နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၁၆  မေ

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးမှာ နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ စတုတ္ထ အကြိမ်မြောက် အစည်းအဝေးဖြစ်ပါကြောင်း၊ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၁၁၃/၂၀၁၆) ဖြင့် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်(၁၉)ဦး ပါဝင်ကာ လုပ်ငန်းတာဝန် (၁၀) ရပ် ချမှတ်ခဲ့ပါကြောင်း၊ အဆိုပါတာဝန်များကို အကောင်အထည် ဖော်ဆောင်ရွက်ရန် အတွက် လုပ်ငန်းကော်မတီ၊ အကြံပေးကော်မတီ(၆)ဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ကော်မတီများနှင့် ခရိုင်အဆင့်ကော်မတီများကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း။

ယခင်ကျင်းပခဲ့သည့် ဗဟိုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃)ကြိမ်တွင် အစည်းအဝေးဆုံးဖြတ်ချက် စုစုပေါင်း (၂၃)ချက် ချမှတ်ခဲ့ကာ ဆောင်ရွက်ပြီးစီးမှု (၈)ချက်ရှိပြီး ဆောင်ရွက်ဆဲ(၁၅)ချက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများထဲမှ အချိန် တိုတိုနှင့် ပြီးမြောက်ရမည့်လုပ်ငန်းများကို နောက်လာမည့် အစည်းအဝေးမတိုင်မီ ပြီးမြောက်အောင်နှင့် ရေရှည်ဆောင်ရွက်ရမည့် ဆုံးဖြတ်ချက်များကို အချိန်ကာလသတ်မှတ်ပြီး ပြီးစီးအောင် ဆောင်ရွက်သွားကြစေလိုပါကြောင်း။

မြန်မာ့ပင်လယ်ကမ်းရိုးတန်းဒေသသည် ၂၈၃၂ ကီလိုမီတာ ခန့်ရှည်လျားကာ ကမ်းဦး ရေတိမ်ပိုင်း ရေပြင်အကျယ်အဝန်းမှာ ၂၃၀ဝ၀ဝ sqkm ခန့် ကျယ်ဝန်းပြီး ဒီရေတောဂေဟစနစ်၊ သန္တာကျောက်တန်းဂေဟစနစ်၊ ပင်လယ်မြက်ခင်း၊ လတာပြင်၊ မြစ်ဝနှင့် သဲသောင်ကမ်းခြေ ဂေဟစနစ်များ တည်ရှိနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ အဆိုပါ ဂေဟစနစ်များသည် ကမ်းရိုးတန်းဒေသ စနစ်ကြီးတစ်ခုလုံး ပုံမှန်လည်ပတ်နိုင်ရန်အတွက် ကိုယ်စီကိုယ်င ှလုပ်ငန်းများ ဆောင်ရွက်နေကြပါကြောင်း၊

သီးခြားစနစ်တစ်ခုထိခိုက်ပျက်စီးသည်နှင့် စနစ်ကြီးတစ်ခုလုံးအပေါ် တွင် အကျိုးသက်ရောက်နိုင်ပါကြောင်း၊ ကမ်းရိုးတန်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာ တွင် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်စေရန်အတွက် လုပ်ငန်း မဆောင်ရွက်ခင်ကတည်းက ကမ်းရိုးတန်းဂေဟစနစ်များအပေါ် ထိခိုက်နိုင်မှုဆန်းစစ်ခြင်းနှင့် ဆန်းစစ်ရရှိမှုအပေါ် အခြေခံပြီး စနစ်တကျ ဘက်စုံစီမံကိန်းများ ရေးဆွဲဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ ၎င်းအပြင် ကမ်းရိုးတန်းဒေသတွင် ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများသည် ပင်လယ် ကမ်းရိုးတန်း သယံဇာတများ ထိခိုက်မှုမရှိအောင် ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများ အတိုင်း လိုက်နာဆောင်ရွက်ပြီး သက်ဆိုင်ရာဌာနများ၊ ဒေသခံများနှင့်ပူးပေါင်းကာ ဂေဟစနစ် များ မပျက်စီးရေး၊ ပင်လယ်ကမ်းရိုးတန်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားစေလိုပါကြောင်း။

