နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေးနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲပြုလုပ်

နေပြည်တော် ၁၆ အောက်တိုဘာ

NCA စာချုပ်လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်မှတ်ထိုးထားသည့် အဖွဲ့အစည်းများပါဝင်သည့် ထိပ်သီးအစည်းအဝေး နိုဝင်ဘာ ဒုတိယပတ်တွင် ကျင်းပမည် ။

 

အောက်တိုဘာ ၁၅ မှ ၁၆ အထိ နှစ်ရက်တာ ကျင်းပခဲ့သည့် နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေးနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ညနေ ၆ နာရီက နေပြည်တော်ရှိ Horizon Lake View Resort တွင် ပြုလုပ်ခဲ့သည်။ 

 

သတင်းစာရှင်းလင်းပွဲတွင် ထိပ်သီးခေါင်းဆောင်များ၏ နှစ်ရက်တာ သီးသန့်အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့ပြီး  နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းတို့က မီဒီယာများ၏  သိရှိလိုသည့် မေးခွန်းများကို ဖြေကြားကြသည်။ 

 

ခွဲမထွက်ရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် နှစ်ဖက်ခေါင်းဆောင်များအနေဖြင့် နည်လမ်းရှာဖွေသွားနိုင်မည့် မူကိုချမှတ်ပေးနိုင်ခဲ့ကြောင်း  သိရသည်။ 

 

ပဒိုစောကွယ်ထူးဝင်းက “နည်းလမ်းရှာဖွေတဲ့နေရာမှာ ရွေးချယ်ရမယ့် နိုင်ငံရေးသဘောတူညီမှု စာသား၊ အရေးအသားကို ပြန်လည်ကြိုတင်ပြင်ဆင်ပြီး နှစ်ဖက်စလုံး သဘောတူညီလက်ခံနိုင်တဲ့ ပုံစံမျိုးနဲ့ ကျော်လွှားသွားဖို့ မူချမှတ်နိုင်ခဲ့ပါတယ်။ ခွဲမထွက်ရနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နှစ်ခုစလုံးကို လွှမ်းခြုံနိုင်တဲ့ အဓိပ္ပါယ်ရှိတဲ့ စာသားတွေကို ရွေးချယ်မှုပုံစံတစ်ခုနဲ့ လုပ်သွားဖို့ သဘောတူပါတယ်” ဟုပြောသည်။ 

 

တစ်ခုတည်းသောတပ်မတော်ထားရှိရေး ကိစ္စနှင့်ပတ်သက်၍ နှစ်ဖက်ခေါင်းဆောင်များ ဆွေးနွေးရာတွင် NCA စာချုပ်၏ လမ်းပြမြေပုံ ၇ ချက်တွင် ပါဝင်သည့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ဆိုသည့်အချက်ကို ညှိနှိုင်း၍ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ 

 

“လမ်းပြမြေပုံမှာပါတဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကိစ္စကို ဆွေးနွေးညှိနှိုင်းပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်သွားရမယ့်အပိုင်းတွေပါတယ်။ ဒါကို ကျွန်တော်တို့ ဆက်ဆွေးနွေးဖို့လက်ခံတယ်။ ဒုတိယအနေနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုမှာ တပ်မတော်တစ်ခုတည်းရှိတာကို လက်ခံတယ်။ သို့သော် တစ်ခုတည်းသောတပ်မတော်နဲ့ လူမျိုးပေါင်းစုံပါဝင်တဲ့ တပ်မတော်ကို ဘယ်လိုဖွဲ့စည်းမလဲဆိုတာကို ဆွေးနွေးသဘောတူညီမှု ရခဲ့ပါတယ်”ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။ 

 

NCA စာချုပ်လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လာနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် အဖွဲ့များမှ ကြိုးပမ်းဆောင်ရွက်သွားရန်လည်း ဆွေးနွေးခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။ 

 

ဦးဇော်ဌေးက “အားလုံးပါဝင်လာနိုင်ရေးအတွက် အစိုးရဘက်က ဘာတွေကြိုးပမ်းနေတယ်၊ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကလည်း ဘယ်လိုကြိုးပမ်းနေတယ်ဆိုတာကို ဆွေးနွေးပါတယ်။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ ဆောင်ရွက်ဖို့ကတော့ တပ်မတော်နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့က ပွင့်ပွင်လင်းလင်း ပြောကြပါတယ်” ဟု ပြောသည်။

 

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပါဝင်လာနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင်သည့်  ထိပ်သီးအစည်းအဝေးတစ်ခု ခေါ်ယူသွားရန် NCA လက်မှတ်ရေးထိုးထားသည် အဖွဲ့အစည်းများမှ ဆောင်ရွက်လျက်ရှိပြီး နိုဝင်ဘာ ဒုတိယပတ်တွင် ကျင်းပနိုင်ရန် စီစဉ်လျက်ရှိကာ နိုင်ငံတော်အစိုးရသို့ တင်ပြထားကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။ 

 

သတင်း...ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်