နိုင်ငံခြားဝင်ငွေ ပိုမိုရရှိရန် မြိတ်မြို့ အပြည်ပြည်ဆိုင်ရာ ငါးလေးလံစျေးကြီးတွင် ငါးစျေးကွက်ဖော်ဆောင်ရန် လိုအပ်နေဟုဆို

မြိတ် စက်တင်ဘာ ၁၇

 

နိုင်ငံခြားဝင်ငွေ ပိုမိုရရှိရန် မြိတ်မြို့ အပြည်ပြည်ဆိုင်ရာ ငါးလေးလံစျေးကြီးတွင် ငါးစျေးကွက်ဖော်ဆောင်ရန် လိုအပ်နေဟု လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုနေကြောင်း သိရသည်။

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင် စက်မှုဇုန်တွင် လွန်ခဲ့သော နှစ်ပေါင်း(၂၀)ကျော်က တည်ရှိခဲ့သည့် အပြည်ပြည်ဆိုင်ရာ ငါးလေးလံစျေးကြီးတွင် အစိုးရအဆက်ဆက် ငါးစျေးကွက်ကြီး မဖော်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

 

မြန်မာ့မြေပေါ်တွင် ငါးဈေးကွက် မဖော်ဆောင်နိုင်ခဲ့သည့်အတွက် နှစ်ပေါင်း (၂၀)ကျော်အတွင်း နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ (၃၀)ဘီလီယံကျော် နစ်နာခဲ့ကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

 

"တနင်္သာရီတိုင်းကထွက်တဲ့ ရေထွက်ပစ္စည်းတွေကို ထိုင်းနိုင်ငံ၊ ရနှောင်းမြို့ကိုသွားတယ်၊ ရနှောင်းမြို့ကနေတစ်ဆင့် အအေးခန်းကားတွေနှင့် မဟာချိုင်ကိုပို့ကြတယ်၊ မဟာချိုင်မှာဆိုရင် ရေလုပ်ငန်းနှင့်ပတ်သက်တဲ့ စက်ရုံအလုပ်ရုံပေါင်း (၆၀၀၀)ကျော်အထိ ရှိနေတယ်၊ အဲဒီမှာ မြန်မာအလုပ်သမား (၁)သန်းကျော်လောက်ရှိပါတယ်။ လူသားအရင်းမြစ် ဘယ်လောက်အထိ ဆုံးရှုံးနေလဲဆိုတာ သိနိုင်မယ်၊ နိုင်ငံတော်အနေဖြင့်လည်း အနှစ်(၂၀)ကျော်အတွင်းမှာ ဆုံးရှုံးနေတဲ့ ငွေပမာဏက ဒေါ်လာဘီလီယံ (၃၀)မကတော့ဘူး၊ ဒါကို ဆက်ပြီး အဆုံးရှုံးခံမလား၊ ကာကွယ်မလား။ မူဝါဒအမှားတွေနှင့် ဆက်သွားကြမှာလား၊ ပြတ်ပြတ်သားသား ဥပဒေတွေထုတ်ပြီး လုပ်မှာလား၊ ငါးတွေကို ထိုင်းမှာသွားပို့ပြီး ပြန်ယူလာမယ့်ကုန်စည်တွေက ခွင့်ပြုထားတဲ့ကုန်စည်တွေလား၊ တရားမ၀င်ကုန်သွယ်မှု၊ တရားမ၀င်ကုန်စည်တွေလားဆိုတာ သိဖို့လိုမယ်၊ (One Stop Service) ဆိုတာကလည်း ကျွန်မတို့ကုမ္ပဏီက ငွေကုန်ကြေးကျခံပြီး ဆောက်လုပ်လှူပေးခဲ့တာပါ။ ကျွန်မတို့ ငါးလေလံစျေး လုပ်တာဆိုတာကလည်း ထိုင်းနိုင်ငံရောက် ငါးစျေးကွက်ကို အမိမြေကို ပြန်ယူဖို့၊ ရောင်းသူစျေးကွက်ဖော်ဆောင်ဖို့၊ ရေလုပ်ငန်းနှင့်ဆက်စပ်တဲ့ အသေးစားအလတ်စားလုပ်ငန်းတွေ အမြောက်အမြားပေါ်ထွန်းဖို့၊ နိုင်ငံတော်က ရေလုပ်ငန်းနှင့်ပတ်သက်ပြီး ဆုံးရှုံးနစ်နာနေတဲ့ အခွန်တွေကိုရရှိဖို့၊ သားစဉ်မြေးဆက် ရေလုပ်ငန်းကို ထုတ်ယူသုံးစွဲနေနိုင်ဖို့ ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်ပါတယ်” ဟု မြိတ်မြို့ အပြည်ပြည်ဆိုင်ရာ ငါးလေးလံစျေးကြီး၏ မန်းနေးဂျင်းဒါရိုက်တာ ဒေါ်ဌေးဌေးဝင်းက ပြောသည်။

