ငယ်ဆရာပြောဖူးသည့် မဇ္ဈိမပဋိပဒါ

လင်္ကာရည်ကျော်

 

မဇ္ဈိမပဋိပဒါဆိုတာ အလယ်အလတ်လမ်းစဉ်ဟု အများသဘောပေါက်ကြသည်။ လောကုတ္တရာအနက်ကို ပွား၍ ရှင်းလင်း လျှင်တော့ တော်တော်ကျယ်ပြန့်မှာ ဖြစ်သည်။ လောကီရေးတွင်လည်း မိမိအရေး၊ မိသားစုအရေး၊ အသင်းအဖွဲ့ ဌာနများ၏ အရေး၊ နိုင်ငံ့အရေးတွေမှာ မဇ္ဈိမပဋိပဒါ အားနည်း၍ မခက်သင့်တာတွေခက်၊ မကြာသင့်တာတွေကြာ၊ မလွဲချော်သင့်တာတွေ လွဲချော်ရတာ လူတိ်ုင်းကြုံဖူးကြမည် ထင်သည်။

စည်းကမ်းတင်းကျပ်
သည်နေရာမှာ ကျွန်တော့်ငယ်ဆရာ တစ်ယောက်ကို သွားသတိရသည်။ ကျွန်တော်အလုပ်သင် ဆရာဝန်ဘဝက အမှတ်(၂) တပ်မတော်ဆေးရုံမှာ ဆုံခဲ့ရသည့် သမားတော်ကြီးပါ။ ဒုတိယဗိုလ်မှူးကြီး သိန်းကျော်တဲ့။ စည်းကမ်း တင်းကျပ်လွန်း၍ အငယ်တွေ တော်တော်ကြောက်ခဲ့ရသော်လည်း ထိုအချိန်က ပြည်သူ့စစ်မှုထမ်းဆေးမှူး (သုံးနှစ် စစ်မှုထမ်းရသူဗိုလ်) အစ်ကိုကြီး ကိုဖေသက်ခင် (နောင်ပြည်ထောင်စုဝန်ကြီး ကျန်းမာရေးဝန်ကြီးဌာန ဖြစ်လာသူ)နှင့် ကျွန်တော့်ကို တော်တော်ချစ်သည်။ ယခုနိုင်ငံခြားမှာ အသက် ၈၀ တော်တော်ကျော်နေပြီ ဖြစ်တာတောင် ကျန်းမာစွာ၊ သတိကောင်းစွာနှင့် ကျွန်တော်တို့ နှစ်ယောက်နှင့် အဆက်အသွယ် မပြတ်ဘဲရှိနေသည်။

တစ်ခါက ကျွန်တော် အစ်ကိုဖေနှင့် ပြင်ပလူနာ အတူကြည့်သည်။ အဲသည်နေ့က သူနှင့် တွေ့စရာ အကြောင်းမရှိသဖြင့် ဆေးရုံကို စပို့ရှပ်ဝတ်သွားမိသည်။ သူစပို့ရှပ်ဝတ်တာ မကြိုက်မှန်း ကျွန်တော်သိသော်လည်း အဲသည်တုန်းက ကျွန်တော်က စပို့ရှပ် နှစ်ထည်လောက်နှင့် စတစ်ကော်လံ ရှပ်အင်္ကျီနှစ်ထည်၊ ပုဆိုးသုံးထည်လောက်သာ ချမ်းသာသော ဆရာဝန်ပေါက်စ ဖြစ်သည်။ သူ့အလစ်မှာ ခိုးဝတ်သည်ဆိုပါစို့။ သူကမမျှော်လင့်ဘဲ ကျွန်တော်တို့ အခန်းထဲဝင်လာသည်။ သိပ်တော့မဆူပါ။ အဲသည်အချိန်က ကျွန်တော်တို့ကို တော်တော်ချစ်နေပြီမို့လည်း ဖြစ်နိ်ုင်သည်။

