ငလျင်၊ သဘာဝဘေးအန္တရာယ်

နေပြည်တော် ၂၆ အောက်တိုဘာ

 

ကမ္ဘာကြီးကို ဖွဲ့စည်းထားသည့် မြေလွှာချပ်ကြီးများရှိပါသည်။ အပေါ်ဆုံးမြေပြင်က အလွှာပါးလေးဖြစ်ပြီး အစိတ်အပိုင်းငယ်များနှင့် ဖွဲ့စည်းထား၏။ ထိုအစိတ်အပိုင်းငယ်များက တည်ငြိမ်နေခြင်း မဟုတ်။ တစ်ချိန်လုံး ရွေ့လျားနေကြတာဖြစ်၏။ ယင်းသို့ရွေ့လျားသည့်အခါ အစိတ်အပိုင်းများ တစ်ခုနှင့်ထပ်မိခြင်း၊ တွန်းတိုက်မိခြင်း စသည်ဖြင့် ဖြစ်ပျက်နေလေ့ရှိ၏။ ထိုအစိတ်အပိုင်းများကို ကမ္ဘာ့မြေလွှာချပ် တက်တိုးနစ်ပလိတ်များဟု ခေါ်၏။

 

ယင်းအစိတ်အပိုင်းတို့ တွန်းထိုးရွေ့လျားနေခြင်းက သာမန်အားဖြင့် မသိသာလောက်အောင် ညင်သာနှေးကွေးပါသည်။ အဆိုပါ ပလိတ်များ၏ အစွန်းပိုင်းများတွင် ငလျင်လှုပ်ခါခြင်း ဖြစ်ပေါ်လေ့ရှိ၏။ ယင်းအစွန်းပိုင်းချင်းထိတွေ့ ကြသည့်အခါ ဆက်မရွေ့နိုင်တော့ဘဲ မြေလွှာချပ်ကြီးများ တစ်ခုနှင့် တစ်ခု တွန်းတိုက်ထားမိကြသည်။ ထိုမြေလွှာချပ်ကြီးများ ဆက်မရွေ့တော့ဘဲ အချိန်ကြာ ဖိတွန်းနေမှု ကြာလာသောအခါ ကြီးမားသည့်အင်အားတစ်ခု ဖြစ်လာပြီး ဘေးပတ်ဝန်းကျင်သို့ လှိုင်းများသဖွယ် ပျံ့နှံ့သွားခြင်းသည် ငလျင် လှုပ်ခြင်းဖြစ်၏။

 

အလွယ်သဘောပြောရလျှင် အတွင်းမြေလွှာနှစ်ခု ပွတ်တိုက်မိကြသည့်အခါ ကမ္ဘာ့မြေမျက်နှာပြင် တုန်ခါမှု ဖြစ်ပေါ်လာခြင်းကို ငလျင်လှုပ်သည်ဟု ခေါ်ခြင်းဖြစ်ပါ၏။ ငလျင်၏ အရွယ်အစားကို ရစ်ချ်တာစကေးဖြင့် ဖော်ပြ ပါသည်။ ရစ်ချ်တာစကေး ၃ အောက်ဆိုလျှင် လှုပ်ခါမှုကို မသိသာလှ။ စကေး၄ ဆိုလျှင် လှုပ်ခါမှုကို သတိထားမိနိုင်သော်လည်း သာမန်အားဖြင့်ဆိုလျှင် မြေပေါ်အပျက်အစီး သိပ်ဖြစ်လေ့မရှိသေး။ ရစ်ချ်တာစကေး ၄၊ ၅ ဆိုလျှင်မူလှုပ်ရှားမှုကို သိနိုင်လာ၏။ ၆၊ ၇ ဆိုလျှင်မူ မြေပေါ်လှုပ်ရှားမှုကို သိသိသာသာ ခံစားနိုင်ပြီး အပျက်အစီးများလည်း ဖြစ်နိုင်လာပြီ။ ရစ်ချ်တာစကေး တစ်ဆင့်တက်တိုင်း ငလျင်၏စွမ်းအင်ပမာဏက ဆယ်ဆ ပိုတက်လာ၏။

 

