နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေး ဆက်လက် ကျင်းပ

နေပြည်တော် ၁၆ အောက်တိုဘာ 

 

နိုင်ငံတော်အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပရာ အမျိုးသားပြန် လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဆွေးနွေးသည်။

 

 

သီးသန့်အစည်းအဝေး ဒုတိယနေ့သို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊ အစိုးရနှင့် တပ်မတော်တို့မှ တာဝန်ရှိသူများ၊ ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးယွက်ဆစ်၊ အတွင်းရေးမှူး ဦးစိုင်းငင်း၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ခွန်ဥက္ကာ၊ ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ ချင်းအမျိုးသားတပ်ဦး(CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာလျန်မှုန်း ဆာခေါင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ ဗဟိုကော်မတီဝင် စောမြရာဇာလင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်း၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ဥက္ကဋ္ဌ စောမိုရှေး၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အတွင်းရေးမှူး ဒေါက်တာနော်ကပေါ်ထူး၊ မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ၊ ဗဟိုကော်မတီဝင် နိုင်အောင်မငေး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကြာခွန်ဆာ၊ အတွင်းရေးမှူး ကြာဆော်လမွန်၊ NCA လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

 

သီးသန့်အစည်းအဝေး ဒုတိယနေ့တွင် အကျိုးဆောင်များအဖြစ် ကေအဲန်ယူ- ကရင် အမျိုးသားအစည်းအရုံး ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့က ဆောင်ရွက်ကြပြီး နိုင်ငံရေး ဆွေးနွေးပွဲများတွင် သဘောတူညီချက်ရရှိရန် လိုအပ်နေသည့် ကိစ္စရပ်များဖြစ်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရကိစ္စ၊ တစ်ခုတည်းသောတပ်မတော် ထားရှိရေးမူ ချမှတ်နိုင်ရေးကိစ္စရပ်များ၊ နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေး၏ သဘောတူ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်နိုင်ရေးကိစ္စရပ်နှင့် အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးကြသည်။ 

 

(သတင်းစဉ်)