နိုင်ငံခြားရေးရာ မူဝါဒကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံခြားရေးမူဝါဒကော်မတီ၏ (၁/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားသည့် အမှာစကား

နေပြည်တော်၊ ၁၈ ဖေဖော်ဝါရီ

နိုင်ငံခြားရေးရာမူဝါဒကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက မိမိတို့လက်ခံကျင့်သုံးသည့်နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ အခြေခံဥပဒေတွင် မိမိတို့၏ နိုင်ငံခြားရေး မူဝါဒကို လွတ်လပ်၍တက်ကြွသည့် ဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ငြိမ်း ချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေး ရှေးရှုသည့်မူဝါဒ၊ ကမ္ဘာ့နိုင်ငံ အချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းသည့် မူဝါဒ(၃)ရပ်ကို ပုဒ်မ - ၄၁တွင် ပြဌာန်းထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံလုံခြုံရေးနှင့်ပတ်သက်၍ နိင်ငံတကာ အပေါ်တွင်ထားရှိသည့် သဘောထားသည် ပုဒ်မ (၄၂-က)တွင် နိုင်ငံတော်သည် မည်သည့်နိုင်ငံ ကိုမျှစတင် ကျူးကျော်တိုက်ခိုက်ခြင်း မပြု၊ (၄၂-ခ)တွင် နိုင်ငံတော်သည် နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ဝင်မှ တပ်ချခွင့်မပြုဟု ပြဋ္ဌာန်းထားသဖြင့် များစွာရှင်းလင်းသည့် နိုင်ငံခြား ရေးမူဝါဒဖြစ်ကြောင်း။

မိမိတို့သည် အင်အားကြီး နိုင်ငံနှစ်နိုင်ငံအကြားတွင် တည်ရှိသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ယင်းနှစ် နိုင်ငံနှင့် နယ်နိမိတ်ခြင်း ထိစပ်နေသည့် မိမိတို့နိုင်ငံအနေဖြင့် အထူးသတိကြီးစွာ ဆက်ဆံရန် လိုအပ်သကဲ့သို့ ယင်းနှစ်နိုင်ငံနှင့် ဆက်ဆံရေးအပေါ်မူတည်၍ မိမိတို့နိုင်ငံကို အခြားနိုင်ငံများက စိတ်ဝင်စားမှုများစွာရှိနေသည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည့် နိုင်ငံခြားရေးမူဝါဒများနှင့် ပတ်သက်၍ အထူးထိန်းသိမ်း ဆောင်ရွက်သွားရမည်ကိုပြောလိုကြောင်း။ နိုင်ငံ၏ နယ်စပ်ဒေသများကို ထာဝရတည်ငြိမ် အေးချမ်းသည့် နယ်စပ်ဒေသဖြစ်ရန်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် ထာဝရတည်ငြိမ်အေးချမ်းပြီး ငြိမ်းချမ်းချစ်ခင်သည့် အိမ်နီးနားချင်း ဆက်ဆံရေး ထူထောင်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် သီးခြားနေထိုင်၍ မရကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး၊ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်များတွင် တပ်မတော်အစိုးရ လက်ထက်၌ ကြိုးစား ဆောင်ရွက်ခဲ့သည့်အတွက် နောက်ပိုင်းတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံအပြင် အခြားနိုင်ငံ တကာဆက် ဆံရေးနယ်ပယ်များတွင်လည်း ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်လာနိုင်သည်ကို တွေ့ရကြောင်း၊ နိုင်ငံတကာဆက်ဆံရေးတွင် အိမ်နီးနားချင်း ဆက်ဆံရေးမှာ အရေးကြီးကြောင်း၊ ထို့ကြောင့် အိမ်နီးနားချင်းနိုင်ငံများမှာ မိမိတို့အတွက် ဦးစားပေးဆက်ဆံရမည့် နိုင်ငံများဖြစ်သည်ကို ပြောလိုကြောင်း။