သမိုင်းတစ်လျှောက် ဖြစ်ဖူးခဲ့သမျှထဲမှာ ၁၉၆၀ ပြည့်နှစ် မေလ ၂၂ ရက်နေ့တုန်းက ချီလီနိုင်ငံမှာ လှုပ်ခါခဲ့သည့် ငလျင်က အကြီးဆုံးဖြစ်ပါသည်။ လှုပ်ခါသည့်မြို့ကိုစွဲ၍ ဗာလ်ဒီဗီယာငလျင်ဟု လည်းကောင်း၊ ချီလီ မဟာ ငလျင်ကြီးဟု လည်းကောင်း အမည်တပ်ကြ၏။ ရစ်ချ်တာစကေး ၉ ဒသမ ၄ မှ ၉ ဒသမ ၆ ရှိပြီး လှုပ်ခါချိန် ဆယ်မိနစ်ခန့် ကြာ၏။ ငလျင်လှုပ်ပြီးနောက် ချီလီနိုင်ငံတောင်ပိုင်း၊ ဟာဝိုင်ယီ၊ ဂျပန်၊ ဖိလစ်ပိုင်၊ နယူးဇီလန်အရှေ့ပိုင်း၊ ဩစတြေးလျ အရှေ့တောင်ပိုင်းတို့မှာ ဆူနာမီလှိုင်းကြီးများ ဖြစ်ပေါ်ခဲ့၏။ ချီလီကမ်းရိုးတန်းဘက်တွင် ၈၂ ပေ ခန့်မြင့်ပြီး ဟာဝိုင်ယီဘက်၌ ၃၅ ပေခန့် မြင့်သည့် လှိုင်းလုံးကြီးများ ကြွလာခဲ့သည်ဟု သုတေသနတိုင်းထွာမှုများက ဆိုသည်။ ယနေ့ကာလတန်ဖိုးနှင့်တွက်လျှင် အမေရိကန်ဒေါ်လာဘီလီယံနှင့်ချီသည့် ပျက်စီးဆုံးရှုံးမှုများစွာကို ရင်ဆိုင်ခဲ့ရပြီး လူ ၁၀ဝ၀ မှ ၇၀ဝ၀ ခန့်ထိ ဆုံးပါးခဲ့သည်။

 

ငလျင်လှုပ်ခါရာမှာ ငလျင်၏ အတိမ်အနက်ကိုလိုက်၍ ဘေးအန္တရာယ်အနည်းအများဖြစ်လေ့ရှိပါသည်။ မြေအောက် အနက်ပိုင်းမှာ ဖြစ်သည်ထက် မြေတိမ်မှာဖြစ်သည့် ငလျင်က မြေမျက်နှာပြင်ပေါ်ကို လွန်စွာ လှုပ်ရှားစေသည့်အတွက် အပျက်အစီးများ ပိုမိုဖြစ်ပေါ်လေ့ရှိသည်။ 

 

ငလျင်များ၏ အရွယ်အစားအကြီးအငယ်မှာ ငလျင်ဖြစ်ပေါ်သည့် မြေလွှာချပ် ပြတ်ရွေ့ကြော၏ အရွယ်အစားနှင့် ရွေ့လျားမှု အနည်းအများပေါ်တွင်မူတည်၍ ဖြစ်ပေါ်ပါသည်။ ယင်းပြတ်ရွေ့ကြောတို့တည်နေသည်က ကမ္ဘာ့မြေပြင်အောက် နက်ရှိုင်းလှသည့် နေရာမှာဖြစ်သည့်အတွက် ထိုပြတ်ရွေ့ကြော ကို တိုက်ရိုက်တိုင်းတာ၍ မရနိုင်ပါ။ ကမ္ဘာ့မြေမျက်နှာပြင်ပေါ် လှုပ်ရှားသွား သည့်နှုန်းကိုသာ ငလျင်တိုင်းတာရေးစက်များနှင့် တိုင်းတာသိရှိနိုင်ပါ၏။

 

မြန်မာနိုင်ငံ၏ အလယ်မှ ဖြတ်ပြီး တည်ရှိနေသည့် စစ်ကိုင်းငလျင်ကြော က ထင်ရှားသော ပြတ်ရွေ့ကြောဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်း အပြင်းထန်ဆုံး လှုပ်ခါခဲ့သော ၁၉၄၆ မော်လိုက်ငလျင်သည် စစ်ကိုင်းပြတ်ရွေ့ကြော လှုပ်ရှားမှု ကြောင့် ဖြစ်ပါသည်။

