နိုင်ငံတော်အစိုးရတစ်နှစ်တာပြည်သူ့သတင်းစာ

ရောင်နီလာ၍ မိုးသောက်သည်နှင့် ကမ္ဘာလောကကြီးလည်း နိုးထလာကာ တစ်နေ့တာ၏လုပ်ငန်းများ စတင်ကြရပေတော့မည်။ လူတစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ခုချင်း၊လုပ်ငန်းဌာနတစ်ခုချင်းစသည် စသည်ဖြင့် တစ်နေ့တာအတွက် လုပ်ငန်းကို နံနက်ခင်းမှစတင်လည်ပတ်ကြသည်။

အခြားသော လုပ်ငန်းများစွာနှင့် ကွဲပြားခြားနားကာတစ်ရက်လျှင် ၂၄နာရီ၊ တစ်ပတ်လျှင် ခုနစ်ရက်၊ တစ်နှစ်လျှင် ရက်ပေါင်း ၃၆၅ရက် စဉ်ဆက်မပြတ် လည်ပတ်နေသည့် လုပ်ငန်းကိုပြပါဟုဆိုလျှင် သတင်းစာလုပ်ငန်းကိုညွှန်ပြရမည်ဖြစ်သည်။

သတင်းစာလုပ်ငန်းသည် လူတစ်ဦးချင်း၏ ကျွမ်းကျင်မှုအပြင် အဖွဲ့လိုက်ပေါင်းစည်းကာ အချိန်နှင့်တစ်ပြေးညီ လုပ်ငန်းတာဝန်အလိုက် ဟန်ချက်ညီစွာ စုပေါင်းလုပ်ဆောင်ခြင်းဖြင့် ရလဒ်ထွက်ပေါ်လာရသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ စာတစ်လုံးချင်းမှသည် စာမျက်နှာတိုင်းကို စာဖတ်သူများလက်ထဲရောက်ရှိချိန်အထိ လူသားအရင်းအမြစ်များ၏ စွမ်းအားများဖြင့် စုပေါင်းထုတ်လုပ်ထားသည်ဟု ဆိုရမည်ဖြစ်သည်။

်‌ေိ

မျက်မှောက်ကာလတွင် မြန်မာမီဒီယာကဏ္ဍသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး နေ့စဉ်ထုတ်သတင်းစာများ၊ အပတ်စဉ်ထုတ်ဂျာနယ်များ၊ လစဉ်ထုတ်သတင်းမဂ္ဂဇင်းများနှင့် စာအုပ်စာစောင်များစွာ ထုတ်ဝေလျက်ရှိသည်ကိုမြင်တွေ့နေရသည်။ အစိုးရအပေါ် ဝေဖန်ထောက်ပြချက်များ၊ အကြံပြုချက်များ၊ ထောက်ခံအားပေးမှုများနှင့် အစိုးရ၏ ဆောင်ရွက်ချက်များကို မြင်တွေ့ရသကဲ့သို့ ပြည်သူ့အသံများ၊ ပြည်သူ့တို့၏ လိုအပ်ချက်များ၊ ပြည်သူ့သဘောထားများကိုလည်း သတင်းစာများတွင်ဖော်ပြလာခြင်းဖြင့် သတင်းစာ လွတ်လပ်ခွင့်ကို ပိုမိုအားကောင်းစေရန် အရှိန်မြှင့်ဆောင်ရွက်နေကြသည်။ ပြည်သူနှင့် အစိုးရအကြား အပြန်အလှန်ပေါင်းကူးပေးနေ သည့် မီဒီယာများတွင် ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ထုတ်ဝေနေသည့် နှစ်ပေါင်း ၁၀ဝ ကျော်သက်တမ်းရှိ မြန်မာ့အလင်းသတင်းစာ၊နှစ်ပေါင်း ၆၀ နီးပါးဖြစ်လာသည့် ကြေးမုံသတင်းစာနှင့် အင်္ဂလိပ်ဘာသာအသွင်သစ်ဖြင့် The Global New Light of Myanmar သတင်းစာများသည်လည်း တစ်ထောင့်တစ်နေရာမှ အားဖြည့်ပါဝင်လျက်ရှိသည်။

ကျွန်တော်တို့ သတင်းစာတွေက အစိုးရရဲ့ မူဝါဒတွေ၊ အစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ အစိုးရရဲ့လိုအပ်ချက်တွေကို ဖော်ပြပေးနေသလို တစ်ဖက်မှာလည်းပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေ၊ သဘောထားတွေ၊ တွေ့ကြုံခံစားမှုစတာတွေကို ပေါင်းကူးဖော်ပြပေးနေပါတယ်။ ကျွန်တော်တို့ သတင်းစာတွေဟာ အများပြည်သူအကျိုးအတွက် သတင်းဝန်ဆောင်မှုတာဝန်အပြင်အောင်မြင်တဲ့ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းအဖြစ်လည်း ရေရှည်ရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေကိုတိကျမှန်ကန်မျှတပြီး ဂုဏ်သိက္ခာမြင့်မားတဲ့ နိုင်ငံပိုင်သတင်းစာများအဖြစ်နဲ့ ရပ်တည်နိုင်ဖို့၊ Joint Venture စနစ်နဲ့ လည်ပတ်နေတဲ့ The Global New Light of Myanmar  သတင်းစာကို အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့အဓိက သတင်းစာအဖြစ် ရပ်တည်နိုင်ဖို့ ဆောင်ရွက် နေခြင်း ဖြစ်ပါတယ်ဟု သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအထွေထွေမန်နေဂျာ ဦးရဲနိုင်က ပြောကြားသည်။

