နိုင်ငံတော်အစိုးရက ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

 

ရန်ကုန်၊ မေ ၂၇

 

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားသည့် အနေဖြင့် မည်သို့သောအခြေအနေတွင် တွေ့ကြုံရသည့်တိုင် မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများ ချိတ်ဆက်ပြီး အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည် ရောက်ရှိနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဆော်ဒီအာရေဗျနိုင်ငံ၊ ရီရတ်ဒ်မြို့တွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာသံရုံးအနေဖြင့် ရီရတ်ဒ်မြို့ရှိ အာဏာပိုင်များနှင့် ညှိနှိုင်း၍ နိုင်ငံတော်မှ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ မြန်မာနိုင်ငံသူမမေဖြူလတ်သည် မေ ၂၆ ရက်၌ ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့မှ ဒေသစံတော်ချိန် ည ၈ နာရီတွင် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဒူဘိုင်းမြို့နှင့် နယူးဒေလီမြို့တို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ယနေ့ညနေ ၄ နာရီတွင် ရောက် ရှိခဲ့သည်။

 

မြန်မာနိုင်ငံသူ မမေဖြူလတ်သည် ရီရတ်ဒ်မြို့တွင် အလုပ်လုပ်ကိုင်စဉ် အိမ်ရှင်နှင့် အဆင်မပြေမှုကြောင့် ဒူဘိုင်းမြို့အေးဂျင့်ရုံးသို့ ပြန်ပို့ပေးရန်တောင်းဆိုခဲ့ရာ ခွင့်မပြုသည့်အတွက် ထိုအိမ်မှထွက်ပြေးခဲ့သည်။ လမ်း၌ပါကစ္စတန်လူမျိုး နှစ်ဦးနှင့် တွေ့ဆုံ၍ အခြားအိမ်တစ်အိမ်သို့ ပို့ဆောင်ခဲ့သောကြောင့် ထိုအိမ်တွင် ၂ လကျော်အလုပ်လုပ် ကိုင်ခဲ့ရပြီး အိမ်ရှင်အား ဒူဘိုင်းမြို့သို့ ပြန်လည်ပို့ဆောင်ပေးရန် တောင်းဆိုခဲ့ရာ လေဆိပ်သို့ ပို့ဆောင်ပေးခဲ့သဖြင့် ၁၂ ရက်ကြာ လေဆိပ်တွင် နေထိုင်ခဲ့ရသည်။ ယင်းနောက် King Khalid International Airport မှ လေဆိပ်တာဝန်ခံအရာရှိက လေဆိပ်တွင် ရောက်ရှိနေသော မြန်မာနိုင်ငံသူ မမေဖြူလတ်အား လာရောက်ခေါ်ဆောင်ပေးနိုင်ပါရန် မြန်မာသံရုံးသို့ ဆက်သွယ်ပြောကြားလာ၍ မမေဖြူလတ်အား မေ ၁၀ ရက်၌ လေဆိပ်တွင် သွားရောက်ခေါ်ဆောင်၍ မြန်မာသံရုံးတွင် နေရာထိုင်ခင်း၊ အစားအသောက်နှင့် လိုအပ်သော ကူညီမှုများကို စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ မြန်မာနိုင်ငံသူ မမေဖြူလတ်အား ဆော်ဒီအာရေဗျနိုင်ငံမှ အမြန်ဆုံး ပြန်လည်ထွက်ခွာနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ပြန်လည်ထွက်ခွာခွင့် (Exit Permit) ရရှိခဲ့ပြီး ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ အဆင်ပြေချောမွေ့စွာရောက်ရှိခဲ့ခြင်း ဖြစ်သည်။

 

ဆော်ဒီအာရေဗျနိုင်ငံ၊ ရီရတ်ဒ်မြို့တွင် အခက်အခဲကြုံတွေ့ခဲ့ရမှုအား မမေဖြူလတ် က“ကျွန်မကပဲခူးမြို့မှာနေပါတယ်။ ကျွန်မမှာကလေးလည်းရှိတဲ့အတွက် ပြည်ပမှာလုပ်ခ လစာ များတယ်ဆိုတဲ့ဆက်သွယ်မှုနဲ့ ရောက်ရှိသွားတာပါ။ ဟိုရောက်တော့ အစားအသောက် မမှန်တာ၊ အိပ်ချိန်နည်းတာ၊ ဘာသာစကား နားမလည်တာနဲ့ လစာတောင်းရာမှာ အခက်အခဲမျိုးစုံကြုံရပါတယ်။ နောက်တစ်အိမ်ကိုရောက်တော့ အလုပ်ဆက်လုပ်လို့ မရတော့တာကြောင့် ကျွန်မကိုလေဆိပ်မှာပို့ပေးခဲ့တယ်။ လေဆိပ်မှာ ၁၀ ရက်ကြာတော့ အမိနိုင်ငံကို ပြန်မရောက်တော့ဘူးလို့ ထင်ထားတာ လေဆိပ်ဝန်ထမ်းတွေက မြန်မာသံရုံးကို ဆက်သွယ်ပေးတော့ ချက်ခြင်းလာရောက် ခေါ်ဆောင်တဲ့အတွက် အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါတယ်။ သံရုံးကို ရောက်ချိန်မှာလည်း ဝန်ထမ်းများက အားပေးစကားပြောပြီး လိုအပ်တာတွေအားလုံး ကူညီပေးကြတဲ့အတွက် အတိုင်းမသိဝမ်းသာ ကြည်နူးဖြစ်ရပါတယ်။ မြန်မာနိုင်ငံကို ပြန်လာတဲ့ လမ်းခရီးတစ်လျှောက်မှာလည်း သံရုံးကအစစအရာရာ ကူညီ ဆောင်ရွက်ပေးတာကြောင့် အားလုံးအဆင်ပြေချောမွေ့ခဲ့ပြီး မိမိနိုင်ငံရဲ့အပြန်ခရီးဟာ မထင်မှတ်ထားတဲ့ ကူညီဆောင်ရွက်ပေးမှုရဲ့ ကျေးဇူးတို့ကြောင့် အားလုံးချောမွေ့ခဲ့ပါတယ်။ အခုလိုပြည်ပမှာ အခက်အခဲကြုံတွေနေရချိန်မှာ ကူညီဆောင် ရွက်ပေးကြတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ သံရုံးကဝန်ထမ်းများအားလုံးကို ဒီနေရာကနေ အထူးပဲ လေးလေးစားစား ကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါတယ်”ဟု တွေ့ကြုံခဲ့ရမှု တို့ကို ပြောကြားသည်။

 

နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်ပ၌အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာသံရုံးမှ ညှိနှိုင်း‌ကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြပြီး ယခုလို အမိနိုင်ငံသူတစ်ဦး အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့်မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရနှင့် မြန်မာသံရုံးတို့အား လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး

ညိမ်းသူ(သတင်းစဉ်)