နေပြည်တော် မတ် ၂၀

မြေဩဇာကော်မတီ၏ (၄၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြေဩဇာကော်မတီဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ကော်မတီဝင်များ၊ မြေဩဇာကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။

စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် စားရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် အရည်အသွေးပြည့်မီသော မြေဩဇာများ သုံးစွဲနိုင်ကြစေရန်နှင့် မြေဩဇာထုတ်လုပ်ခွင့်၊ တင်သွင်းခွင့်မှတ်ပုံတင်ပေးခြင်းလုပ်ငန်းများကို မြေဩဇာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိန်းကျောင်းကြပ်မတ်လျက်ရှိသည့် မြေဩဇာကော်မတီအနေဖြင့် မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် မြေဩဇာမှတ်ပုံတင်များ ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ (၄၃) ကြိမ်မြောက် မြေဩဇာကော်မတီ အစည်းအဝေးအထိ မြေဩဇာမှတ်ပုံတင် (၁၂၂၉၇) စောင် ခွင့်ပြုပေးနိုင်ခဲ့ပြီး ကာယကံရှင်၏ တင်ပြချက်အရ ပယ်ဖျက်မှု (၂၀၈၈) စောင်နှင့် သက်တမ်းကျော်လွန်သည့် ဖျက်သိမ်းခဲ့သော မြေဩဇာမှတ်ပုံတင် (၂၈၆၇) စောင် ရှိသဖြင့် ယနေ့အထိ နိုင်ငံတစ်ဝန်း၌ အသက်ဝင်လုပ်ကိုင်လျက်ရှိသည့် မြေဩဇာမှတ်ပုံတင် (၇၃၄၂) စောင် ရှိကြောင်းသိရသည်။

မြေဩဇာများကို ရာသီချိန်မီ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်မြေဩဇာများ အရည်အသွေး မှန်ကန်မှုရှိစေရန် တိုင်းဒေသကြီး ပြည်နယ် စစ်ဆေးရေးအဖွဲ့များ၏ ပုံမှန်စစ်ဆေးခြင်းလုပ်ငန်းအပြင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် မြေဩဇာများအား နမူနာရယူ၍ ဓာတ်ခွဲ စစ်ဆေးခြင်း ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းများအတွက် ဖြန့်ဖြူးသော မြေဩဇာများကို ကြိုတင်ဓာတ်ခွဲစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ သီးနှံများအထွက်နှုန်း ကောင်းမွန်စေရေး ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်ရေးနှင့် မြေဆီလွှာကျန်းမာရေး ကောင်းမွန်စေရေး ၊ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်မှုရှိသည့် စိုက်ပျိုးမြေဧရိယာများတွင် သွင်းအားစုဖြင့် အချိန်မီပြန်လည်ကုစားရေး လုပ်ငန်းများဖြစ်သည့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ တွဲဖက်အသုံးပြုခြင်းအပြင် မြေနမူနာ ဓာတ်ခွဲစစ်ဆေးချက် အပေါ်မူတည်၍ သီးနှံအလိုက် ထည့်သွင်းရမည့် မြေဩဇာထောက်ခံနှုန်းထားများပေးခြင်း၊ သွင်းအားစုများ စနစ်တကျ ထည့်သွင်းရေးအတွက် တောင်သူနည်းပညာပေးလုပ်ငန်းများကို စိုက်ပျိုးရေးပညာရှင်ကွင်း ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်