ပို၍ထူးခြားသည်မှာ နိုင်ငံပိုင်သတင်းစာများသည် ပြည်သူကို မျက်နှာမူပြီး အစိုးရ၏ လှုပ်ရှားမှုများနှင့်ရည်မှန်းချက်များ၊ မူဝါဒများ၊ ဌာနဆိုင်ရာများမှ ထုတ်ပြန်ချက်များနှင့် ပြည်သူလူထုအတွက် ပြန်ကြားချက်၊ အသိပေးချက်များ၊ ဥပဒေများနှင့် နည်းဥပဒေများ၊ ဥပဒေမူကြမ်းများစသည်တို့ကိုလည်း အခါအားလျော်စွာအမှားအယွင်းမရှိ တင်ဆက်ပေးနေရသည့် တာဝန်များကိုထမ်းဆောင်နေခြင်းဖြစ်သည်။

‌ေ်‌ေိ်‌ေိ

အစိုးရသစ်၏ တစ်နှစ်တာကာလအတွင်းသတင်းစာလုပ်ငန်း ပြုပြင်ပြောင်းလဲခြင်းကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပြီး သတင်းရယူမှုပုံစံ၊သတင်းရေးသားတင်ဆက်မှုပုံစံ၊ သတင်းစာပြင်ဆင်ဖွဲ့စည်းမှုပုံစံ၊ သတင်းစာအရည်အသွေးနှင့် စီးပွားရေးဆိုင်ရာမူဝါဒများ အဓိကထားပြောင်းလဲခဲ့သည်ကိုမြင်တွေ့ရသည်။ ထိုသို့ပြောင်းလဲမှုများကြောင့် သတင်းစာဖတ်ရှုသူများဘက်မှလည်း ကျေနပ်အားရမှုများကို ပြန်လည်ကြားသိရပြီး ပြည်သူ့အသံပေါင်းများစွာသည်လည်း သတင်းစာမျက်နှာများပေါ်တွင် ပွင့်လင်းမြင်သာစွာ ပါဝင်လာနေပြီဖြစ်သည်။

သတင်းစာအဆင့်အတန်း မြင့်မားရေးအတွက် တိုက်ပိုင်သတင်းထောက်များ၊ မြို့နယ်သတင်းထောက်များအား ပြည်တွင်းပြည်ပမှ သတင်းစာပညာရှင်များကိုခေါ်ယူကာ သင်တန်းများပေးခြင်း၊ မဏ္ဍိုင်ကြီးသုံးရပ်မှ ထွက်ပေါ်လျက်ရှိသည့် သတင်းအချက်အလက်များအားပြည်သူများ လွယ်လင့်တကူ သိရှိစေရန်အတွက် ထူးခြားသတင်းများ အဆက်မပြတ်ဖော်ပြပေးခြင်း၊ သတင်းဆောင်းပါး၊ သတင်းသုံးသပ်ချက်များဖြင့် ဖော်ပြပေးခြင်း၊ မတူညီသည့် ရှုထောင့်အမျိုးမျိုးမှ ချဉ်းကပ်ကာ ရေးသားဖော်ပြခြင်း၊ ဖြစ်စဉ်များ ဖြစ်ပွားသည့် ဒေသများကိုကွင်းဆင်းသတင်းရယူကာ ဖော်ပြခြင်း၊ ပြည်ပသတင်းဌာနများနှင့် သတင်းများဖလှယ်အသုံးပြုခြင်း၊ ရိုက်တာသတင်းဌာနမှ သတင်းများကို ဘဏ္ဍာနှစ် တစ်နှစ်စာအတွက်အမေရိကန်ဒေါ်လာ ၁၉၂၀ဝ ဖြင့် ဝယ်ယူအသုံးပြုကာနိုင်ငံတကာသတင်းထူးများ ဖော်ပြပေးခြင်းတို့ကိုလုပ်ဆောင်ခဲ့သည်။

