ့သည့် အခြေအနေများနှင့် အဆိုပါအစည်းအဝေးသို့ တက် ရောက်ခဲ့သည့် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Apichet Suesat ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၉ ရက်တွင် နေပြည်တော်သို့ လာရောက် ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ဂါရဝပြုတွေ့ဆုံဆွေးနွေးမှုများ၊ အာဆီယံအလှည့်ကျဉက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် H.E.Mr.Parksokhon ဦးစီးအဖွဲ့၏ မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် အလုပ်သဘောခရီးစဉ် အခြေအနေများ၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး အကြောင်းအရာများ။

 

ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် ဒေသခံပြည်သူလူထုအတွက် ငြိမ်းချမ်းရေးကို အစစ်အမှန်လိုလားသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အနက် မေ ၂၀ ရက်မှ ဇွန် ၂၀ ရက်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် အပြုသဘောဆောင် သည့် ဆွေးနွေးမှုများဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ရာ SSPP အဖွဲ့၊ LDU အဖွဲ့တို့နှင့် လည်း ဆက်လက်တွေ့ဆုံ ဆွေးနွေးသွားမည့်အခြေအနေများ။

 

၂၀၂၂-၂၀၂၃ အခြေခံပညာသင်နှစ် ကျောင်းတက်ရောက်မှုနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်မှုအခြေအနေများ၊ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုး ကြောင့် စာမေးပွဲဝင်ရောက် ဖြေဆိုနိုင်ခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ၂၀၂၃ ခုနှစ်တွင် နောက် ဆုံးတစ်ကြိမ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပေးမည့် အစီအစဉ်များ၊ တက္ကသိုလ်၊ ကောလိပ်များ ဖွင့်လှစ်သင်ကြားမှုအခြေအနေများနှင့် အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဒေသများ၊ ပြည်တွင်းရှိ မလုံခြုံသော နေရာများတွင် ရောက်ရှိနေပြီး ရိုးသားစွာ ကျောင်းပြန်တက်လိုသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ပညာရေးကို ဆက်လက် လုပ်ဆောင်နိုင်ရေး  နိုင်ငံတော်အစိုးရက ပြန်လည် ဖိတ်ခေါ်လျက် ရှိသည်များ။

 

ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ စစ်ဆေးမှု၊ ပိုးတွေ့ရှိမှုနှင့် ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေများ၊ ကမ္ဘာ့ဈေးကွက်အခြေအနေအရ စားဆီနှင့်ပတ်သက်၍ ဈေးနှုန်းမြင့်တက်ခြင်းများရှိသော်လည်း လုံးဝ ြတ်လပ်ခြင်းမရှိအောင် အစိုးရအနေဖြင့် စီမံနေမှုများနှင့် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ပြည်တွင်း၊ ပြည်ပချေးငွေကိစ္စရပ်များ။

 

NUG ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်မှုလုပ်ရပ်များနှင့် ဆက်စပ်မှုများ၊ ရှမ်းနီလူမျိုး၊ KIA နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့တို့အကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခဆိုင်ရာကိစ္စရပ်များ၊ ဥကရစ်ထ စစ်ဆင်ရေးခြေကုပ်စခန်း ဖြစ်စဉ်နှင့်ပတ်သက်သည်များကို video ဖိုင်များ၊ PowerPoint Presentation များဖြင့် ကျယ်ကျယ်ပြန့်ပြန့်  ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ၂၀၂၀ ပြည့်နှစ် အထွေ‌ထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန် ခဲ့သူများကို အရေးယူဆောင်ရွက် မှုအခြေအနေများ၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ အပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို PowerPoint Presentation ဖြင့် ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များ က ပြန်လည်ရှင်းလင်းပြောကြားပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။

 

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ မှီငြမ်းကိုးကားနိုင်ရေးအတွက် သတင်းစာရှင်းလင်း ပွဲဆိုင်ရာ အချက်အလက်များနှင့် ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားရှိရာ တက်ရောက်လာကြသူများက လိုက်လံကြည့်ရှုလေ့လာခဲ့ကြကြောင်းနှင့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြား­မှုအပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)