 

ယခင်အစိုးရအဆက်ဆက်အနေဖြင့် ရှိပြီးသားငါးလေးလံစျေးကြီးပေါ်တွင် ငါးစျေးကွက်မဖော်ဆောင်ခဲ့ပဲ ငါးလေလံစျေးအသစ်ကိုသာ အချိန်ကုန် ငွေကုန်ခံကာ တည်ဆောက်ရန် ကြိုးစားနေခဲ့ကြကြောင်း မြိတ်ဒေသခံများက ပြောသည်။

 

“ကျွန်မတို့ရဲ့ ငါးလေလံစျေးက ဧက (၁၀၀)ကျော်ရှိတဲ့အပြင် ငါးများခင်းကျင်းပြသနိုင်သည့် စျေးကြီးများစွာ ဆောက်လုပ်နိုင်သလို အအေးခန်းများစွာလည်း ဆောက်လုပ်ဖို့ နေရာများစွာရှိနေပါတယ်။ ကုန်ချောထုတ်သည့် စက်ရုံနေရာများ၊ တံတားများလည်း ဆောက်လုပ်ရန် နေရာအကျယ်၀န်းရှိပါတယ်။ လက်ရှိမှာလည်း ငါးဖမ်းလှေအစီးရေများစွာ ဆိုက်ကပ်နိုင်တဲ့ တံတားကြီးတစ်ခု၊ လည်ပတ်နေတဲ့ ငါးစျေးကြီးတစ်ခု၊ ဌာနပေါင်းစုံပါဝင်တဲ့ One Stop Service လည်း အဆင်သင့်ရှိနေပြီးသားပါ။ ကျွန်မတို့ရဲ့ ငါးလေးလံစျေးကြီးက အမေရိကန်ဒေါ်လာ သန်း (၇၀) ရင်းနှီးမြှုပ်နှံခွင့်ရထားသည့် လုပ်ငန်းဖြစ်တစ်ခု ဖြစ်ပါတယ်” ဟု မြိတ်မြို့ အပြည်ပြည်ဆိုင်ရာ ငါးလေးလံစျေးကြီး၏ မန်းနေးဂျင်းဒါရိုက်တာ ဒေါ်ဌေးဌေးဝင်းက ဆက်ပြောသည်။

 

ယခင်အစိုးရအဆက်ဆက်တွင် မြန်မာ့မြေပေါ်တွင် ငါးစျေးကွက်ရောက်ရှိရန် မဖော်ဆောင်ခဲ့ဘဲ သရက်ချောင်းမြို့နယ်တွင် ငါးလေးလံစျေးအသစ်တစ်ခု၊ အင်းလေးမြိုင်စက်မှုဇုန်ရှိ အပြည်ပြည်ဆိုင်ရာ ငါးလေလံစျေးအနီး မြေနေရာတွင် ငါးလေးလံစျေးတစ်ခု၊ စန္ဒဝတ်ကျေးရွာအုပ်စု (ဒေသအခေါ် မတော်ကြက်) ဧရိယာတွင် ငါးလေးလံစျေးအသစ်များ တည်ဆောက်ရန်သာ ကြိုးစားခဲ့ကြသည့်အတွက် လယ်ယာမြေဧကပေါင်း ထောင်ချီနစ်နာမှုများ၊ ငွေကြေးနစ်နာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

 

လက်ရှိ အပြည်ပြည်ဆိုင်ရာ ငါးလေလံစျေးကြီးတွင် စျေးငါးများကို နေ့စဉ် ရောင်းဝယ်ဖောက်ကာလျက်ရှိပြီး ငါးစျေးကွက်ကြီးတစ်ခု ဖော်ဆောင်ရန် လိုအပ်နေကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)