ယင်းအပြင် သတင်းများကို သတင်းစာကျင့်ဝတ်နှင့်အညီ ဘက်မလိုက်၊ မျှတစွာရေးသားဖော်ပြခြင်းကို အထူးအလေးပေးဆောင်ရွက်နေပြီး ဘက်ပေါင်းစုံ၊ရှုထောင့်ပေါင်းစုံမှ သတင်းရေးသားသည့် နည်းလမ်းများကိုတိကျစွာ လိုက်နာကျင့်သုံးလျက်ရှိနေပြီဖြစ်သည်။ နိုင်ငံပိုင်သတင်းစာဖြစ်သည်နှင့်အညီ မဏ္ဍိုင်ကြီးသုံးရပ်မှ သတင်းများကိုလည်း ဦးစားပေးဖော်ပြလျက်ရှိပြီး ယင်းတို့သည်လည်း အခြားမီဒီယာများအပါအဝင် စာဖတ်သူပြည်သူများအတွက် အစိုးရ၏ လှုပ်ရှားမှုကို မျက်ခြည်မပြတ် သိရှိစေရန် ရည်ရွယ်တင်ဆက်နေကြခြင်း ဖြစ်သည်။

ပြည်သူ့သဘောထားစင်မြင့်၊ ထင်သာမြင်သာပြုပြင်စရာ၊ စာတည်းထံပေးစာစသည့် ကဏ္ဍများကိုမြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် ထည့်သွင်းဖော်ပြလျက်ရှိရာ ယင်းကဏ္ဍများမှာ ပြည်သူများအတွက်ဟစ်တိုင်စာမျက်နှာများပင် ဖြစ်သည်။ မည်သူမဆိုအစိုးရအပေါ်ဖြစ်စေ၊ အခြားလုပ်ဆောင်မှုများအပေါ်ဖြစ်စေ အပြုသဘောဖြင့် ဝေဖန်ထောက်ပြနိုင်သည့်အတွက်နေ့စဉ်နှင့်အမျှ တစ်နိုင်ငံလုံးမှ ပေးပို့လာကြသည့် အချက်အလက်များကို အချိန်မီစိစစ်ကာ သတင်းစာအတွင်းထည့်သွင်းဖော်ပြပေးလျက်ရှိပြီး ပြည်သူများအတွက်တိုက်ရိုက်အကျိုးသက်ရောက်မှု များရှိကြောင်း သတင်းစကားများကိုလည်း ကြားသိရသည်။ သတင်းစာလုပ်ငန်းသည် သက်မွေးဝမ်းကျောင်း လုပ်ငန်းများအနက် တစ်ခုအပါအဝင်ဖြစ်ရာ ပုဂ္ဂလိကသတင်းစာများလည်း ထုတ်ဝေလာခဲ့သည်။ ပြင်ပသတင်းစာလုပ်ငန်းများမှ ကျွမ်းကျင်သူများသည် အခြေခံလစာငွေကျပ်နှစ်သိန်းမှ ငွေကျပ်သိန်းဆယ်ဂဏန်းအထိ ရရှိနေချိန်တွင် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ သတင်းစာကျွမ်းကျင်သူဝန်ထမ်းများသည် အခြားနိုင်ငံ့ဝန်ထမ်းများနည်းတူ ဝန်ထမ်းလစာ တစ်မျိုးတည်းဖြင့်သာ တတ်ကျွမ်းသည့် သတင်းစာပညာဖြင့် နိုင်ငံ့အပေါ် အကျိုးပြုနေကြသူများ ဖြစ်ကြသည်။ ပြောင်းလဲလာသည့် မူဝါဒနှင့်အညီ သတင်းစာအရည်အသွေးမြင့်မားရေး၊ သတင်းအရည်အသွေးမြင့်မားရေး ကြိုးပမ်းနေကြပြီး တစ်ဖက်တွင်လည်းသတင်းစာကျင့်ဝတ်စည်းကမ်းများအပေါ် လေးစားလိုက်နာခြင်းတို့ဖြင့် ပြည်သူကို မျက်နှာမူသောသတင်းများပိုမိုတင်ဆက်နိုင်ရေးကို ကြိုးစားကာ ပြောင်းလဲလုပ်ဆောင်နေကြသူများဖြစ်သည်။

 

်‌ေိ‌ေ

 

