နိုင်ငံတော်အစိုးရ၏ ခိုင်မာသောသန္နိဋ္ဌာန်

နေပြည်တော် ၁၆ နိုဝင်ဘာ 

 

ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရသည် စဉ်ဆက်မပြတ် တာဝန်သိသိဆောင်ရွက်ခဲ့သည်မှာ အထင်အရှားဖြစ်ပါသည်။ တစ်ဖက်နိုင်ငံရောက် နေရပ်စွန့်ခွာသူများထဲမှ စိစစ်ထားပြီးဖြစ်သော ၂၂၆၁ ဦးကို ပထမအသုတ်အနေဖြင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်လက်ခံရန် နိုင်ငံတော်အစိုးရသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရနှင့် ညှိနှိုင်းသဘောတူပြီး ဖြစ်ပါသည်။

 

သို့သော် ယခုအချိန်အထိ ရရှိထားသော သတင်းများအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို မြန်မာနိုင်ငံသို့ ပြန်လည်ပေးပို့ခဲ့ခြင်းမရှိပါ။ ဤကိစ္စရပ်နှင့်ပတ်သက်၍ နိုင်ငံတော်တာဝန် ရှိပုဂ္ဂိုလ်တို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် Physical Arrangement နှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်မှုအားနည်းသည်ဟု သုံးသပ်ရှုမြင် ထားပါသည်။ အဆိုပါမလိုလားအပ်သောကြန့်ကြာမှုများဖြစ်ရခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ပေးပို့ခဲ့သောလူ ၈၀၃၂ ဦးအနေဖြင့် သတ်မှတ်ပုံစံများကို လူပုဂ္ဂိုလ်ကိုယ်တိုင် ဖြည့်စွက်ခဲ့ခြင်း မရှိသောကြောင့် ဖြစ်ပါသည်။

 

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားကြသူများ ပြန်လည်ဝင်ရောက်မလာခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်အပြစ်တင် ပြောဆိုခြင်းသည် ပကတိအခြေအနေနှင့် ကင်းလွတ်နေသော ကျိုးကြောင်းမဲ့ ပြောဆိုမှုသာ ဖြစ်ပါသည်။ ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာ သွားကြသူများအနက် တချို့သည် တတိယနိုင်ငံတစ်ခုခုသို့ သွားရောက်လိုကြ၍ ရခိုင်ပြည်နယ်သို့ ပြန်မလာရန်ဆုံးဖြတ်ထားကြပါသည်။ဤသို့ သောပုဂ္ဂိုလ်များအတွက် မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်အပြစ်တင်ခြင်းသည် တရားမျှတမှုကင်းမဲ့သောလုပ်ရပ်သာဖြစ်ပါသည်။ အလားတူပင် ARSA အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များ၌ ပါဝင်ပတ်သက်ခဲ့သောသူများသည် ရခိုင်ပြည်နယ်သို့ ပြန်လာရန်ဆန္ဒမရှိ ဖြစ်နေပါသည်။ ဤသို့သောပုဂ္ဂိုလ်များအတွက် မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်အပြစ်တင်ခြင်းသည်လည်း တရားမျှတမှုကင်းမဲ့သောလုပ်ရပ်သာ ဖြစ်ပါသည်။ သို့သော် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားကြသူတိုင်းက ရခိုင်ပြည်နယ်သို့ ပြန်လာရန်ဆန္ဒမရှိဖြစ်နေခြင်းမဟုတ်ပါ။ ရခိုင်ပြည်နယ်၌ ဆွေမျိုးသားချင်းရှိသူများနှင့် အိုးအိမ်စီးပွားရှိသူများကမူ ရခိုင်ပြည်နယ်သို့ ပြန်လာရန်ဆန္ဒရှိကြပါသည်။ နေရပ်စွန့်ခွာသူများ ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ ဘေးအန္တရာယ်ကင်းကင်းပြန်လာရေးဟူသော အခြေခံမူကို ဆုပ်ကိုင်အကောင်အထည်ဖော်မည်ဆိုပါက အမှန်တကယ်ပြန်လာလိုသူများကို ဦးစားပေးရွေးချယ်ရမည် ဖြစ်ပါသည်။

 

နိုင်ငံတော်အစိုးရသည် နေရပ်စွန့်ခွာသွားကြသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းနှစ်ခု ဖြစ်သည့် UNDP၊ UNHRC တို့နှင့် နားလည်မှုစာချွန်လွှာတစ်ရပ် (MoU)ကို ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတော်အစိုးရသည် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့်ပတ်သက်၍ အာဆီယံ ၁၀ နိုင်ငံ ပူးပေါင်းဖွဲ့စည်း ထားသည့် AHA Centre နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ ဖြစ်စဉ်တစ်ရပ်လုံးကို စနစ်တကျသုံးသပ်ပါက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ နိုင်ငံတော် အစိုးရ၏ ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချဆောင်ရွက်မှုကို ထင်ထင်ရှားရှား မြင်တွေ့ရမည်ဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း