နေပြည်တော် ဧပြီ ၂၆

 

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရ သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေး အဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့် တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာကောင်းမူတော် စေတီ၊ ကျောက်ဆစ်ရပ်ကွက်ရှိ နည်းပညာတက္ကသိုလ် (စစ်ကိုင်း)၊ သောတပန်ရပ်ကွက်ရှိ သုတေသက သီလရှင်ကျောင်းတိုက်နှင့် ဇနကာရာမ ကိုးကန့် ကျောင်းတိုက်၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီ၊ စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်ရှိ လေးကျွန်းမာရ်အောင် စေတီတော်၊ နန်းဦးမြို့သစ်ရှိ မဟာစေတီလှနှင့် မရှိခဏစေတီ၊ နန်းစုရပ်ကွက်ရှိ လူနေအဆောက်အအုံများတွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော သာသနိကအဆောက် အအုံများ၊ အရန်စေတီများအား ရှင်းလင်းဖယ်ရှား နေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။

 

ထို့နောက် စစ်ကိုင်းမြို့ နန်းဦးမြို့သစ်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသော မရှိခဏစေတီတော်ကြီးအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့များက ဖယ်ရှားရှင်းလင်းနေစဉ် မရှိခဏစေတီတော်ကြီး၏ ဘုရားဌာပနာ လက်ဝတ်ရတနာပစ္စည်းများအား တွေ့ရှိရသဖြင့် သက်ဆိုင်ရာဆရာတော်နှင့် တာဝန်ရှိသူများအား စနစ်တကျ လွှဲပြောင်း ပေးအပ်ခဲ့သည်။

 

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ နန်းမြို့ရိုးနေရာအား အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုနှင့် ဖယ်ရှားရှင်းလင်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ တံတားဦးမြို့ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်အဆောက်အအုံပျက်စီးမှု၊ ပြန်လည်ပြုပြင်နေမှုနှင့် လေယာဉ်ခရီးစဉ်များ ပုံမှန် ပြန်လည်ပြေးဆွဲနေမှု အခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ထို့နောက် တံတားဦးမြို့ရှိ ခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ မြို့တွင်းရှိ မဟာဆေးအိုးဖိုဘုရားအပါအဝင် အန္တရာယ်ရှိ အဆောက်အအုံအပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုများကို လည်းကောင်း၊ အဆောက်အအုံအပျက်အစီးများ ဖယ်ရှားရှင်းလင်းပြီး အိမ်အဆောက်အအုံအသစ် ပြန်လည်ဆောက်လုပ်ကာ မိသားစုများ ပြန်လည်နေထိုင်နေသည့် အခြေအနေများကို လည်းကောင်းကြည့်ရှု၍ ရပ်မိရပ်ဖများနှင့်တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာ များပေးအပ်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် တံတားဦး အခြေခံပညာ အထက်တန်းကျောင်းသို့သွားရောက်၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းပြီးစီးမှု၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ကျင်းပစစ်ဆေးရာတွင် ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် မြန်မာ့စီးပွားရေးဘဏ်မှ ယာယီရုံဖွင့်လှစ်ထားရှိပြီး ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ် ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် တံတားဦးမြို့နယ်ခန်းမသို့ သွားရောက်၍ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ ငလျင်ဒဏ်သင့်ပြည်သူများအတွက် မိုးကာ တဲ၊ စောင်၊ ခြင်ထောင်နှင့် အဝတ်အထည်များ ပေးအပ်ကြသည်။

 

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ချမ်းသာ ကြီးမြတ်စွာဘုရား၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီး၊ အမရပူရမြို့နယ်ရှိ ရွှေဘုံသာ ကျောင်းများသို့သွားရောက်၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှု၍ ကျောင်းထိုင်ဆရာတော်ကြီး များအား အလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် သန့်ရှင်းရေးဆောင်ရွက်နေသည့် အဖွဲ့များအား စားသောက်ဖွယ်ရာများပေးအပ်ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။

 