နိုင်ငံပိုင်သတင်းစာများနှင့်ပတ်သက်၍ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးဖြစ်သူ ဆရာမြင့်စိုး(နတလ)က၁၉၉၄ခုနှစ်မှာ မြင့်စိုး(နတလ)ဆိုတဲ့ ကလောင်ကို သတင်းနဲ့စာနယ်ဇင်းက မွေးဖွားပေးခဲ့တာပါ။ အမျိုးသားရေးနဲ့ငြိမ်းချမ်းရေးဆိုင်ရာဆောင်းပါးတွေကို ရေးခဲ့ပါတယ်။ ခေတ်ကာလပြောင်းလာတာနဲ့အမျှ သတင်းနဲ့စာနယ်ဇင်းလည်း ပြောင်းလဲလာတာကို ကျွန်တော်ခံစားရပြီးကျွန်တော့်ရေးသားမှုတွေကိုလည်း လိုက်ပြောင်းလဲခဲ့တယ်။ မြန်မာ့အလင်းက ၁၉၁၄ခုနှစ်မှာ စတင်ထုတ်ဝေပါတယ်။ ကြေးမုံက ၁၉၅၇ ခုနှစ်မှာ စတင်ထုတ်ဝေတာပါ။ ထွက်လာတဲ့ သမိုင်းတစ်လျှောက်မှာ ခေတ်ကိုမီးမောင်းထိုးပြခဲ့တာကို တွေ့ရမှာပါ။ ဆက်လက်ပြီးတော့လည်း ခေတ်အလိုက်မီးမောင်းထိုးပြ နိုင်လိမ့်ဦးမယ်လို့ ယူဆပါတယ်။ ပြည်သူလူထုအနေနဲ့ သတင်းစာနဲ့ကင်းကွာလို့လုံးဝမရပါဘူး။ နိုင်ငံတော်အစိုးရအနေနဲ့လည်း သတင်းစာထဲကနေတစ်ဆင့် ပြည်သူတွေရဲ့လိုအပ်ချက်ကို သိဖို့လိုအပ်ပါတယ်။ အဲဒီနေရာမှာလည်း ပုဂ္ဂလိကသတင်းစာတွေထက် ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ ငွေကြေးတစ်ရပ်နဲ့ ရပ်တည်နေတဲ့ နိုင်ငံပိုင်တွေဆိုရင် ပိုပြီးသမာသမတ်ကျနိုင်မယ်လို့ထင်ပါတယ်။ မှန်ကန်တဲ့ သတင်းစာပညာကို အသုံးပြုပြီး ပိုမိုပေါင်းစည်းဆောင်ရွက်ရင် မြန်မာ့အလင်း၊ ကြေးမုံဆိုတာအခုနှစ်တစ်ရာကျော်ကနေ နောင်နှစ်များစွာအထိ တည်တံ့နိုင်မှာပါ”  ဟု ပြီးခဲ့သည်နှစ် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း နှစ်ပတ်လည်နေ့ အခမ်းအနားတွင်မှတ်ချက်ပေးသည်။

သတင်းစာမျက်နှာများတွင် တစ်နှစ်တာအတွင်းပြောင်းလဲမှုများအဖြစ် မျိုးဆက်သစ်ရင်ပြင်ကဏ္ဍကို ကြေးမုံသတင်းစာတွင် အပတ်စဉ်ဖော်ပြပေးလျက်ရှိပြီးတစ်နိုင်ငံလုံးမှ မျိုးဆက်သစ်လူငယ်များ၏ အတွေးအမြင်များ၊ ခံစားမှုများကို ဖော်ပြပေးခဲ့ရာ အောင်မြင်မှုရရှိခဲ့ပြီးအပတ်စဉ် လူငယ်များစွာထံမှ ပေးစာများကိုလက်ခံရရှိခဲ့သည်။

ကလေးငယ်များအတွက် ရည်ရွယ်ကာ ကြေးမုံနှင့်မြန်မာ့အလင်းသတင်းစာတို့တွင် အပတ်စဉ်ဆန်းဒေးကာတွန်းအစီအစဉ်ကို ထည့်သွင်းခဲ့ရာကလေးငယ်များအတွက် စာဖတ်စွမ်းရည်၊ အနုပညာစွမ်းရည်၊ စိတ်ဓာတ်နှင့် စာရိတ္တစွမ်းအားများကို မြှင့်တင်ပေးနိုင်ခဲ့ပြီး စာဖတ်သူများလည်း တိုးပွားလာခဲ့သည်။

ယခုထက်ပိုမိုကာ အယ်ဒီတာမူဝါဒများနှင့်စာနယ်ဇင်းအတတ်ပညာအဆင့်အတန်းများ မြင့်မားလာစေပြီး ယခုထက်ပိုမို၍ ကောင်းမွန်သည့် တင်ဆက်မှုများ ရရှိနိုင်ရန်အတွက် ပြည်တွင်းပြည်ပ သင်တန်းများ၊အလုပ်ရုံဆွေးနွေးပွဲများကိုလည်း နိုင်ငံတကာမီဒီယာများနှင့် ပြည်တွင်းသတင်းစာ ပညာသင်တန်းကျောင်းအချို့နှင့် ချိတ်ဆက်ဆောင်ရွက်မှုများကိုလည်း ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် မီဒီယာဗဟုဝါဒ ထွန်းကားစေရေးအတွက် ကြိုးစားနေချိန်တွင် စီးပွားရေးအရ ပုဂ္ဂလိကထုတ်ဝေနေသည့်သတင်းစာများအလယ်တွင် နိုင်ငံပိုင်သတင်းစာများအဖြစ်ကြားခံရပ်တည်ကာ ပြည်သူများ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များ ဖြန့်ဝေခြင်းကိုလည်း ကြိုးစားဆောင်ရွက်နေသည်ကို မြင်တွေ့နိုင်သည်။

