ငါးရှဉ့်သားဖောက်နည်းပညာနှင့်ကျေးလက်ပြည်သူတို့၏ ဝင်ငွေမြင့်မားရေး

နေပြည်တော် ၂၆ မေ

 

ငါးရှဉ့်သည် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ တင်ပို့နေသော သဘာဝထွက်ကုန်တစ်မျိုး ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ငါးရှဉ့်တို့ကို အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နေခြင်း ဖြစ်ပါသည်။ အစဉ်အလာအားဖြင့် မြန်မာနိုင်ငံသည်နှစ်စဉ်တန်ချိန် ၁၂၀ဝဝ ခန့် တင်ပို့လေ့ရှိသော်လည်း ဖမ်းဆီးရရှိသော ငါးရှဉ့်ပမာဏလျော့နည်းလာသောကြောင့် တန်ချိန် ၇၀ဝဝ ဝန်းကျင်ခန့်သာ တင်ပို့နိုင်ပါသည်။ ဤအချက်က မြန်မာနိုင်ငံအနေဖြင့် ငါးရှဉ့်တို့ကို ပြည်ပနိုင်ငံများသို့ ဆက်လက်အရှိန်အဟုန်ဖြင့် တင်ပို့လိုပါက သဘာဝ အလျောက် ဖမ်းဆီးရရှိမှုသက်သက်အပေါ် မှီခိုနေ၍ မဖြစ်၊ တခြားနိုင်ငံများကဲ့သို့ သားဖောက်နည်းပညာအသုံးပြု၍ ငါးရှဉ့်မွေးမြူရေးလုပ်ငန်း ကျယ်ပြန့်လာရေးကို ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ညွှန်ပြနေပါသည်။

 

အဆိုပါလိုအပ်ချက်နှင့်အညီ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှတာဝန်ရှိသူလေးဦးသည် ဗီယက်နမ်နိုင်ငံသို့သွားရောက်၍ ငါးရှဉ့်သားဖောက်နည်းပညာကို သင်ယူခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံ CanCho တက္ကသိုလ်၌ မျိုးရွေးပုံမှသည် ဆေးထိုးပုံ၊ အကောင်ဖောက်ပုံနှင့်အကောင်ပေါက်ထိန်းသိမ်းပုံအဆုံး၊ ငါးရှဉ့်မွေးမြူရေးလုပ်ငန်း၏ လိုအပ်သောလုပ်ငန်းအဆင့်ဆင့်ကို စနစ်တကျလေ့လာသင်ယူခဲ့ပါသည်။ ဤတာဝန်ရှိသူများသည် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိသောအခါ သင်ယူခဲ့သော နည်းစနစ်တို့ကို အသုံးချ၍ ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း စတင်ဆောင်ရွက်ချိန်သည် ပုံမှန်ငါးရှဉ့်သားပေါက်ချိန်ထက် နှစ်လခန့်နောက်ကျသောကြောင့် ပြီးခဲ့သောနှစ်တွင် အောင်မြင်မှုမရရှိခဲ့ပါ။ သို့သော် မလျှော့သောလုံ့လဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်မှုကြောင့် ယခုနှစ်မေလမှစ၍ ငါးရှဉ့်များသားပေါက်ခဲ့ရာ ယခုအခါ ငါးရှဉ့်ကောင်ရေငါးရာခန့်အထိ ရရှိခဲ့ပြီ ဖြစ်ပါသည်။

 

ငါးရှဉ့်ကို မြန်မာနိုင်ငံတစ်နံတစ်လျားတွင် သဘာဝအလျောက်တွေ့ရှိရသည်ဖြစ်၍ ငါးရှဉ့်သားဖောက်နည်းပညာကိုသာ ပြည်သူလူထုထံ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပေးနိုင်ပါက ကျေးလက်ပြည်သူတို့၏ စုပေါင်းအင်အားဖြင့် ငါးရှဉ့်တို့ကို ပြည်ပနိုင်ငံများသို့ အရှိန်အဟုန်ဖြင့် တိုးချဲ့ တင်ပို့နိုင်မည် ဖြစ်ပါသည်။ ယခုဆောင်ရွက်ရမည်မှာ ဒေသခံငါးရှဉ့်မျိုးကို အခြေခံ၍ စမ်းသပ်အောင်မြင်ခဲ့သော ဤငါးရှဉ့်သားဖောက်နည်းပညာပြန့်ပွားရေးအား မည်ကဲ့သို့ စနစ်တကျလက်တွဲဆောင်ရွက်မည်ကို သက်ဆိုင်ရာပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံးက ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးကြံဆကြရန် ဖြစ်ပါသည်။ ပြည်သူလူထုထံ ငါးရှဉ့်သားဖောက်နည်းပညာပြန့်ပွားရေးအတွက် လုပ်ငန်းစီမံကိန်းတစ်ရပ်ကို ချမှတ်ရေးဆွဲရန် လိုအပ်မည် ဖြစ်ပါသည်။ ကျေးလက်ပြည်သူလူထုသည် အရင်းအနှီးအနည်းငယ်မျှဖြင့်ဤငါးရှဉ့်သားဖောက်နည်းပညာကို အသုံးပြု၍ တစ်နိုင်တစ်ပိုင်ငါးရှဉ့်မွေးမြူရေးလုပ်ငန်းအား ဆောင်ရွက်နိုင်မည်ဖြစ်၍ ကျေးလက်ပြည်သူတို့၏ ဝင်ငွေမြင့်မားလာရေးကို တစ်နည်းတစ်ဖုံအထောက်အပံ့ဖြစ်စေမည် ဖြစ်ပါသည်။ နိဂုံးချုပ်အနေဖြင့် ဒေသခံငါးရှဉ့်မျိုးအပေါ်အခြေခံသည့် ဤသားဖောက်နည်းပညာကို အောင်အောင်မြင်မြင် စမ်းသပ် အကောင်အထည်ဖော်ခဲ့သည့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်တို့အား လေးစားစွာ မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း တင်ပြအပ်ပါသည်။ ။

 

ကြေးမုံ