ယင်းနောက် ချမ်းမြသာစည်မြို့နယ်ရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသူ ကျောင်းသားများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့ ပြည်လုံးနိုင်ရပ်ကွက်ရှိ အန္တရာယ်ရှိအဆောက်အအုံကို ယန္တရားစက်ဖြင့် ရှင်းလင်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်မရှိစေရေး စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန် မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ကျောက်ဆည် ခရိုင်အတွင်း ငလျင်ဒဏ်သင့် အဆောက်အအုံများအား SOP စနစ်ဖြင့် ဘုတ်အဖွဲ့ များ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ယနေ့အထိ အဆောက်အအုံ ၂၁၅၂ လုံးကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင်နိုင်မည့် အဆောက်အအုံ ၁၉၀၄ လုံး၊ ဦးစားပေးဖြိုဖျက်ရှင်းလင်းရမည့် အန္တရာယ်ရှိ အဆောက်အအုံ ၂၄၈ လုံးမှ အဆောက်အအုံ ၁၇၄ လုံးကို ရှင်းလင်းနိုင်ခဲ့ပြီး ဆောင်ရွက်ရန် ကျန်အဆောက်အအုံ ၇၄ လုံးဖြစ်ကြောင်း သိရှိရသည်။

 

ထို့နောက် Myanmar Conch Cement Co., Ltd.(ALPHA) ဘိလပ်မြေစက်ရုံ ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံတာဝန်ရှိသူများက လျှပ်စစ် မီးရရှိအောင် ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ စက်ရုံများပြုပြင်နိုင်ရန် ပထမအပိုင်း လုပ်ဆောင်မှုအနေဖြင့် ပြည်ပမှပညာရှင်များဖြင့် Power Plant များပြင်ဆင်ပြီး ၂၀၂၅ ခုနှစ် ဇွန် ၂၀ ရက်တွင် Clinker များ စတင်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ Cement Mill ပြင်ဆင်ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက် တွင် ကုန်ချောများ စတင်ထုတ်လုပ်နိုင်ပြီး လုပ်ငန်းများလည်ပတ်ရန် ရည်မှန်းချက်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် မြန်မာသံတော်မြတ် ကုမ္ပဏီလီမိတက်၊ ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံ ဗဟိုထိန်းချုပ်ခန်း၊ Kiln မီးသင်းဖို ပြုပြင်နေမှုများ၊ Cement Packing အဆောက်အအုံ ထုတ်လုပ်မှုဆိုင်ရာ စက်ပစ္စည်းများပြုပြင်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး စက်ရုံတာဝန်ရှိသူများက လျှပ်စစ်မီး ရရှိအောင်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ စက်ကိရိယာ များပြင်ဆင်ရန် လျာထားစီမံချက်အနေဖြင့် ကုန်ထုတ်လိုင်းအမှတ်(၁)အား ၂၀၂၅ ခုနှစ် မေ ၁၅ ရက်တွင် လည်ပတ်နိုင်ရန်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို ၂၀၂၅ ခုနှစ် ဇွန်လကုန်တွင် ပြန်လည်လည်ပတ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်ထုတ်လိုင်းအမှတ်(၂)အား မူလဆောက်လုပ်သူ Sinoma Company မှ ပညာရှင်များဖြင့် အသေးစိတ်ပြုပြင်ရမည်ဖြစ်၍ ခြောက်လခန့် အချိန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း တင်ပြချက်များ အပေါ် ၂၀၂၅ ခုနှစ် မေ ၁၅ ရက်တွင် ကုန်ထုတ်လိုင်း အမှတ်(၁) အား အပြီးပြုပြင်ပြီးပါက တစ်ရက်လျှင် တန် ၅၀၀၀ ဘိလပ်မြေအိတ်တစ်သိန်း အမြန်ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် ပြုပြင်မှုတွန်းအားပေးဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ဆင်မင်းဘိလပ်မြေစက်ရုံမှ Cement Silo များ ပြုပြင်နေမှုများ၊ Soil Test များ ပြုလုပ်နေမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လျှပ်စစ်မီးရရှိအောင်ပြုလုပ်ပေးပြီးဖြစ်သဖြင့် စက်ရုံအား အမြန်ဆုံးပြုပြင်ဆောင်ရွက်ပြီး လုပ်ငန်းများပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်