ငှက်ပျောအူစားရင် ကျန်းမာရေးအတွက် ဘာတွေကောင်းလဲ

၁၁  အောက်တိုဘာ

 

မုန့်ဟင်းခါးစားရင် ငှက်ပျောအူတွေ အသည်းအသန် ဖယ်ခိုင်းတဲ့သူတွေရှိလား။ ကိုယ်တွေကတော့ ဟင်းရည်တောင်းရင် ငှက်ပျောအူဖတ်လေးထည့်ပေးပါလို့ကို ထည့်တောင်းတာ။ ငှက်ပျောပင်ဟာ အသီး၊ အခွံ၊အရွက်၊ ပင်စည်အထိကို တစ်ပင်လုံးဆေးဘက်ဝင်နေတာ တကယ်အံ့သြဖို့ကောင်းပါတယ်။ ငှက်ပျောသီးက ဗီတာမင်နဲ့သတ္တုဓာတ်တွေ ပါဝင်တယ်၊ အခွံကလည်း အသားအရေအတွက် အသုံးဝင်တယ်၊ အရွက်ဆိုလည်း ဟိုရှေးတည်းက မြန်မာမုန့်လုပ်တေဲ့နရာမှာ အမြဲထည့်သုံးလေ့ရှိတာ  အဆိပ်အတောက်ကင်းတဲ့ သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးကြောင့်ပါ။ အခုတော့ ပင်စည်ဖြစ်တဲ့ ငှက်ပျောအူရဲ့ဆေးဘက်ဝင်ပုံကို ပြောပြချင်လို့ ဖတ်ကြည့်လိုက်ပါဦး။ သူများနိုင်ငံမှာဆို ငှက်ပျောအူကို ကြိတ်ပြီးအရည်ကို ဖျော်ရည်တောင်လုပ်သောက်တာနော်။

 

အဆိပ်အတောက်ဖယ်ရှားနိုင်စွမ်း

 

ငှက်ပျောအူဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ဓာတ်တွေကို ဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။ ဆီးလည်းရွှင်စေသလို အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။

 

ဆီးကျောက်ကို ကြေစေပြီး  ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကုသနိုင်စွမ်း

 

ငှက်ပျောအူနဲ့ဖာလာစေ့ ပေါင်းစပ်လိုက်ရင် ဆီးအိမ်ကို ပြေလျော့စေပြီး ဆီးကျောက်တွေကို ကြေစေနိုင်ပါတယ်လို့ ဆိုကြပါတယ်။ ငှက်ပျောအူနဲ့ သံပရာသီး ပေါင်းစပ်ရင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့် ခံစားရတဲ့ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

 

ဝိတ်ကျစေခြင်း

 

အမျှင်ဓာတ်ကြွယ်ဝလွန်းတဲ့ ငှက်ပျောအူက ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေထဲ သကြားဓာတ်နဲ့အဆီဓာတ်တွေ မစုပုံလာအောင် တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် အစာကိုချေဖျက်နိုင်စွမ်းပိုကောင်းစေပြီး ကယ်လိုရီပါဝင်မှုလည်း နည်းပါးပါတယ်။

 

ဆီးချိုကျစေခြင်း

 

ငှက်ပျောအူက သွေးတွင်းသကြားဓာတ်ကို ကျစေတဲ့၊ ထိန်းစေတဲ့အစွမ်းအာနိသင်ရှိပါတယ်။ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိနိုင်ဖို့ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ထုတ်လုပ်မှုကိုတိုးစေနိုင်ပါတယ်။

 

ကိုလက်စထရော ချေဖျက်နိုင်ခြင်း

 

ဗီတာမင် B6 နဲ့ သံဓာတ် ကြွယ်ဝပြီး ဟီမိုဂလိုဘင်အရေအတွက်ကို တိုးစေနိုင်ပါတယ်။ ပိုတက်ဆီယမ်ပါဝင်မှုလည်း မြင့်မားပြီး ကိုလက်စထရောကို ချေဖျက်နိုင်ပါတယ်။

 

အစာအိမ်သွေးကြောပွန်းပဲ့ခြင်းကို ပြန်လည်ကောင်းမွန်စေခြင်း

 

ငှက်ပျောအူက ခန္ဓာကိုယ်အတွင်းက အက်စစ်ဓာတ်ထွက်ရှိမှု ပမာဏကို ထိန်းပေးပြီး ညီညွတ်မျှတမှုရှိအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ အစာအိမ်အချဉ်ပေါက်တာ၊ ဗိုက်ထဲမှာ မအီမသာဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။

 

ကဲ ဒီလောက်အကျိုးများတဲ့ ငှက်ပျောအူကို ဖယ်မစားနဲ့တော့နော်။ နည်းနည်းစားကြည့်ပါ၊ ကြိုက်ရင်ကြိုက်သွားမှာပါ။

 

 

ရေးသားသူ - Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”