ပင်လယ်ကမ်းရိုးတန်းသယံဇာတများကို အကျိုးရှိထိရောက်စွာနှင့် ရေရှည် အသုံးပြုနိုင်ရန်အတွက် သက်ဆိုင်ရာအစိုးရဌာနများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရမဟုတ်သောအဖွဲ့ အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် “ပေါင်းစည်း ဆောင်ရွက်ခြင်းကြောင့် ရရှိလာသည့်စွမ်းအား”နှင့်အတူ မိမိတို့နိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်း သယံဇာတများကို လက်ရှိ နိုင်ငံသားတို့အတွက်သာမက နောင်သားစဉ်မြေးဆက်အတွက်ပါ စီမံအုပ်ချုပ်လုပ်ကိုင်နိုင်မည့် စနစ်တစ်ရပ်ကို မိမိတို့ တည်ထောင်ထားခဲ့နိုင်အောင် လုပ်ဆောင် ခြင်းလည်း ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံ၏ တိုင်းဒေသကြီး(၄) ခုနှင့် ပြည်နယ်(၂) ခုတွင်ရှိသော ကမ်းရိုးတန်းဒေသ  တစ်လျှောက်တွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ခန့် နေထိုင်လျက်ရှိပြီး တစ်နည်းမဟုတ်တစ်နည်း ပင်လယ်ကမ်းရိုးတန်းဒေသ ဂေဟစနစ်များက ရရှိသည့်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအပေါ်တွင် မှီခိုရှင်သန် ရပ်တည်နေကြရပါကြောင်း၊ ကမ်းရိုးတန်းသယံဇာတများကို ရေရှည်တည်တံ့စေသော စီမံအုပ်ချုပ် လုပ်ကိုင်မှုလုပ်ငန်းများ စနစ်တကျမရှိပါက သယံဇာတများကို အလွန်အကျွံထုတ်ယူသုံးစွဲမှုများကြောင့် အရေးပါသည့် ဂေဟစနစ်များ အတိုင်းအတာတစ်ခုအထိ ပျက်စီးယိုယွင်းလာနိုင်ပြီး ထိုဂေဟစနစ်များကရရှိ နေသော ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ လျော့နည်း ကျဆင်းသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပင်လယ်ကမ်းရိုးတန်း ဂေဟစနစ်များသည် လူတို့၏ နေ့စဉ်စားဝတ်နေရေးနှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရေးတို့အတွက် သဘာဝအလျောက် တည်ရှိနေသော အခြေခံအဆောက်အအုံများ ဖြစ်ကြပါကြောင်း၊ ထိုအခြေခံ အဆောက်အအုံများကို လူတို့က တန်ဖိုးထားထိန်းသိမ်းကာကွယ်လျှင် ၎င်းတို့ထံမှ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ပိုမိုရရှိနိုင်ပြီး ကမ်းရိုးတန်းဒေသနေ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝဘေး အန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရေးတို့ကို များစွာအထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း။

၁၉၈၂ ခုနှစ် အောက်တိုဘာလ ၂၈ ရက်တွင် ကျင်းပခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ (World Charter for Nature) သဘာဝပတ်ဝန်းကျင် ဆိုင်ရာကြေညာစာတမ်း တွင် “မိခင်သဘာဝကိုလေးစားပါ၊ ကမ္ဘာပေါ်မှာအပင်နှင့် တိရစ္ဆာန်တို့ မျိုးရိုးဗီဇစုံလင်စွာ တည်ရှိမှု ကို ထိခိုက်ပျက်စီးမှု မရှိစေရန် ဆောင်ရွက်ပါ၊ သဘာဝပတ်ဝန်းကျင် ကို ထိန်းသိမ်းကာကွယ်ပါ၊ သယံဇာတများ ရေရှည်တည်တံ့စေရန် စီမံအုပ်ချုပ်သည့်စနစ်ကို ကျင့်သုံးပါ၊ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုမရှိစေရန်ဆောင်ရွက်ပါ” စသည့် တိုက်တွန်းချက်များကို တွေ့ရသည့်အတွက် လွန်ခဲ့သော ( ၃၅ )နှစ်ခန့်ကစပြီး သဘာဝဂေဟစနစ်များကို ထိန်းသိမ်းစောင့်ရှောက်ကြရန် နိုးကြားသည့်အသိရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း။

ပင်လယ်ကမ်းရိုးတန်းဒေသများအပါအဝင် နိုင်ငံတစ်ဝန်း ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင် “ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်သည့်အုပ်စု” နှင့် “ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေးအုပ်စု”တို့အကြား အငြင်းပွားစရာများလည်း ရှိနေပါကြောင်း။