နေ့စဉ်လည်ပတ်နေရသည့် သတင်းစာလုပ်ငန်းတွင်သတင်းထောက်များ၊ အယ်ဒီတာများ (စာတည်းများ)မှအစပြုကာ ကွန်ပျူတာကျွမ်းကျင်သူများ၊ စာပြင်ဆရာများ၊ပုံနှိပ်ကျွမ်းကျင်သူများ၊ ဖြန့်ချိရေးအဖွဲ့များ၊ ရုံးအဖွဲ့များစသည်ဖြင့် နေ့ဆိုင်းညဆိုင်းခွဲကာ တာဝန်အသီးသီး ရယူဆောင်ရွက်နေခြင်းဖြင့် နေ့စဉ်ထွက်ရှိနေသည့် သတင်းစာတို့ကို အားဖြည့်ထားသည်။ ထိုဝန်ထမ်းများအပြင် သတင်းစာလက်ပွေ့ရောင်းချသူများ၊ သတင်းစာကိုယ်စားလှယ်များနှင့် သတင်းစာပို့သူများအားလုံးသည်မိမိတို့ သတင်းစာတိုက်များကိုပင် အမှီပြုကာ အသက်မွေးဝမ်းကျောင်းပြုနေကြသူများဖြစ်သည်။

့ျ်ျ်

 

သတင်းခန်းများ၏ အရည်အသွေးမြင့်မားစေရေးအတွက် အသွင်အပြင်နှင့်တကွ အရည်အသွေးကိုပါမြှင့်တင်ထားခဲ့ပြီး သတင်းစာပြင်ဆင်မှုများတွင် သတင်းစာအမှတ်တံဆိပ်(ူသါသ)မှ စတင်ကာ မူလအနေအထားကိုခေတ်နှင့်အညီပြောင်းလဲဆန်းသစ်ကာ ပြင်ဆင်ခဲ့ပြီးအသိပညာပေးကဏ္ဍများ၊ ဖျော်ဖြေရေးကဏ္ဍများနှင့်အတူနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးသတင်းအရပ်ရပ်တို့ကိုအားဖြည့်ပေးထားသည်။ ကိုယ်ပွားသတင်းစာတိုက်များမှတစ်ဆင့်လည်း ဒေသအလိုက် တိုင်းရင်းသားစာမျက်နှာများကို တိုးချဲ့ထုတ်ဝေနိုင်ရန် ကြိုးပမ်းနေပြီး မော်လမြိုင်ကိုယ်ပွားသတင်းစာတိုက်မှ မွန်ဘာသာ၊ စကောကရင်ဘာသာ၊ ပိုးကရင်ဘာသာ၊ ပအိုဝ်းဘာသာတို့ဖြင့် သတင်းများကို အပတ်စဉ်ထုတ်ဝေကာ သတင်းစာများတွင်ထည့်သွင်းဖော်ပြခြင်းဖြင့် တိုင်းရင်းသားတို့အတွက်အသိပညာများပေးဝေလျက်ရှိသည်။ မန္တလေးကိုယ်ပွားသတင်းစာတိုက်မှနေ၍လည်း မန္တလေးစာမျက်နှာအဖြစ်အပတ်စဉ် စနေနေ့တိုင်း မန္တလေးသတင်း၊ မန္တလေးဆောင်းပါးများကို တိုးချဲ့ထုတ်ဝေလျက်ရှိသည်။နိုင်ငံပိုင်သတင်းစာများ ဖြစ်သည်နှင့်အညီသတင်းစာကျင့်ဝတ်များအပြင် သတင်းအချက်အလက်မှန်ကန်မှု၊ သုံးသပ်မှု မှန်ကန်မှုအပြင် မြန်မာဘာသာအဆင့်အတန်း၊ စာလုံးပေါင်း သတ်ပုံတိကျမှုနှင့် အခြားသော ပြည်သူများသိရှိရမည့် အချက်အလက်များစွာကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ခြုံငုံမှုရှိစေရန်ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်သည်။ ပြည်သူများ၏ ဈေးကွက်လိုအပ်ချက်အရ အမြို့မြို့အနယ်နယ်သို့ပျံ့နှံ့သည့် သတင်းစာကြီးများ ဖြစ်သည့်အားလျော်စွာလိုအပ်သလို ကြော်ငြာစာမျက်နှာများကို တိုးချဲ့ပေးနေရသည်။