အိမ်နီးချင်း ဆက်ဆံရေးတွင်လည်း မတူသည့်မူဝါဒများ၊ ယဉ်ကျေးမှုများရှိသည့် နိုင်ငံများနှင့် ဆက်ဆံခြင်းဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံချင်းအပေါ်တွင်မူတည်၍ နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များကို ထိတွေ့ဆက်ဆံနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအနေအထားတွင် ခေတ်အဆက်ဆက်တည်ရှိခဲ့သည့် အိမ်နီးနားချင်း ဆက်ဆံရေးနှင့် ထာဝရငြိမ်းချမ်းသည့် အိမ်နီးနားချင်းဆက်ဆံရေးမှာ ချစ်ကြည်ရင်းနှီးမှုများရှိပြီး ဖြစ်သည့်အတွက် ပိုမိုခိုင်မာမှုရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးသည့် နိုင်ငံဖြစ်ကြောင်း၊ ပြည်တွင်းရင်းနှီး မြှုပ်နှံမှုနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုကိုလည်း ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံမည့်နိုင်ငံများ အထူးသဖြင့် အိမ်နီးနားချင်းနိုင်ငံ များ၏ အနှောင်အဖွဲ့ ကင်းသည့် ရင်းနှီးမြှုပ်နှံမှုကိုလည်းကြိုဆို၍ တိုင်းပြည်နှင့် ပြည်သူလူထု အတွက် အကျိုးရှိမည်ဆိုပါက အားပေးရမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ခြင်းအားဖြင့် အိမ်နီးချင်းနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်သည့် ပြည်သူများ ၏အခန်းကဏ္ဍကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းအားဖြင့် အိမ်နီးနားချင်း ဆက်ဆံရေးများ၊ ကူးလူးဆက်ဆံရေးများ ပိုမိုများပြားလာမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း အိမ်နီးနားချင်းကူးလူး ဆက်ဆံခြင်းမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သည့် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းများသည်လည်း ပိုမိုများပြားလာနိုင်မည်ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့် အလမ်းများသည်လည်း ပိုမိုရရှိလာစေမည်ဖြစ်ကြောင်း၊ ထို့ပြင် ပို့ကုန် ပစ္စည်းများလည်း ပိုမိုရရှိလာစေမည်ဖြစ်ကြောင်း။

ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာပါက သွင်းကုန်အစားထိုးများစွာဆောင်ရွက်နိုင်ပြီး တိုင်းပြည်၏ နိုင်ငံခြားငွေလိုအပ်မှုကိုလည်း များစွာလျော့ချလာနိုင်သည်အထိ အကျိုးခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုနှင်ပတ်သက်၍ လုပ်ငန်းကို အခြေခံသည့်၊ အလုပ်အကိုင် ကိုအခြေခံသည့်၊ ထုတ်လုပ်မှုကိုအခြေခံသည့်၊ ပို့ကုန်ပစ္စည်း ကိုအခြေခံသည့်၊ ပို့ကုန်ပစ္စည်းကို ထုတ်လုပ်နိုင်သည့်အပေါ်အခြေခံသည့်၊ သွင်းကုန် ပစ္စည်းအစားထိုးခြင်းကို အခြေခံသည့် ရင်းနှီးမြှုပ်နှံမှု မျိုးကိုအားပေးပြီး နိုင်ငံခြားရေး မူဝါဒများနှင့် ဆက်လက်ဆောင်ရွက် သွားရန်ဖြစ် ကြောင်း။ မိမိတို့နိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှလက်မှတ် ရေးထိုးထားပြီးဖြစ်သည့် ပဋိညာဉ်စာချုပ်များ၊ ကတိကဝတ်များများနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ လက်ခံနိုင်သည့် ကိစ္စရပ်များအားလုံးကိုလည်း အလေးထားပြီး လေးစားလိုက်နာသွားရန် ဖြစ်ကြောင်း၊ အလားတူ မိမိတို့အနေဖြင့် နိုင်ငံတကာရေပိုင်နက်များနှင့် ဆက်ဆံနေရခြင်းရှိကြောင်း၊ ထို့ကြောင့် ရေပြင်ပိုင်နက် များစနစ်တကျရှိစေရန်နှင့် ရေပြင်ပိုင်နက်ဆိုင်ရာ သဘောတူညီချက်များကိုလည်း အမြန်ပြီးပြတ်စေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့ပြင်ရေပြင်ပိုင်နက် လုံခြုံရေးများကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်း။

အိမ်နီးနားချင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများ အပါအဝင် ပြည်ပနိုင်ငံများတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများစွာရှိကြောင်း၊ တရားဝင်သွားသည့်သူများ ရှိသကဲ့သို့ တရားမဝင်သွားသည့်သူများလည်း ရှိကြောင်း၊ ၎င်းတို့သည် မိမိတို့နိုင်ငံသားများ ဖြစ်သည့်အတွက် မိမိတို့နိုင်ငံက ကာကွယ်စောင့်ရှောက် ပေးရန်လည်းလိုအပ်ကြောင်း၊ ထို့ကြောင့် အခွင့်အလမ်းများကိုဖော်ထုတ်၍ ပြည်ပတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို မိမိတို့နိုင်ငံ၏ ဥပဒေအကာအကွယ်များ ပေးနိုင်သမျှပေးနိုင်စေရန်နှင့် ၎င်းတို့အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာလိုသည်ဆိုပါက ပြန်လာနိုင်စေရန် အခွင့်အလမ်းများ ဖော်ထုတ်ပေးရန် လိုအပ်ကြောင်း။

