ကိုလင်း

တရုတ်နိုင်ငံရှန်ဟိုင်းမြို့ ၌ ကျင်းပသည့် နိုင်ငံပေါင်း ၄၅ နိုင်ငံမှ ပြိုင်ပွဲဝင်များ ပါဝင်သော C Plan Kids Super- model 2019  ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သူ သမီးငယ် အစ္စဘဲလ်က First Runner-up  ဆုကို ရရှိခဲ့သည်။ အဆိုပါ ပြိုင်ပွဲကို ဇူလိုင် ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပ ခဲ့ခြင်းဖြစ်ပြီး ပထမဆုံးအကြိမ် ကျင်းပ သော ပြိုင်ပွဲဖြစ်ကြောင်း သိရသည်။

ဆုရရှိသော အစ္စဘဲလ်က “ဒီပွဲကြီးကို သမီးအနေနဲ့ ပထမဆုံးအကြိမ် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တာပါ၊ ပြိုင်ပွဲမစတင်ခင် နှစ်လအလိုကစပြီး နိုင်ငံကိုယ်စားပြု အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ လိုအပ်တာတွေကို ဆရာဂျွန်လွင် ဦးစီးတည်ထောင်ထားတဲ့ Stars and Models အေဂျင်စီနဲ့အတူ ကြိုးစားပြင်ဆင်ခဲ့ပါတယ်။ အခုလို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပထမဆုံး သွားရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ ပြိုင်ပွဲမှာ အကောင်းဆုံး ကြိုးစားပြီး နိုင်ငံ့ဂုဏ်ဆောင်ခွင့်ရရှိဖို့ ယှဉ်ပြိုင်ခဲ့ပါတယ်” ဟု ပြောသည်။

အဆိုပါပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မှုတွင် ပွဲစဉ်တစ်လျှောက် ဝတ်စုံများနှင့် အခြားဝတ်စုံများကို ဒီဇိုင်နာ သျှတ္တရက အကောင်းဆုံး ပြင်ဆင်ချုပ် လုပ်ပေးခဲ့ပြီး Talent  ပိုင်းအနေဖြင့် မြန်မာအကကို စံတော်ချိန်တီးလုံးနှင့် ကပြတင်ဆက်ယှဉ်ပြိုင်ခဲ့ကာ အကပညာရပ်ကို ပန်တျာကျောင်းမှ နည်းပြ ဆရာမနှင့် စနစ်တကျ လေ့ကျင့်သင်ယူပြင်ဆင်ခဲ့ကြောင်း သိရသည်။

မြန်မာ့အလင်း