ကျွန်တော်က အသက် (၁၈) နှစ်ကတည်းကဗိုလ်တထောင်၊ မြန်မာ့အလင်းနဲ့ ဟံသာဝတီတို့မှာ သတင်းပေးပို့လာခဲ့တာ အခုဆိုရင် နှစ်လေးဆယ်ကျော်ခဲ့ပါပြီ။နယ်ကလူတွေက သူတို့နယ်က ဘာသာရေး၊ လူမှုရေး၊စီးပွားရေးသတင်းတွေပါရင် သိပ်ဝမ်းသာကြသလိုသတင်းစာကို ပိုပြီးဖတ်ချင်ကြတယ်။ မြန်မာ့အလင်းကနယ်သတင်းကဏ္ဍအားကောင်းလို့ ကျွန်တော်ကိုယ်တိုင်လည်း သတင်းထောက်အနေနဲ့ ပေးပို့သလို ကိုယ်စားလှယ်လည်း ရယူထားပြီး သီပေါမြို့နယ်မှာ ဖြန့်ဝေပါတယ်။အခြားသတင်းစာတွေ ဘယ်လောက်ဖတ်ရဖတ်ရ နိုင်ငံပိုင်သတင်းစာကတော့ လက်လွှတ်လို့မရသေးပါဘူး။ လိုအပ်တာလေးရှိရင်၊ ကိုးကားချင်တာလေးရှိရင်သတင်းစာ နှစ်စောင်ကို အားကိုးနေရဆဲပါပဲဟု သီပေါမြို့နယ် သတင်းထောက် ဦးစိုင်းသာလှိုင်ကလည်းပြောကြားခဲ့ဖူးသည်။ သတင်းစာများတွင် ဖော်ပြသည့် အချက်အလက်များ၏ ခိုင်မာမှု၊ အာမခံနိုင်မှုနှင့် ရိုးသားစွာတင်ဆက်မှုများကြောင့် ပြည်သူလူထု၏ ယုံကြည်မှုကို ရရှိလာခြင်းသည်သတင်းစာတစ်စောင်၏ ဂုဏ်သိက္ခာပင်ဖြစ်သည်။နိုင်ငံပိုင်သတင်းစာများသည် အခြားပြင်ပသတင်းစာများကဲ့သို့ သတင်းဦးရရှိမှုအားနည်းနေသေးသည်ကို မြင်တွေ့ရပြီး သတင်းစာဖတ်သူများ၏ အမြင်၊ သတင်းစာအပေါ်ယုံကြည်မှု၊ သတင်းစာအပေါ် ခံယူမှုများသည်လည်းမတူညီကြသည်ကို တွေ့ရသည်။ နိုင်ငံပိုင်သတင်းစာများ၏ သတင်းစာမျက်နှာများထက်တွင် ပါရှိသည့်သတင်းများသည် အစိုးရကိုကိုယ်စားပြုသည်ဟူသည့် အမြင်များကိုလည်း မြင်တွေ့ရသည်။ နိုင်ငံပိုင်သတင်းစာများသည် နိုင်ငံ့အကျိုးအတွက်အကျိုးရှိစေမည့် သတင်းများ၊ မဖြစ်မနေပါဝင်သင့်သည့်သတင်းများကို ဦးစားပေးဖော်ပြလျက်ရှိပြီး ဖော်ပြရာတွင်လည်း ပဋိပက္ခဖြစ်စေမည့်၊ အငြင်းပွားစေမည့်၊ လိုရာကောက်ချက် ဆွဲယူနိုင်မည့် အရေးအသား၊ ဖော်ပြချက်များကို ရှောင်ရှားကာ သတင်းစာကျင့်ဝတ်များ၊ နိုင်ငံပိုင်သတင်းများအတွက် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖော်ပြခြင်းဖြင့် ပြည်သူနှင့်အစိုးရအကြားပေါင်းကူးပေးနေခြင်းလည်း ဖြစ်သည်။ သတင်းစာတစ်စောင်၏ ထုတ်လုပ်မှုစရိတ်မှာ အကြမ်းဖျင်းအားဖြင့် ငွေကျပ် ၁၅၀ ကျော်ကုန်ကျသော်လည်း နိုင်ငံပိုင်သတင်းစာများသည် စာဖတ်သူတိုးပွားလာခြင်း၊ နိုင်ငံအတွင်းအပျံ့နှံ့ဆုံးသတင်းစာများဖြစ်ခြင်း၊ ပြည်သူလူထု ယုံကြည်အားကိုးလာခြင်းစသည်တို့ကြောင့် ကြော်ငြာဝင်ငွေရရှိမှုနှင့်အတူ ယင်းဝင်ငွေနှင့်ချိန်ဆ၍ သတင်းစာတစ်စောင်၏ တန်ဖိုးအား ကျသင့်ငွေထက်လျှော့ပြီး ပင်ရင်းဈေး ငွေကျပ် ၅၀ဖြင့် ဝန်ဆောင်မှု ပေးနိုင်ခြင်းဖြစ်သည်။

