နေပြည်တော် ဧပြီ ၂၄
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီး ကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက် ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှု ကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံနှင့်တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာ ကောင်းမှုတော်စေတီ၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီ၊ စစ်ကိုင်းမြို့ သောတပန်ရပ်ကွက်ရှိ လေးကျွန်းမာရ် အောင်စေတီတော်များရှိ ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးလျက်ရှိသော သာသနိက အဆောက်အအုံများ၊ အရံစေတီများ ဖယ်ရှားရှင်းလင်းနေမှုတို့ကိုလည်းကောင်း၊ စစ်ကိုင်းမြို့၊ ပါရမီ ရပ်ကွက်ရှိ မလေးရှားနိုင်ငံ ဆေးဘက်ဆိုင်ရာကုသရေးအဖွဲ့၏ ယာယီဆေးရုံအတွင်း ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေများကိုလည်းကောင်း၊ ၎င်းရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး လျက်ရှိသောနေရာများ၌ ရှင်းလင်းဖယ်ရှားနေမှုများကိုလည်းကောင်း ကြည့်ရှုပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ မွန်းလွဲပိုင်းတွင် ဒုတိယ ဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းမြို့ အေးမြဝတီရပ်ကွက်ရှိ ခုတင်(၂၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံ၊ ပိုးတန်း ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း၊ ကျောက်ဆစ်ရပ်ကွက်ရှိ နည်းပညာတက္ကသိုလ်(စစ်ကိုင်း)၊ ပိုးတန်းရပ်ကွက်နှင့် နန်းစု ရပ်ကွက်တို့ရှိ လူအနေအဆောက်အအုံတို့၌ အပျက်အစီးများဖယ်ရှာ ရှင်းလင်းနေမှုတို့ကို ကြည့်ရှု အားပေးပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူ များသည် မန္တလေးမြို့ နန်းမြို့ရိုးသို့သွားရောက်၍ ရတနာပုံဥယျာဉ် လမ်းမတစ်လျှောက် အများပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရေးအတွက် သန့်ရှင်းရေးဆောင်ရွက်နေမှုများ၊ မြို့ရိုးအရှေ့ဘက်ရှိ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးသွားသော လွန်ကဲပြသာဒ်နေရာတွင် အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုများ၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့ မှူးရုံးနှင့် မြို့မရဲစခန်းနေရာ၊ ချမ်းအေးသာစံမြို့နယ်ရှိ ဗဟိုမီးသတ်ရုံးတို့၌ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မိသားစုများကို တွေ့ဆုံအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများနှင့် အဝတ်အထည်များပေးအပ်သည်။
ယင်းနောက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အောင်မြေသာစံမြို့နယ်ရှိ Sky Villa ၊ ချမ်းအေးသာစံမြို့နယ်ရှိ Golden City Hotel ၊ မာကျူရီဟိုတယ်၊ ဘီကျင်ဟိုတယ်၊ တိုင်းသမဝါယမ ဦးစီးမှူးရုံးနှင့် ချမ်းအေးသာစံမြို့နယ်ရှိ အန္တရာယ်ရှိ အဆောက်အအုံနေရာများသို့ သွားရောက်၍ အပျက် အစီးများ ရှင်းလင်းဖယ်ရှားနေမှုများအား ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများ သည် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ရွှေကျီးမြင်ဘုရား၊ Sky Villa ၊ အမရပူရမြို့နယ်ရှိ ရွှေအိုးရရွှေဖားရကျောင်းတိုက်၊ ကွမ်စီရင်ဗုဒ္ဓဘာသာ တရုတ်ဘုံကျောင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဝေသာလီ မဟာဂန္ဓာရုံကျောင်းတိုက်၊ သမိဒ္ဓေါဒယ(ယော) သီလရှင်ပရိယတ္တိစာသင်တိုက် နေရာများ သို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများ ရှင်းလင်းဖယ်ရှားနေ မှုများကိုကြည့်ရှုပြီး ကျောင်းထိုင်ဆရာတော်ကြီးများအား အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ လုပ်ငန်း ဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများပေးအပ်ခြင်းတို့ ဆောင်ရွက်ပေးသည်။ ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးတင့်နိုင်တို့သည် MOTTAMA Foundationမှ ငလျင်ဒဏ်သင့် ပြည်သူများအတွက် ကာလတန်ဖိုး ငွေကျပ်သိန်း ၂၂၀၀ တန်ဖိုးရှိ လူနေမိုးကာတဲ အလုံး ၄၀၀ ကို မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ထံ ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် တာဝန်ရှိသူများနှင့်အတူ ကျောက်ဆည်မြို့ သင်တောင်းကြီးကျေးရွာရှိ မဟာရွှေသိမ်တော်မြတ်စွာဘုရား၌ ရွှေသင်္ကန်း ကပ်လှူခြင်း၊ ကျောက်ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက်ရှိ ရွှေစေတီဘုန်းတော်ကြီးကျောင်း၌ သန့်ရှင်းရေးပြုလုပ်နေမှုများကို လည်းကောင်း၊ ယာယီဈေးအဖြစ် ပြောင်းရွှေ့ဖွင့်လှစ်မည့် စည်ပင် သာယာရေးပိုင် နယ်နိမိတ်ဖြစ်သော ဖောင်းရွာရပ်ကွက်၊ ဖောင်းရွာကွင်း၌ မြေနေရာရှင်းလင်း ဖော်ထုတ်နေမှုများကို လည်းကောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် မင်းကုန်းမဟာစာသင်တိုက် မှ ကျောင်းဆောင်များအား SOP ဖြင့် စစ်ဆေးခဲ့ပြီး အန္တရာယ်ရှိ လေးထပ်ဆောင်အဆောက်အအုံ ဖြိုဖျက် ရှင်းလင်းဆောင်ရွက်ပေးနေမှု အခြေအနေများကို လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ကျောက်ဆည်ခရိုင်အတွင်း ငလျင်ဒဏ်သင့် အဆောက်အအုံများအား SOP စနစ် ဖြင့် ဘုတ်အဖွဲ့ များ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ယနေ့အထိအဆောက်အအုံ ၁၁၆၇ လုံးအား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ဦးစား ပေးဖြိုဖျက်ရှင်းလင်းရမည့်အန္တရာယ်ရှိ အဆောက်အအုံ ၂၃၃ လုံး၊ ပြန်လည်ပြုပြင်နိုင်မည့် အဆောက်အအုံ အလုံး ၈၃၀၊ အန္တရာယ်ရှိအဆောက်အအုံများမှ ၁၆၁ လုံး ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ရန် ကျန် အဆောက်အအုံ ၇၂ လုံးဖြစ်ကြောင်း သိရသည်။
ယင်းနောက် စဉ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာအုပ်စု ချည်မျှင်လုပ်သားကျေးရွာရှိ အမှတ်(၃) အကြီးစား စက်မှုလုပ်ငန်း၊ ပန်ဒါချည်မျှင်အထည်နှင့် အချောကိုင် စက်ရုံ (ပုလိပ်)၊ မြောက်ကိုင်းကျေးရွာအုပ်စု ဆယ့်နှစ် ကိုင်းကျေးရွာရှိ EABC(Europe & Asia Beverages Co.,Ltd) စက်ရုံနှင့် ညောင်ပင်ကြီး ကျေးရွာအုပ်စု၊ ညောင်ပင်ကြီးကျေးရွာ Htike Htike အထည်ချုပ်စက်ရုံများသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများအား ပြန်လည်ပြုပြင်ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။
ထို့နောက် စဉ့်ကိုင်မြို့နယ်၊ ရှမ်းရွာကျေးရွာအုပ်စုရှိ မေတ္တာစွမ်းရည်ရွှေသိမ်တော်ဘုန်းတော်ကြီး ကျောင်း ကျောင်းထိုင်ဆရာတော်အား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ကျောက်ဆည်ခရိုင်အတွင်း ထိခိုက်ပျက်စီးသွားသော အခြေခံ ပညာကျောင်း ၃၂၀ ရှိရာ ဧပြီ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် အခြေခံပညာအထက်တန်းကျောင်းများ အားလုံး၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များနှင့် မြို့မိမြို့ဖများစုပေါင်း၍ ပြိုကျပျက်စီးသွားသောအပျက်အစီး များကို ဖယ်ရှားခြင်းနှင့် ကျောင်းအတွင်း/အပြင် သန့်ရှင်းရေးတို့ကို အပြီးသတ်ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်