နိုင်ငံ့ စီးပွားတိုးတက်ရေး အမြန်ဆုံးပြုပြင်ပြောင်းလဲ

နိုင်ငံ့စီးပွားရေးတိုးတက်ခြင်းသည် တိုင်းပြည်ဖွံ့ဖြိုးရေးတွင် အရေးကြီးသည့်အချက်ဖြစ်သည်။ မြန်မာတို့၏ဆိုရိုးစကားအရ အူမတောင့်မှ သီလစောင့်မည် ဆိုသကဲ့သို့ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ လူမှုဘဝအဆင်ပြေချောမွေ့နေပါက ကဏ္ဍအသီးသီး၊ နယ်ပယ်အသီးသီးရှိ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ကာ ရည်မှန်းထားသော လူ့ဘောင်လောကကို တည်ဆောက်နိုင်မည်ဖြစ်သည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် ပုဂ္ဂလိကကဏ္ဍမှာ အဓိကကျပြီး ပုဂ္ဂလိကကဏ္ဍတွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် အားပေးမြှင့်တင်ရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို မြှင့်တင်အားပေးပြီး လိုအပ်ချက်များအား ဖြည့်ဆည်းပေးလျက်ရှိသည်။ စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲများ၊ လိုအပ်ချက်များ၊ အကြံပြုချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိသည်။

ဥပမာအားဖြင့် ပြည်ပပို့ကုန်များနှင့်ပတ်သက်၍ ဖြည့်ဆည်းပေးရန်၊ ဖြေလျှော့ပေးရန်ကိစ္စများကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ကုမ္ပဏီများ မှတ်ပုံတင်ခြင်း၊ ကုန်ပစ္စည်းများ တင်ပို့ခြင်းတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းများအနက် အပင်နှင့် အပင်ထွက်ပစ္စည်းများ ပြည်ပသို့တင်ပို့ရာတွင် သီးနှံဓာတ် သီးနှံဓာတ်ကြွင်းများပါဝင်မှု စစ်ဆေးထောက်ခံချက်၊ တရားမဝင်ကုန်ပစ္စည်းများ တားဆီးထိန်းချုပ်ရေးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထို့အပြင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များနှင့် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲများကို ၂၀၁၆ ခုနှစ် နှစ်ကုန်မှစတင်၍ ပြုလုပ်ခဲ့ရာ ယခုအခါ ၂၁ ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ခဲ့သည်။

နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ကုန်သွယ်မှုကဏ္ဍသည် အရေးကြီးသည်။ ကုန်သွယ်မှုကဏ္ဍတိုးတက်စေရန် အစိုးရနှင့် ပုဂ္ဂလိက တက်ညီလက်ညီဆောင်ရွက်လျက်ရှိသည်။ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၅၃ ဘီလီယံအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ယခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လတာကာလအတွင်း အမေရိကန် ဒေါ်လာ ၁၈ ဒသမ ၃ ဘီလီယံကျော်၊ ယခု အောက်တိုဘာလမှ နိုဝင်ဘာ လကုန်အထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၀၆ ဘီလီယံအထိ ရရှိခဲ့သည်။

သို့သော် ကုန်သွယ်မှုပမာဏတွင် ပို့ကုန်တန်ဖိုးထက် သွင်းကုန်တန်ဖိုး မှာ မြင့်မားနေဆဲဖြစ်၍ ပို့ကုန်တန်ဖိုးမြင့်မားအောင် ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းများကို အားပေးမြှင့်တင်ကြိုးစားနေသည်။ လက်ရှိတွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများမှာ တိုးတက်လာသည်။ ထို့ကြောင့် ကမ္ဘာ့ဘဏ်က သတ်မှတ်ထားသော စီးပွားရေးတိုးတက်မှုအဆင့်မှာ ပြောင်းလဲလာမှု မရှိသေးသော်လည်း စံနှုန်းအမှတ်များ တိုးတက်ရရှိလာသည်ကိုတွေ့ရသည်။ ၂၀၂၀ အစီရင်ခံစာတွင် အဆင့်တိုးမြှင့်ပါဝင်လာရေးအတွက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် အချိန်အနည်းငယ်သာကျန်ရှိသဖြင့် အရှိန်အဟုန်တိုးမြှင့်၍ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်လာသည်။

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်အတွက် ပြည်ပသွင်းကုန် အစားထိုးဆောင်ရွက်ရေးကို ဦးစားပေးဆောင်ရွက်ကြ ရမည်ဖြစ်သည်။ ပြည်တွင်းထုတ်ကုန်များကို အရည်အသွေးပြည့်မီအောင် ကြိုးပမ်းထုတ်လုပ်ကြပြီး ပြည်ပမှ တရားမဝင်တင်သွင်းကုန်များကို တားဆီးကြရမည်ဖြစ်သည်။ နယ်စပ်ဒေသမှ တရားမဝင်သွင်းကုန်များ ဝင်ရောက်လာမှုကြောင့် ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းရှင်များ ထိခိုက်နစ်နာမှုများ ရှိနေဆဲဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ ထုတ်ကုန်မြင့်မားရေးကို အားပေးကူညီဆောင်ရွက်ပေးရမည် ဖြစ်သည်။ ပြည်ပသွင်းကုန်များကို အားမထားဘဲ ပြည်တွင်းထုတ်ကုန်များ ကို အားပေးမြှင့်တင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားမြင့်မားတိုးတက် လာမည်ဖြစ်ရာ နိုင်ငံတော်အစိုးရ၏ ကူညီဆောင်ရွက်ပေးမှုများကို ပြည်တွင်းလုပ်ငန်းရှင်များက ထိထိရောက်ရောက်ရယူပြီး တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။

ကြေးမုံ