The Global New Light of Myanmar သတင်းစာကိုလည်း ပုဂ္ဂလိကကုမ္ပဏီနှင့်ပူးပေါင်းကာ Joint Venture အနေဖြင့် ရေတိုကာလအတွင်း ထူထောင်နိုင်ခဲ့ပြီဖြစ်သလို မူလတန်ဖိုးထက်လျှော့ပြီး တစ်စောင်လျှင်ငါးဆယ်ကျပ်ဖြင့်သာ ရောင်းချနေသည်။ အကျိုးအမြတ်ရရှိမှုအပေါ် မူတည်ပြီး မတည်ငွေထည့်ဝင်မှုအလိုက်ရရှိအမြတ်ငွေကိုခွဲဝေနိုင်ခဲ့သည့်အပြင် နိုင်ငံတော်ဘဏ္ဍာအတွက်လည်း အမြတ်ငွေများ ပေးသွင်းနိုင်ခဲ့သည်။ နိုင်ငံပိုင်သတင်းစာလုပ်ငန်းသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအနက်မှ တစ်ခုအပါအဝင်ဖြစ်သည့် အားလျော်စွာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းမူဝါဒနှင့်အညီလျာထားငွေများရရှိအောင် ဆောင်ရွက်ခြင်းအပြင် အရှုံးမရှိစေရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်။သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ အမြတ်ရရှိမှုကိုလေ့လာကြည့်သည့်အခါ နှစ်စဉ်ထိုက်သင့်သော အမြတ်ငွေများရရှိခဲ့ပြီး ပြည်သူ့ဘဏ္ဍာကိုလည်း တစ်ဖက်တစ်လမ်းမှရှာဖွေပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။ သတင်းစာထုတ်ဝေရေးလုပ်ငန်းသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော်လည်း သယ်ယူပို့ဆောင်ခြင်း၊ ကုန်ကြမ်းတင်သွင်းခြင်းစသည့် လုပ်ငန်းစဉ်တိုင်းတွင် အခွင့်ထူးခံစားခြင်းများမရှိဘဲ သယ်ယူပို့ဆောင်မှုများတွင်လည်း ကျသင့်သည့် အဖိုးအခများအလိုက်ပေးချေရသည့်အပြင် ကုန်ကြမ်းဝယ်ယူခြင်းနှင့် သတင်းစာရောင်းချခြင်းများတွင်လည်း ကုန်သွယ်ခွန်ပေးဆောင်ပြီး အမြတ်ငွေ၏ ၂၅ ရာခိုင်နှုန်းကို ဝင်ငွေခွန်အဖြစ်နိုင်ငံတော်သို့ ပေးသွင်းရသည်။ ထို့ပြင် အမြတ်ငွေ၏ ၂၀ ရာခိုင်နှုန်းကို နိုင်ငံတော်သို့ ထည့်ဝင်ငွေပေးအပ်ရပြီးနှစ်စဉ်အမြတ်ငွေများအနက်မှ ၅၅ ရာခိုင်နှုန်းကိုလုပ်ငန်းသုံးရင်းနှီးငွေအဖြစ် ထည့်ဝင်စုဆောင်းရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးရဲနိုင်ထံမှ သိရှိရသည်။

ယခုအခါ လုပ်ငန်းသုံးရင်းနှီးငွေ စုဆောင်းထား ရှိသည့် ပမာဏမှာ ထိုက်သင့်သလောက်ရှိလာပြီး နှစ်စဉ်အသုံးစရိတ်အတွက် သုံးစွဲနိုင်သည့် အခြေအနေများကြောင့် ပြည်ထောင်စု ရန်ပုံငွေစာရင်းခေါင်းစဉ်မှ ကျခံသုံးစွဲခြင်းမပြုတော့ဘဲ လုပ်ငန်းသုံးရင်းနှီးငွေအတွင်းမှသာ ပြန်လည်ထုတ်ယူသုံးစွဲနိုင်လာပြီဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့က ပုဂ္ဂလိကသတင်းစာတွေ၊ ဂျာနယ်တွေမှာလည်း ကြော်ငြာပါတယ်။ မြန်မာ့အလင်းနဲ့ ကြေးမုံမှာလည်း ကြော်ငြာပါတယ်။ ဒါပေမယ့်ကျွန်တော်တို့ လေ့လာချက်အရ ပျံ့နှံ့မှုက မတူပါဘူး။ တစ်ပြည်လုံးပျံ့နှံ့မှုက အစိုးရသတင်းစာတွေက ပိုပြီးအားကောင်းပါတယ်။ စောင်ရေအားဖြင့်လည်း ကွာခြားတဲ့အပြင် အွန်လိုင်းကနေ ညလယ်ဆို သတင်းစာဖတ်ရှုနိုင်ပြီဖြစ်လို့ နိုင်ငံရပ်ခြားကလည်း အချိန်မရွေးဖတ်ရှုနိုင်တဲ့အတွက် ပိုအဆင်ပြေပါတယ်။ ဒါ့အပြင် နိုင်ငံပိုင်သတင်းစာတွေမှာပါရင် လူတွေက ပိုပြီးယုံကြည်ကြတယ်။ များပြားလှတဲ့ သတင်းစာတွေကြားထဲမှာ သတင်းတွေကိုသတင်းလို့မြင်ပြီး နိုင်ငံပိုင်သတင်းစာတွေကရေးသားရင်ထုတ်ပြန်ချက်လို ထင်မြင်တတ်ကြပါတယ်။ အခုနောက်ပိုင်းမှာ နိုင်ငံပိုင်သတင်းစာတွေလည်း ပြည်သူ့မျက်နှာကိုကြည့်ပြီး အမှန်ကိုအမှန်အတိုင်း ကောင်းတာရော၊ ဆိုးတာရော ဆက်လက်ဖော်ပြပေးရင် ပိုကောင်းသွားမှာပါဟု MPT မှ တိုင်းမန်နေဂျာ ဦးမျိုးကျော်ခန့်(နေပြည်တော်ကောင်စီ)နယ်မြေက ပြောကြားသည်။