 

တစ်ဖန် ၁၉၇၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် လှုပ်ခဲ့သော ပုဂံငလျင်မှာ ပျက်စီးဆုံးရှုံးမှု များပြားခဲ့သော သမိုင်းရှိခဲ့ပါသည်။ လွန်ခဲ့သော ၂ နှစ်ကျော် ၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က ချောက်မြို့ အနောက်ဘက် ၂၅ ကီလိုမီတာကို ဗဟိုပြုကာ လှုပ်ခါခဲ့သည့် ငလျင်သည် ၆ ဒသမ ၈ ရှိခဲ့ပြီး မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ပုဂံသာသနိက အဆောက်အအုံများစွာကို ဒုတိယအကြိမ် ထိခိုက်ပျက်စီးမှုများ ဖြစ်စေခဲ့ပါသည်။

 

ယနေ့ချိန်ထိ သိပ္ပံပညာက ငလျင်ကို ကြိုတင်တိုင်းတာ တွက်ချက်နိုင်စွမ်း မရှိသေးပါ။ ငလျင်လှုပ်တော့ မည်ဆိုလျှင် သိုးများ၏ အရေပြားက တစ်ဆင့်မိနစ်အနည်းငယ်စောပြီး သိသည်ဟု လွန်ခဲ့သော နှစ်အနည်းငယ်က ရေးသားမှုများရှိသော်လည်း ခိုင်လုံသည့် အတည်ပြုချက်မရှိပါ။ ထို့အတူ ငလျင်မလှုပ်မီ မိနစ်အနည်းငယ်အလိုတွင် ငှက်များပြိုခြင်း၊ ပုရွက်ဆိတ်အစရှိသည့် ပိုးမွှားများ မြေတွင်းမှ ထွက်လာသည်ဟူသော အဆိုများရှိသော်လည်း တိကျသည့်အထောက်အထားမရှိသေးပါ။

 

ထို့ကြောင့် ငလျင်လှုပ်ခတ်မှုကို ကြိုတင်ပြောဆိုနိုင်ခြင်းမရှိပါ။ သို့သော်လည်း သိရှိပြီးဖြစ်သည့် ငလျင်ကြောများနှင့် တက်တိုးနစ်ပလိတ်များကို အခြေခံပြီး ငလျင်လှုပ်ခါနိုင်သည့် ဧရိယာများကို ခန့်မှန်းပြောဆိုနိုင်ပါသည်။ အချိန်ကာလကိုမူ မည်သို့မှ ကြိုတင်ပြောဆိုနိုင်ခြင်းမရှိပါ။ အချုပ်ဆိုရလျှင် ထိခိုက်မှုအန္တရာယ်များနိုင်သည့် ငလျင်ဘေးဒဏ်မှာ မည်သည့်အချိန် မည်သို့လာမည်ဟု မသိရှိနိုင်သည့် အတွက် အဆောက်အအုံများ ဆောက်လုပ်ရာတွင် ငလျင်ဒဏ်ကို တွက်ချက်ကာကွယ်ခြင်း၊ ငလျင်လှုပ်ခါပါက အများပြည်သူ စုဝေးနေနိုင်သည့် နေရာများကို ပြင်ဆင်စီမံထားခြင်း၊ တစ်ဦးချင်းအနေဖြင့် စိုးရိမ်မှု အလွန်အမင်းဖြင့် ကစဉ့်ကလျားဖြစ်ခြင်းမျိုးကို ရှောင်ကြဉ်ကာ စနစ်ကျနသည့် တိမ်းရှောင်မှု စသည့် ကြိုတင်ပြင်ဆင်မှုမျိုး ကိုသာ စီစဉ်ဆောင်ရွက်မှုများကို သက်ဆိုင်ရာဌာနများနှင့် အများပြည်သူတို့ ပူးပေါင်းဆောင်ရွက်ကြရန်လိုမည်ဟု တင်ပြလိုက်ရပါသည်။ ။