မဇ္ဈိမပဋိပဒါဆိုတာ
“စပို့ရှပ်ဆိုတာ စပို့(အားကစား) လုပ်ဖို့ကွ။ ဆေးရုံဝတ်ဖို့ မဟုတ်ဘူး”ဟု လောက်ပဲပြောသည်။ ကျွန်တော်လည်း သူ့စကားကို နားထောင်စွာနှင့် နောက်တစ်နေ့မှာ စတစ်ကော်လံရှပ် အင်္ကျီဝတ်သွားသည်။ သူကတွေ့တော့ရယ်၍ “မဇ္ဈိမပဋိပဒါဆိုတာ မင်းတို့ကို ဘယ်လိုရှင်းလင်းပြရမှန်း မသိတော့ဘူး”ဟု ဆိုသည်။

အဲသည်အချိန်ကနေ အနှစ် နှစ်ဆယ်ကျော်ကြာပြီး ကျွန်တော်ကိုယ်တိုင် သူ့လို သမားတော်ကြီးတစ်ဦး ဖြစ်လာပြီးသော အခါတွင်ကျမှ သူဆိုလိုချင်တာ ကျွန်တော်သဘောပေါက်ခဲ့သည်။

အဲသည်အချိန်မှာတော့ ဆေးကျောင်းသားလေးတွေက ဆေးရုံကို စပို့ရှပ်သာမက တီရှပ်နှင့် လာနေကြပြီ။ ဘောင်းဘီရှည်က ကျွန်တော်ကိုယ်တိုင် ဝတ်တာဖြစ်သော်လည်း သူတို့က ဂျင်းဘောင်းဘီနှင့် လာနေကြပြီ ဖြစ်သည်။ ဆူတာပေါ့။ ဆူရင်းဆူရင်းက စေတနာနားလည်သော တပည့်တို့က ပြုပြင်သည်။ နားမလည်သော်လည်း ဆရာ့စကား နားထောင်ချင်သူ တွေက ကိုယ့်ရှေ့မှ ပြုပြင်သည်။ တခြားရောက်လျှင် ဒုံရင်းပြန်ဖြစ်သည်။ နားမလည်သူတွေက ယခုအထိ ဖေ့စ်ဘွတ်မှာ တိုက်ခိုက်တုန်း။

ဆွေးနွေးသည့် အကြောင်းအရာ
အဲသည်တုန်းက နယ်မြို့ကလေးမှာမို့ ဌာနအကြီးအကဲတွေ တက်ရသည့် အပတ်စဉ် အစည်းအဝေးတွေ တက်ရတာမျိုး တွေလည်း ရှိခဲ့သည်။ ကိုယ့်ဟာကိုယ်က ဆေးရုံမှာ အလုပ်လုပ်ရ၊ လက်ဆေးရလွယ်အောင် ရှပ်အင်္ကျီနှင့် ချည်သား ဘောင်းဘီရှည်သာ ဝတ်လေ့ရှိသော်လည်း အဲသည် အစည်းအဝေးတွေ သွားလျှင်တော့ စတစ်ကော်လံနှင့် တိုက်ပုံအင်္ကျီ၊ လုံချည်ဝ တ်သွားလေ့ရှိသည်။ ဟိုမှာက ယူနီဖောင်းဝတ်တွေကလွဲလျှင် အားလုံး အဲသည်လို ဝတ်ကြရုံသာမက တိုက်ပုံ အင်္ကျီကိုပါ ကြယ်သီးအစေ့တပ်ကြသည်။ ကြည့်ရတာ သိပ်မသက်သာ။ တစ်ခါက အစည်းအဝေးမှာ ထိပ်ဆုံးက ဆွေးနွေးသည့် အကြောင်းအရာက ဒေသဆိုင်ရာ အကြီးအကဲ ရွာတစ်ရွာသွားစစ်ဆေးစဉ် ကျေးရွာအုပ်ချုပ်ရေးမှူးက စတစ်ကော်လံ ဝတ်ထားသော်လည်း လည်ပင်းကြယ်သီး တပ်မထားသည့်အတွက် ဆုံးမရန်ကိစ္စ ဖြစ်သည်။ ဒါကျတော့ နည်းနည်းအံ့ဩမိသည်။ သည်ကိစ္စက သည်လောက်အရေးပါသင့်လို့ လားပေါ့။ အဲသည်မှာ ငယ်ဆရာပြောသည့် မဇ္ဈိမပဋိပဒါကို သတိရမိတော့တာပါပဲ။