‌ေ်‌ေိ

 

နိုင်ငံပိုင်သတင်းစာများကို ကျေးလက်ဒေသများအထိ ပို့ဆောင်နိုင်ရန်အတွက်လည်း သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ စီမံဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် အများပြည်သူ၏ ယုံကြည်အားကိုးမှု၊ အားပေးလက်ခံမှုကို ရရှိထားသည့် သတင်းစာများဖြစ်သည့်အားလျော်စွာ သတင်းအချက်အလက်များ ပိုမို၍မြန်ဆန်စွာတင်ဆက်နိုင်ရေးအတွက် Onile မှတစ်ဆင့် Digital Newspaper  အဖြစ် တိုးမြှင့်ထုတ်လွှင့်နိုင်ရန် ဆောင်ရွက်နေပြီဖြစ်သည်။ မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် အချိန်နှင့်တစ်ပြေးညီထုတ်ပြန်နိုင်မည်ဖြစ်သဖြင့် နိုင်ငံတကာအထိ မြန်မာသတင်းများ ပျံ့နှံ့ရောက်ရှိနိုင်တော့မည်ဖြစ်သည်၊ Print Media နှင့် Onile Media တစ်ပြိုင်နက် အားကောင်းစေရန် ရည်ရွယ်ထားခြင်းကြောင့် မှန်ကန်တိကျသည့် သတင်းအချက်အလက်များကို နိုင်ငံတကာမျက်နှာစာအထိ အချိန်နှင့်တစ်ပြေးညီပျံ့နှံ့နိုင်တော့မည်ဖြစ်သည်။

သတင်းစာများသည် ပြည်သူတို့၏ နားနှင့် မျက်စိများဖြစ်ကြသည်။ အမှားနှင့်အမှန်ကို ခွဲခြားသိရှိနိုင်စေခြင်းအတွက် နားနှင့်မျက်စိကို အသုံးပြုကြရပြီးသတင်းစာတိုင်းသည် သတင်းစာပီသစွာ ရပ်တည်ကြရန်အလွန်အရေးကြီးပါသည်။ သတင်းစာသည် နိုင်ငံတော်၏ပြန်တမ်းမဟုတ်သကဲ့သို့ အစီရင်ခံစာအသွင်လည်းမဖြစ်စေရပါ။ မြန်မာ့အလင်း၊ ကြေးမုံနှင့် The Global New Light of Myanmar သတင်းစာတို့မှာ ပြည်သူလူထုအားကိုးအားထားရမည့် သတင်းစာများအဖြစ် မဏ္ဍိုင်ကြီးသုံးရပ်၏ လုပ်ဆောင်ချက်များကို ပြည်သူလူထုထံအသိပေး ဖော်ပြနေသကဲ့သို့ ပြည်သူတို့၏ သဘောထားများကိုလည်း တာဝန်ရှိသူများ သိရှိနိုင်ရေး၊ ပြည်သူအတွက်အသိပညာ ဖြန့်ဖြူးရေး၊ ပြည်သူများသိရှိလိုသည့်သတင်းထူး၊ သတင်းဦးများဖော်ပြရေးစသည်ဖြင့် သတင်းဝန်ဆောင်မှုပေးလျက်ရှိသည်။မိုးခြိမ်းသံကဲ့သို့ ဆူညံလှသည့် သတင်းစာပုံနှိပ်စက်များမှ ရောင်စုံသတင်းစာများကို တဝုန်းဝုန်းမြည်ကာရိုက်နှိပ်ပြီးချိန်တွင် နံနက်ခင်းရောင်နီက အားကောင်းလာသည်။ များစွာသော သတင်းစာထပ်များကို အစီအရီတင်ဆောင်ထားသည့် မော်တော်ယာဉ်များသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်သတင်းစာတိုက်များနှင့် မုံရွာ၊မော်လမြိုင်၊ စစ်တွေ၊ ကလေး အစရှိသည့် ကိုယ်ပွားသတင်းစာတိုက်များဆီမှ ထွက်ခွာကာ အနယ်နယ်အရပ်ရပ်သို့ စတင်ဖြန့်ချိလိုက်သည့်နည်းတူ သတင်းစာများသည်လည်း နိုင်ငံတော်အစိုးရနှင့် ပြည်သူအကြားအပြန်အလှန်ဆက်သွယ်ပေါင်းကူးပေးသည့် ပြည်သူ့သတင်းစာများအဖြစ် ဆက်လက်ဝန်ဆောင်မှုပေးနေဦးမည်ဖြစ်ပါသည်။