ငပုတော-မြောင်းမြ ကားလမ်းအား ယာဉ်နှင့် ကုန် ၁၀ တန်အထိ တင်ဆောင်နိုင်သော ကားများသာ ဖြတ်သန်းသွားလာခွင့်ပြု

ငပုတော ၂ ဇူလိုင်


ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငပုတောမြို့နှင့် မြောင်းမြမြို့သို့ ဆက်သွယ်ထားသည့် ငပုတော-မြောင်းမြ ကားလမ်းအား မိုးရာသီကာလအတွင်း ကားကြီးများ ဖြတ်သန်းသွားလာခြင်းကြောင့် လမ်းများပျက်စီးမှုမဖြစ်ပေါ်စေရန်နှင့် လမ်းများ ရေရှည်အသုံးပြုနိုင်စေရန်အတွက် ယာဉ်နှင့် ကုန် ၁၀ တန်အထိ တင်ဆောင်နိုင်သော ကားများကိုသာ ဖြတ်သန်းသွားလာခွင့်ပြုကြောင်း ငပုတောမြို့နယ် လမ်းဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။


အဆိုပါလမ်းအား ဇွန်လပထမပတ်မှ စတင်ကာ နိုဝင်ဘာနောက်ဆုံးပတ်အထိ ယာဉ်နှင့် ကုန် ၁၀ တန်အထိ တင်ဆောင်နိုင်သော ကားများကိုသာ ဖြတ်သန်းသွားလာခွင့် ပြုသွားမည်ဖြစ်ပြီး ဒီဇင်ဘာလဆန်းပိုင်းမှစ၍ ကားအားလုံးအား ပြန်လည်ဖြတ်သန်း ခွင့်ပြုသွားမည်ကြောင်း လမ်းဦးစီးဌာန၏ အသိပေးထုတ်ပြန်ချက်များအရ သိရသည်။


လှမင်းထွဋ်(ပြန်/ဆက်)