အဝတ်အစားမှာမှ အဲသည်လိုလား ဆိုတော့လည်း တခြားကိစ္စတွေလည်း ရှိပါသည်ဟု ဖြေရမည် ဖြစ်သည်။ ဥပမာ ယူကေက ပြန်လာခါစတုန်းက ကိုယ့်ရှေ့ကပြန်လာ သူအစ်ကိုဆရာ ဆုံးမတာပဲကြည့်။

ကြိုတင်ရှောင်ကွင်းပေးနိုင်
“နိုင်ငံခြားကပြန်လာလို့ အရာရာနိုင်ငံခြားမှာ လုပ်တဲ့အတိုင်း ဖြစ်ရမယ်ဆိုပြီး သူများတွေလုပ်သမျှကို အတင်းလိုက်ပြောင်း နေရင်လည်း အဆင်မပြေဘူး။ ဟိုမှာက ဟိုမှာပဲ၊ ဒီမှာဘာမှလုပ်လို့မရပါဘူးဆိုပြီး ကိ်ုယ်မသွားခင်တုန်းက လုပ်သလောက်ပဲ ဆက်လုပ်နေရင်လည်း မင်းသွား ခဲ့တာအလကားပဲ” တဲ့။

ဒါလည်း ငယ်ဆရာဆီက အတူတူသင်ယူခဲ့ရသည့် မဇ္ဈိမပဋိပဒါ စကား၏ ဆင့်ပွားအဓိပ္ပာယ်တွေပဲဟု ကျွန်တော်ထင်မိသည်။

ဆေးကုရုံကုနေရသည့် ဆရာဝန်ဘဝမှ ယခုအုပ်ချုပ်ရေးပိုင်းတွေမှာပါ အထိုက်အလျောက် ဝင်ပါနေရသည့် အဆင့်ကျတော့ လည်း နေရာတကာ ကိုယ်ဝင်ပါချင်နေသည့်စိတ်နှင့် အငယ်တွေ သူ့ဟာသူ ကြိုက်တာလုပ်ပါစေဆိုပြီး လုံးဝလွှတ် ထားချင်သည့် စိတ်နှစ်ခုကြားမှာ ကျွန်တော် မဇ္ဈိမပဋိပဒါထားဖို့ ကြိုးစားဖြစ်ခဲ့သည်။ သည်တော့ ကိုယ့်ထက်ငယ်သော လူငယ်တွေ၏ တိုးတက်သောအမြင်တွေနှင့် လုပ်ငန်းခွင် တိုးတက်အောင် ကြိုးစားမှုတွေကို လမ်းဖွင့်ပေးနိုင်ခဲ့သလို သူတို့ အတွေ့အကြံတွေနှင့် မသိနိုင်၊ မမြင်နိုင်သော ပြဿနာတို့ကို ကြိုတင်ရှောင်ကွင်း ပေးနိုင်ခဲ့သည်။

ဟော အခုတလော ကျယ်လောင်ကျယ်လောင် ပြောနေကြပြန်ပြီ
နိုင်ငံတကာက ပညာရှင်တွေ၊ နိုင်ငံခြားသားတွေပဲဖြစ်ဖြစ်၊ ကိုယ့်နိုင်ငံကနေ ထွက်သွားပြီး ဟိုမှာဆယ်စုနှစ်နှင့်ချီ၍ အလုပ်လုပ် နေသူတွေကိုပဲဖြစ်ဖြစ် ပြန်ဖိတ်ခေါ်ပြီး အစစအရာရာ ဦးဆောင်ခိုင်းခြင်းဖြင့် ကဏ္ဍအသီးသီးကို အသွင်ပြောင်းပစ်ရမတဲ့။

