ငါးဖမ်းလှေနစ်မြုပ်၍ (၅)ဦးသေဆုံး

ငပလီမြို့၊ ဂျိတ္တောရပ်ကွက်နေ ဦးအောင်မျိုး၏ ကိုယ်ပိုင်သင်္ဘောဖြစ်သော အလျား (၅၅)ပေ၊ အနံ (၁၂)ပေခန့်ရှိ (ကောင်းမြတ်အောင်) မီးခိုးရောင်ယာဉ်သည် ဒီဇင်ဘာ (၉)ရက် မွန်းတည့် ၁၂ နာရီတွင် သဗြုချိုင်သင်္ဘောဆိပ်ကမ်းမှ မာန်အောင်မြို့နယ် ရေပိုင်နက်အတွင်းသို့ ငါးဖမ်းရန် ရေယာဉ်မှူးအဖြစ် ဦးကျော်ဆန်းလွင် မောင်းနှင်၍ ထွက်ခွာခဲ့ကြောင်း၊ မာန်အောင်မြို့ ရေမိုင် (၂၀) ခန့် အနောက်ဘက် ကျွန်းအနီး ငါးဖမ်းပိုက်အား ဆွဲတင်ရန် ကျောက်ချရပ်တန့်ထားစဉ် သင်္ဘောဝမ်းဗိုက်မှ ရေစိမ့်ဝင်၍ သင်္ဘောရေမြုပ်သွားခဲ့ပြီး ရေလုပ်သား (၁၀)ဦးအနက်မှ (၅)ဦးမှာ သင်္ဘောနှင့်အတူ နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရေနစ်မြုပ်နေရာသို့ ဓညဝတီရေတပ်စခန်းမှ လာရောက်ကူညီ ဆောင်ရွက်ခဲ့ပြီး Speed Boat ရေယာဉ်ဖြင့် ရေငုပ်သားနှစ်ဦးခေါ်ဆောင်၍ ရေငုပ်ရှာဖွေခဲ့ရာ ပျောက်ဆုံးနေသူ (၅)ဦးအား နစ်မြုပ်နေသည့် သင်္ဘောအတွင်းမှ ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ (T-720) သင်္ဘောဖြင့် သေဆုံးသူ အလောင်း(၅)လောင်းနှင့်အတူ ကျန်ရစ်သူ(၅)ဦးတို့ကို ခေါ်ဆောင်ခဲ့ပြီး ဂျိတ္တော-လုံးသာ ဖေါင်ဆိပ်သို့ရောက်ရှိရာ ငပလီမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူလှိုင်နှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

နေမျိုးအောင် ( ပြန်/ဆက် )