ငြိမ်းချမ်းတည်ငြိမ်ဖွံ့ဖြိုးရေး လူငယ်များပါဝင်

၁၅ ဇွန်

 

ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက် အဓိကအလိုအပ်ဆုံးသောအရာမှာ ငြိမ်းချမ်းရေးနှင့်နိုင်ငံတည်ငြိမ်အေးချမ်းရေးဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို တည်ဆောက်ရာတွင် စုပေါင်းအင်အားမှာအဓိကဖြစ်သည်။ စုပေါင်းအင်အားသည် ပြည်သူများဖြစ်၍ ပြည်သူလူထုစုပေါင်းပါဝင်မှုဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

 

 

မျက်မှောက်ကာလတွင် နိုင်ငံအတွက်အရေးအကြီးဆုံးဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အစည်းအဝေးများကို နှစ်ကြိမ်တိုင်ကျင်းပခဲ့ပြီး မကြာမီကာလတွင် တတိယအကြိမ်အစည်းအဝေးကို ကျင်းပနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေသည်။ ငြိမ်းချမ်းရေးဆိုသည်မှာ လက်နက်ကိုင်ပဋိပက္ခများ လုံးဝဆိတ်သုဉ်းခြင်း ဖြစ်သော်လည်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ပဋိပက္ခများ ဆက်လက်ရှိနေသည်ကို သတိမူရမည်ဖြစ်သည်။

 

 

ယင်းနှင့်ပတ်သက်၍ ဇွန် ၁၄ ရက်က မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ်၌ ကျင်းပသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မွန်ပြည်နယ်ဒေသခံပြည်သူများ စကားဝိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေးကို လူတိုင်းလိုချင်တယ်ဆိုရင် ဘာဖြစ်လို့ ကမ္ဘာကြီးမှာ ဒီလောက်ပဋိပက္ခတွေများနေလဲဆိုတာ ပြန်ပြီးစဉ်းစားရမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းတဲ့နည်းနဲ့ ကိုယ်လိုချင်တဲ့အရာတွေကို ရအောင် လုပ်ဖို့အတွက်၊ ကိုယ့်ဆန္ဒတွေကို ဖြည့်ဆည်းဖို့အတွက် အရည်အချင်းတွေကို တိုးပွားအောင်လုပ်ရမည်ဖြစ်ပါကြောင်း၊ လူတိုင်းလူတိုင်းလည်း လုပ်ရမည်၊ အစိုးရကလည်း ကူညီရမည်ဖြစ်ပါကြောင်း၊ အစိုးရဆိုသည်မှာ နိုင်ငံသူ နိုင်ငံသားတွေရဲ့အကျိုးကို ထမ်းဆောင်ဖို့၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ဖြစ်ပါကြောင်း၊ သို့သော် နိုင်ငံတစ်နိုင်ငံမှာ အဓိကက ပြည်သူလူထုပင်ဖြစ်ပါကြောင်း၊ အစိုးရ ဘယ်လောက်ကောင်းကောင်း ပြည်သူလူထုမပါရင် မရပါကြောင်း၊ ပြည်သူလူထုက အဓိကဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ စိတ်ဓာတ်၊ ဉာဏ်စွမ်းအား၊ အရည်အချင်းအားလုံးမြှင့်တင်ဖို့လိုပါကြောင်း ပြောကြားခဲ့သည်။

 

 

ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို တည်ဆောက်နိုင်ရန်အတွက် အဓိကမှာ စုပေါင်းအင်အားဖြစ်သည့် ပြည်သူလူထုဖြစ်သည်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုင်းရင်းသားပြည်သူများနှင့်အကြောင်းဆုံတိုင်း အသိပေးပြောကြားလေ့ရှိသည်။ ငြိမ်းချမ်းရေးနှင့်အတူနိုင်ငံတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများတွင်လည်း ပြည်သူလူထုသည်သာ အဓိကဖြစ်သည်ကိုလည်း မကြာခဏအသိပေးပြောကြားလေ့ရှိသည်။ ပြည်သူလူထု၏အားမှာ အဓိကဖြစ်သောကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြားသကဲ့သို့ ပြည်သူလူထုအားလုံးတို့အနေဖြင့်မိမိတို့၏စိတ်ဓာတ်၊ မိမိတို့၏ဉာဏ်စွမ်းအား၊ မိမိတို့၏အရည်အချင်းအားလုံးတို့ကို မြှင့်တင်ကြဖို့ လိုအပ်ပေသည်။

 

 

အထူးသဖြင့် တိုင်းရင်းသားပြည်သူများအကြား နှစ်ပေါင်းရှည်ကြာ ဖြစ်ပွားလာခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ ငြိမ်းအေးစေရန်အတွက် အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှုသည် အဓိကဖြစ်ရာယင်းကို ပြည်သူလူထု၏ စုပေါင်းအင်အားဖြင့် ခိုင်မာအောင်တည်ဆောက်ကြရမည် ဖြစ်သည်။ နိုင်ငံတော် အစိုးရက အကောင်အထည်ဖော်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားပြည်သူများအားလုံး လက်တွဲပူးပေါင်းပါဝင်ကူညီဆောင်ရွက်ကြရမည် ဖြစ်သည်။

 

 

ထိုသို့ပါဝင်ကူညီဆောင်ရွက်ရာတွင် လူငယ်များအားသည် အထောက်အပံ့ ကောင်းများဖြစ်ပြီး လက်တွေ့တွင်လည်း ပါဝင်ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ မွန်ပြည်နယ်ဒေသခံပြည်သူများ စကားဝိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လူငယ်များ၏အခန်းကဏ္ဍကို အလေးထားပြောကြားခဲ့သည်ကို တွေ့ရသည်။ သို့ဖြစ်ရာ မြန်မာလူထုအတွင်းမှ လူငယ်လူရွယ်များအနေဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အားတက်သရော ပါဝင်ဆောင်ရွက်ကြလိမ့်မည်ဟု ကြေးမုံက ယုံကြည်ပါသည်။

 

ကြေးမုံ