နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး နည်းပညာဖြင့် တွန်းအားပေး

၂၉ နိုဝင်ဘာ

 

မျက်မှောက်ကာလတွင် ကမ္ဘာ့နိုင်ငံများသည် နည်းပညာဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေး အကောင်အထည် ဖော်လျက်ရှိသည်။ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး စသည့် ကဏ္ဍပေါင်းစုံတွင် နည်းပညာကို အသုံးချ၍ အပြိုင်အဆိုင် ကြိုးပမ်းဆောင်ရွက်နေကြသည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် e-Government သည် အရေးပါသော လုပ်ငန်းစဉ် ဖြစ်သည်။

 

e-Government ဆိုသည်မှာ အစိုးရ၏ သတင်းအချက်အလက်များကို နည်းပညာဖြင့် စီမံခန့်ခွဲသည့် စနစ်ကို ခေါ်ဆိုသည်။ အစိုးရ အဖွဲ့အစည်း အချင်းချင်းအကြား၊ အစိုးရနှင့် စီးပွားရေး လုပ်ငန်းရှင်များအကြား၊ အစိုးရနှင့် ပြည်သူလူထုအကြား အပြန်အလှန် ဆက်သွယ်ခြင်း၊ သတင်းအချက်အလက်များပေးခြင်း၊ ဝန်ဆောင်မှုပေးခြင်း စသည့်လုပ်ငန်းများကို သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာ (ICT)ကို အသုံးပြုပြီး လုပ်ငန်းများအား လျင်လျင်မြန်မြန်၊ မှန်မှန်ကန်ကန်၊ စရိတ်သက်သက် သာသာနှင့် ပြီးစီးနိုင်အောင် ဆောင်ရွက်သည့် နည်းစနစ်ဖြစ်သည်။

 

အဆိုပါ လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံတွင် ဆယ်စုနှစ်တစ်ခုမျှ ကာလအတွင်း အကောင်အထည်ဖော်လျက် ရှိသော်လည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းမှု မရှိသေးချေ။ e-Government တိုးတက်ရေးနှင့် ပတ်သက်၍ ကျွမ်းကျင်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပူးပေါင်းဆောင်ရွက်မှု အဓိကလိုအပ်မှု သုံးချက်ကို e-Government ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဦးဆောင်ကော်မတီနာယက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်မှာကြားခဲ့သည်။

 

e-Government လုပ်ငန်းသည် နိုင်ငံတော်အစိုးရ၏ စီးပွားရေးနှင့် ပတ်သက်သည့် ချမှတ်ထားသော မူဝါဒ ၁၂ ချက်တွင် တစ်ချက် အပါအဝင်ဖြစ်ပြီး ထိုလုပ်ငန်းကို ဖြစ်မြောက်အောင် ဆောင်ရွက်မည်ဟု သန္နိဋ္ဌာန်ချထားရာ ယခုအခါ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်ကို တွေ့ရသည်။ e-Government သည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုကို တိုင်းတာသည့် ဖွံ့ဖြိုးမှု အညွှန်းကိန်းဖြစ်၍ e-Government လုပ်ငန်းများ တိုးတက်အောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန် မှာကြားချက်နှင့်အညီ လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည် ဖော်ကြရမည် ဖြစ်သည်။

 

မြန်မာနိုင်ငံ၏ e-Government အညွှန်းကိန်းကို ကြည့်မည်ဆိုလျှင်၂၀၁၆ ခုနှစ်က နိုင်ငံပေါင်း ၁၉၃ နိုင်ငံတွင် အဆင့် ၁၆၉ ရှိခဲ့ပြီး ၂၀၁၈ခုနှစ်တွင် အဆင့် ၁၅၇ သို့ တိုးတက်လာသည်ကို တွေ့ရသည်။

 

e-Government လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် ပွင့်လင်းသည့် အစိုးရ ဖြစ်လာစေရန်၊ စွမ်းရည်ပြည့်ဝသည့် အစိုးရဖြစ်ရန်၊ သတင်းအချက်အလက်များကို မျှဝေအသုံးပြုရန်၊ ဝန်ဆောင်မှု ဦးစားပေးသည့် အစိုးရဖြစ်ရန်နှင့် နိုင်ငံ၏ ICT Industry ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ဟူသည့် အချက်ငါးချက်ကို e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌက နိုဝင်ဘာလ ၂၇ ရက်နေ့က ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံတွင် e-Government လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ညွှန်ပြထားသည့် အချက်သုံးချက်ကို အကောင်အထည်ဖော် ခဲ့ရာ ယခုအခါ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုမှာ အစိုးရပိုင်းရော ပုဂ္ဂလိက ကဏ္ဍပိုင်းသာမက ပြည်သူလူထု အတွင်း၌လည်း တိုးတက်လာသည်ကို တွေ့ရသည်။ ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် အရေးပါသည့် ဆက်သွယ်ရေး ကွန်ရက်များကို တိုးချဲ့ ထူထောင်ထားနိုင်ပြီး သတင်းအချက်အလက် ဗဟိုဌာနတစ်ခုကို ထူထောင်နိုင်ရန် စီစဉ်လျက်ရှိသည်။ ပူးပေါင်း ဆောင်ရွက်ရေးအပိုင်း၌ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝ တိုးတက်ရေးကို ရှေးရှု၍ ထိုလုပ်ငန်းကို အားလုံး စိတ်ဝင်စားစွာဖြင့် ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်ကြရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့်န-ွသလနမညာနညအ လုပ်ငန်းအောင်မြင်ရေးအတွက် အားလုံးတက်ကြစွာ ပါဝင်ဆောင်ရွက်ကြပြီး အွန်လိုင်းဝန်ဆောင်မှု အညွှန်းကိန်း၊ တယ်လီကွန် မြူနီကေးရှင်း အညွှန်းကိန်းနှင့် လူသားစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းများ တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။    ။
(ကြေးမုံ)