နိုင်ငံခြားတပ်များ ဖယ်ရှားပေးရေးဆွေးနွေးရန် အီရတ်၏တောင်းဆိုမှုကို အမေရိကန်ပယ်ချ

ဝါရှင်တန် ၁၁ ဇန်နဝါရီ


အမေရိကန်တပ်ဖွဲ့ဝင် ၅၂၀၀ ကို အီရတ်မြေပေါ်မှ ဖယ်ရှားပေးရေးအတွက် ဆွေးနွေးပွဲစတင်ရန် အီရတ်ဘက်မှ တောင်းဆိုမှု ပြုခဲ့သော်လည်း အမေရိကန်ပြည်ထောင်စုက ဇန်နဝါရီ ၁၀ ရက်က ယင်းတောင်းဆိုမှုကို ပယ်ချခဲ့ကြောင်း သိရသည်။


ဘဂ္ဂဒက်မြို့တွင် အီရန် ဗိုလ်ချုပ်ကြီးကို အမေရိကန်က သတ်ဖြတ်ပြီးနောက် အီရတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက်သည်ဟုဆိုကာ အီရတ်တွင် မကျေမနပ်မှုများ ပေါ်ပေါက်လျက်ရှိသည်။ ထို့ပြင် အီရတ်ကို နောက်တစ်ဖန် စစ်အတွင်းသို့ ဆွဲခေါ်သည်ဟုလည်း အီရတ်တို့က ထင်မြင်ယူဆကြသည်။


အမေရိကန်တပ်များ အီရတ်မြေပေါ်မှ ဖယ်ရှားပေးရေး ဆွေးနွေးမှုများ စတင်ရန် အမေရိကန်မှ အထူး ကိုယ်စားလှယ် စေလွှတ်ပေးရေးအတွက် အီရတ်ဝန်ကြီးချုပ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးထံ တောင်းဆိုခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဆွေးနွေးမှုများစတင်ရန် အသင့်ရှိကြောင်း သို့သော် တပ်ဖွဲ့ဝင်များ ဖယ်ရှားပေးရေးကိုမူ ဆွေးနွေးမည်မဟုတ်ဟုပြောကြားခဲ့သည်။ ယခုအချိန်တွင် အီရတ် သို့စေလွှတ်မည့် အထူးကိုယ်စားလှယ်မှာ မဟာဗျူဟာမြောက်မိတ်ဖက်နှင့် အကောင်းဆုံးကတိကဝတ်များ ပြုလုပ်ရန်သာ ဆွေးနွေးရန်ရှိပြီး အမေရိကန်တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့်ကိစ္စ ဆွေးနွေးရန်မရှိဟု နိုင်ငံခြား ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်ဂန်အော်တာဂတ်စ်က ပြောသည်။


လွတ်လပ်သော အချုပ်အခြာအာဏာရှိပြီး ကြွယ်၀သောအီရတ်နိုင်ငံ နှင့် မိတ်ဆွေဖြစ်လိုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် အမေရိကန်က အီရတ်နိုင်ငံကို ကျူးကျော်ခြင်းမှာ အမှားအယွင်း ဖြစ်သည်ဟု သမ္မတထရမ့်က ဖော်ပြခဲ့ပြီး အီရတ်အပါအဝင် အခြားသော နိုင်ငံများတွင် အမေရိကန်တပ်များ တပ်ဖြန့်ချထားမှုမှာ ဖြုန်းတီးမှုတစ်ခုသာဖြစ်သည်ဟု ယခင်အချိန်တုန်းက သမ္မတထရမ့် ဝေဖန်ခဲ့ဖူးသည်။ မည်သို့ပင်ဆိုစေကာမူ အီရတ်နိုင်ငံဘက်မှ အမေရိကန်တပ်များကို ဖယ်ရှားရန် ကြိုးပမ်းလာသည့် အချိန်တွင်မူ ထရမ့်သည် ဒေါသတကြီး ပြန်လည်တုံ့ပြန်ခဲ့သည်။
အီရတ်သည် အမေရိကန်၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သော်လည်း အမေရိကန်တပ်များကိုဖယ်ရှားရန် ပြုလုပ်ပါက ပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။ အီရတ်ရှိ အမေရိကန်တပ်များ၏ တာဝန်မှာ အလွန်ရှင်းလင်းကြောင်း၊ ဒေသခံတပ်ဖွဲ့ဝင်များကို သင်ကြားပေးရန်နှင့် အိုင်အက်စ် အကြမ်းဖက်အုပ်စုများကို တိုက်ခိုက်ရန်အတွက်ပင် ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

အေအက်ဖ်ပီ