အမှန်တကယ်တွင် “ဖွံ့ဖြိုးရေး” နှင့် “ထိန်းသိမ်းရေး” တို့သည်လူသားများအတွက် နှစ်မျိုးလုံးလိုအပ်နေသောကြောင့် တစ်ဖက်နှင့်တစ်ဖက် ဆန့်ကျင်ဘက် သွားကြမည့်အစား အချင်းချင်းညှိနိုင်းပြီး အတူတူလက် တွဲ ဆောင်ရွက်ကြမည်ဆိုပါက လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး မဏ္ဍိုင် သုံးရပ်စလုံးကိုအလေးထားသည့် “ဖွံ့ဖြိုးရေးပန်းတိုင်”ကို ရောက်ရှိမည်ဖြစ်ပါကြောင်း၊ မိမိတို့ ကော်မတီများအနေဖြင့် ကမ်းရိုးတန်းဒေသ ရေရှည်တည်တံ့ဖွံ့ဖြိုးလာစေရန်အတွက် အခြေခံ အဆောက်အအုံများ တည်ဆောက်သည့်အခါတွင် “ဆွေးနွေးညှိနှိုင်းရေးနည်း” ဖြင့် ဆောင်ရွက်ပေးသွားရန် တိုက်တွန်းပြောကြားလိုပါ ကြောင်း။

နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် သဘာဝအရင်းအမြစ်သည် အခြေခံအုတ်မြစ် ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် လူသားအရင်းအမြစ်၊ ကုန်ထုတ်လုပ်မှုအရင်းအမြစ်၊ လူမှုရေး အရင်းအမြစ်နှင့် ငွေကြေးအရင်းအမြစ်တို့သည် သဘာဝ အရင်းအမြစ်အပေါ်တွင် မှီတည်ပြီး ဖွံ့ဖြိုးတိုးတက်ကြပါကြောင်း၊ ကမ်းရိုးတန်း သယံဇာတများသည် မိမိတို့နိုင်ငံအတွက်အရေးပါသည့် သဘာဝ အရင်းအမြစ် တစ်ရပ်ဖြစ်သည့်အတွက် ထိုသယံဇာတများ ပျက်စီးယိုယွင်းမှုမရှိစေရေး ကို အခြေခံစဉ်းစားပြီး အချင်းချင်းညှိနှိုင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက် ခြင်းသည် ပင်လယ်ကမ်းရိုးတန်းဒေသများ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ရရှိမည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံက ကတိကဝတ်ပြုထားသည့် အပြည်ပြည်ဆိုင်ရာသဘော တူညီချက်များဖြစ်သော ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ ကွန်ဗင်းရှင်း၊ ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း၊ ပဲရစ်သဘောတူညီချက်နှင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတများနှင့်ဆိုင်သည့် ထာဝစဉ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်မှုရည်မှန်းချက်များကို ဖြည့်ဆည်း အကောင်အထည် ဖော်ဆောင်ရာရောက်မည်ဖြစ် ပါကြောင်း၊ ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီဝင်များအနေဖြင့် လုပ်ငန်း ဆောင်ရွက်ထားရှိမှုများ၊ ဆောင်ရွက်ပြီးစီးမှုများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ ရသည့် အခက်အခဲများနှင့် လိုအပ်သည့် အကြံပြုချက်များအား ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပေးနိုင်ရေး ပြောကြားသည်။

ထို့နောက် Marine Spatial Planning ဆိုင်ရာ အသိပညာပေးဗွီဒီယို မှတ်တမ်းကို ပြသ သည်။

ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက တတိယအကြိမ်အစည်းအဝေးမှ ဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းဆောင်ရွက်အကောင်အထည်ဖော်မှုများကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ဒေါက်တာအောင်သူ၊ တွဲဖက် အတွင်းရေးမှူး(၂) ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်၊ တနင်္သာရီ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်၊ ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်၊ ဒေါက်တာခင်ဇော်၊ ဦးဝင်းခန့်နှင့် ဦးတင်မောင်ဦး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန် နှင့်ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ)မှ ဗိုလ်မှူးချုပ် နိုင်မင်းကျော်တို့က ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အလိုက် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ တရားမဝင် ငါးဖမ်းခြင်းနှင့် စည်းကမ်းမဲ့ငါးဖမ်းရေယာဉ်များအား စစ်ဆေးအရေးယူမှုအခြေအနေ၊ ဒီရေတော များပြုစုထိန်းသိမ်းစောင့်ရှောက်နေမှုအခြေအနေ၊ ဒီရေတောစိုက်ခင်းများ တည်ထောင်နေမှု အခြေအနေ၊ တည်ထောင်ခွင့်လက်မှတ်များထုတ်ပေးထားမှု အခြေအနေများနှင့် လုပ်ငန်း လိုအပ်ချက် အခက်အခဲများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။