ပြီးခဲ့သည့် ကာလအတွင်းတွင် မြန်မာနိုင်ငံသို့ပြန်လာ လိုသည့်အတွက် တောင်းဆိုထားခြင်း များစွာရှိကြောင်း၊ သို့သော် COVID-19 ကြောင့် ပြန်လာရန် အခက်အခဲဖြစ်နေခြင်းများရှိသဖြင့် ၎င်းတို့ပြန်လာနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက် သွားရန်လိုကြောင်း၊ COVID-19 ကပ်ရောဂါသည် တစ်ကမ္ဘာလုံးဖြစ်ပေါ်နေသည့် ရောဂါဖြစ်ကြောင်း၊ ယင်းနှင့်ပတ်သက်၍ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် လိုကြောင်း၊ ကူးစက်ပြန့်ပွားမှုလျော့ချရေး၊ ကာကွယ် ကုသရေး၊ နည်းပညာပိုင်းဆိုင်ရာတွင် ပူးပေါင်းဆောင်ရွက်ရေး၊ သတင်းအချက် အလက်ဖလှယ်ရေး ကိစ္စရပ်များသည် များစွာကျယ်ပြန့်ကြောင်း၊ ထို့ကြောင့် COVID-19 ရောဂါနှင့်ပတ်သက်၍ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် အခါအားလျော်စွာ ဖြစ်ပေါ်လာသည့် ကပ်ဘေး ရောဂါများရှိကြောင်း၊ ယင်းကပ်ရောဂါများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ရောဂါကူးစက်မှုကာကွယ်ရေး၊ ကုသရေး၊ ထိန်းချုပ်ရေးတို့ အတွက် နည်းပညာနှင့်သတင်းအချက်အလက်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြား နိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်၍ မိမိတို့နိုင်ငံအနေဖြင့် အမြန်ဆုံးတုန့်ပြန် ဆောင်ရွက်နိုင်ရန် အတွက် စဉ်းစားဆောင်ရွက်ရန် လိုအပ်ကြောင်း။

ကော်မတီသည် မူဝါဒများချမှတ်ဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်သည့်အတွက် တစ်ဖက် တွင်လည်း နိုင်ငံတော်အတွက်အကျိုးရှိမည့် လုပ်ငန်းများ၊ အထူးသဖြင့် နိုင်ငံတကာ အကူအညီ များရှိကြောင်း၊ နိုင်ငံတကာချေးငွေများရှိကြောင်း၊ အထူးအစီအစဉ် အရပေးသည့် လုပ်ငန်းရပ်များ ရှိကြောင်း၊ ယင်းအခွင့်အရေးများကို လည်းလက်တုန့်မနှေး ရရှိနိုင်ရေးအတွက်နည်းလမ်းရှာကြံ၍ ဆောင်ရွက်သွားမည်ဆိုပါက တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အထောက် အကူရရှိမည်ဟု ပြောလိုကြောင်း။

လူဝင်မှု ကြီးကြပ်ရေးကိစ္စရပ်များ၌ ပြည်ပနိုင်ငံသို့ သွားရောက် အလုပ်လုပ် ကိုင်ကြသည့် မြန်မာ နိုင်ငံသားများရှိကြောင်း၊ ယင်းတွင် တရားမဝင်သွားရောက်ခြင်းရှိသကဲ့သို့ တရားဝင် သွားရောက်ခြင်းလည်းရှိကြောင်း၊ တရားမဝင်သူများကို ဥပဒေလမ်းကြောင်းမှ မိမိတို့ နိုင်ငံသို့ ပြန်လည်ခေါ်ယူခြင်း သို့မဟုတ် တရားဝင်အောင်ဆောင်ရွက်ပေးရေး၊ ၎င်းတို့ နေထိုင် သည့်နိုင်ငံတွင် တရားဝင် နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ရပ်ပေါင်းပြီး ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ပြင် လူကုန်ကူး ခံရမှုကြောင့် ပြည်ပသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ကယ်တင်နိုင်ရေးနှင့် လူကုန်ကူးမှုမခံရစေရေးအတွက် တားဆီးခြင်း၊ ကာကွယ်ခြင်း၊ ပြန်လည်ခေါ်ယူခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း။ နေရပ်စွန့်ခွာသူများ ကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်က ချမှတ်ထားသည့်မူဝါဒများ၊ ခေတ်အဆက်ဆက် နှစ်နိုင်ငံသဘောတူညီချက်များ၊ ဥပဒေများနှင့်အညီ အမြန်ဆုံး ဆောင်ရွက်သွား ရန်လိုကြောင်း၊ နယ်စပ်ဒေသဆိုင်ရာ ကိစ္စရပ်များကိုလည်း တုံ့နှေးခြင်းမရှိဘဲ နှစ်နိုင်ငံသဘော တူညီချက်များနှင့်အညီ တုန့်ပြန်ဆောင်ရွက် သွားရန်လိုကြောင်းဖြင့်မှာကြားသည်။

 သတင်းစဉ်