ဒါမျိုး လွန်ခဲ့သည့် လေးငါးနှစ်ကလည်း ကြားဖူးပါသည်။ မကြိုဆိုကြဘူးလား ဆိုတာမျိုးပေါ့။ လုပ်ရမှာပေါ့။ မလုပ်လျှင် ဘယ်တိုးတက်မလဲ။

သို့သော် ကြိုဆိုသည်ဆိုတာက သူ့အတွေ့အကြုံကို ကိုယ့်ကိုမျှဝေ၊ ကိုယ့်အတွေ့အကြုံကို သူ့ကိုမျှဝေ၊ တူညီသော စေတနာနှင့် ပူးပေါင်းလုပ်ကြဖို့ ကြိုဆိုမှာလား။ ကိုယ်တင်သူ့ဆီက လေ့လာရမှာမဟုတ်။ သူလည်း ကိုယ်တွေ၏ အခြေအနေ တွေကို မျက်ခြည်ပြတ်နေတာတွေ အများကြီး။ ဒီအတိုင်းသာ ပေးဦးဆောင်လိုက်လို့ကတော့ နှစ်ဦးနှစ်ဖက် ဒုက္ခ ရောက်လိုက်ကြမည် ဖြစ်ခြင်း။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကျော်လောက်က ပုဂ္ဂလိကဆေးရုံတွေ စဖွင့်ခွင့်ပေးတော့ နိုင်ငံခြားသား မန်နေဂျာ အုပ်ချုပ်သည့် ဆေးရုံတစ်ရုံက မြန်မာအထူးကု ဆရာဝန်တွေကိုဖိတ်ပြီး ရှင်းပြဖူးသည်။ တစ်ပတ်မှာ အနည်းဆုံး ငါးရက်ထိုင်ရမယ်တဲ့။ ကျွန်တော်တို့က အစိုးရဝန်ထမ်းဖြစ်၍ မထိုင်နိုင်ပါဟုဖြေတော့ အစိုးရဝန်ထမ်း မဟုတ်သည့် အထူးကု မရှိဘူးလားတဲ့။ ပင်စင်စားများ သာရှိမည်ဟု ဖြေလိုက်သည်။ အံ့ဩဖို့ကောင်းတာက ဆေးရုံဖွင့်ခါနီး ဆဲဆဲအချိန်အထိ မြန်မာပြည်မှာ အထူး ကုထရိန်နင် ပုဂ္ဂလိက ကဏ္ဍမှာမရှိတာ သူတို့ မသိတာပါ။

အများအကျိုးအတွက် တိုးတက်အောင်လုပ်ရမည့် ကိစ္စတွေမှာလည်း ထိုနည်းနှင်နှင်ပါပဲ။ နိုင်ငံခြားမှာ ပညာသင်ခဲ့သူက ဦးဆောင်လိုက်ရုံနှင့်၊ နိုင်ငံခြား အတွေ့အကြုံရှိသူက အကြံပေးလိုက်ရုံနှင့် အစစအရာရာ အဆင်ပြေသွားမည်ဟု တွက်၍ မရသလို ပြည်တွင်းမှာ လုပ်နေကျလူတွေကလည်း လုပ်နေကျအတိုင်း ဆက်လုပ်နေရင်လည်း ဘာအပြောင်းအလဲမှ မြင်ရမှာမဟုတ်ပါ။

သည်နေရာမှာလည်း ငယ်ဆရာဆုံးမသည့် မဇ္ဈိမပဋိပဒါ လိုပါသည်။

သဘောထားတွေကြီးပြီး အမြင်တွေကျယ်ရမှာ နှစ်ဖက်စလုံးပါ။   ။