ငြိမ်းချမ်းသောကာလ နယုန်လ

နေပြည်တော် ၃၁ မေ

 

ယနေ့သည် နယုန်လပြည့်ကျော် ၂ ရက်နေ့ အင်္ဂလိပ်လအားဖြင့် မေလကုန်၊ မြန်မာလအားဖြင့် နယုန်လ ဖြစ်သည်။ နယုန်လသည် ထူးခြားသောလတစ်လဖြစ်ပြီး ဗုဒ္ဓဘုရားရှင်တရားတော်အရ ငြိမ်းချမ်းခြင်းလက္ခဏာကိုဆောင်ကြဉ်းသောလ၊ တစ်နည်းဆိုလျှင် ငြိမ်းချမ်းရေးလ ဖြစ်သည်။ 

 

မဟာသက္ကရာဇ် ၁၀၇ ခုနှစ်အတွင်းက ဂေါတမဘုရားရှင် သာကီဝင်မျိုးနွယ်များနေထိုင်သော ကပိလ၊ ဒေဝဒဟနှင့် ကောလိယ မြို့သုံးမြို့ရှိ မြို့သူမြို့သားများသည် များသောအားဖြင့် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြပြီး ရောဟိနီမြစ်ရေကို အဓိကအားထားကြသည်။ ရောဟိနီမြစ်သည် ဟိမဝန္တာမှ စီးဆင်းကာ ကပိလနှင့် ကောလိယ မြို့နှစ်မြို့ကြားမှ ဖြတ်သန်းသည်။ ထိုနှစ်တွင် မိုးခေါင်သောကြောင့် ရောဟိနီမြစ်ရေနည်းပါးပြီး နှစ်နိုင်ငံမှ လယ်သမားများအတွက် ရေလုံလောက်အောင်မပေးနိုင်တော့ချေ။

 

ရေပြဿနာသည် နှစ်နိုင်ငံ ပြည်သူများအတွက် သေရေး၊ ရှင်ရေးဖြစ်၍ ကျန်ရှိမြစ်ရေကို ခွဲဝေသုံးစွဲနိုင်ရန် မြစ်ကမ်းနံဘေး၌ တွေ့ဆုံဆွေးနွေးကြသည်။ ဆွေးနွေးပွဲမှာ မပြေလည်။ ဆိုင်ရာ သံတမန်၊ ဝန်ကြီး၊ ဝန်လေးတို့နှင့် ဖြေရှင်းသော်လည်း မပြေလည်သောကြောင့် နောက်ဆုံးတွင် နှစ်ဖက်ပြည်သူများ လက်နက်စွဲကိုင် ဖြေရှင်းကြရတော့မည့်အခြေအနေရောက်ခဲ့သည်။

 

ရေပြဿနာဖြင့် စစ်ခင်းရတော့မည့်အရေးကို မြတ်စွာဘုရားရှင်သိတော်မူသဖြင့် ပြည်သူများအပေါ် မဟာကရုဏာသက်တော်မူပြီးရန်ပွဲစဲစေခြင်းငှာ ရောဟိနီမြစ်အလယ်ရှိ သဲသောင်ပြင်ထက်ဝယ်သို့ သက်ဆင်းတော်မူသည်။ ဤတွင် နှစ်ဖက်မင်းနှင့် စစ်သည် ပြည်သူများ လက်နက်ချ၍ မြတ်စွာ ဘုရားအား ရှိခိုးဦးခိုက်ကြကုန်သည်။ ထိုအခါ မြတ်စွာဘုရားရှင်က ခိုက်ရန်ဖြစ်ပွားခြင်းကြောင့် သာယာဖွယ်မဖြစ်ပုံ၊သူတစ်ပါးစကား အကြောင်းမဲ့ မယုံသင့်ပုံ၊ အင်အားနည်းသော်လည်း အင်အားကြီးသူကို အောင်မြင်နိုင်သည့်အခွင့်ရှိပုံ၊ ညီညွတ်သင့်မြတ်သဖြင့် အကျိုးရှိပုံ၊ မညီညွတ်မသင့်မြတ်ဘဲ ခိုက်ရန်ဖြစ်ပွားခြင်းကြောင့် အပြစ်ဖြစ်ပုံတို့ကို ဇာတ်တော်အလိုက် ဟောကြား ဆုံးမတော်မူသည်။ ဇာတ်တော်ငါးဇာတ်ဖြင့် ဟောကြားဆုံးမတော်မူပြီး သံဝေဂဖြစ်စေနိုင်သည့် သုတ္တန်ကိုဟောကြားပြန်သည်။ ထိုအခါ နှစ်ဖက်မြို့သားများ သံဝေဂရပြီးနောက်ကောင်းသော အမှုတို့ကိုပြုပြီး ကျွတ်တမ်းဝင်ကြသည်။ ပဋိပက္ခများရပ်စဲပြီး ငြိမ်းအေးခြင်းသို့ရောက်ကြရသည်။ နှစ်ဖက်ချမ်းသာခြင်းကို ဖြစ်စေသည်။

 

မြတ်စွာဘုရားရှင်၏ မဟာကရုဏာတော်သည် ကြီးမားလှသည်။ လူနတ်ဗြဟ္မာသတ္တဝါများ ချမ်းသာရေးကို ဖော်ဆောင်ပေးတော်မူခဲ့သည်။ များထိုလူတို့ ဒုက္ခဆင်းရဲနှင့် သေကျေပျက်စီးခြင်းကို ဖြစ်စေနိုင်သည့်ပဋိပက္ခများ၊ စစ်ပွဲများဖြစ်ပွားခြင်းကို အဆုံးသတ်နိုင်စေရန် လမ်းမှန်ညွှန်ပြ ဟောကြားဆုံးမပဲ့ပြင်ပေးတော်မူနိုင်ခဲ့သည်။ ဖော်ပြပါ ရန်စစ်မီးကိုအပြီးတိုင်ငြိမ်းအေးအောင် ဆောင်ကြဉ်းပေးနိုင်တော်မူသည့်လမှာဤနယုန်လဖြစ်သည်။

 

ဤနယုန်လသည် လောကီ၊ လောကုတ် နှစ်ဖြာကောင်းကျိုးကိုဖြစ်ထွန်းစေခဲ့သည်။ ရာသီအားဖြင့် နွေလမှ မိုးလသို့ ကူးပြောင်းရောက်ရှိသော အချိန်ကာလဖြစ်သည်။ သစ်ပင်ပန်းမန်တို့သည်လည်း ရှေးကနှင့်မတူ အညွန့်အဖူးများ တလူလူနှင့် ရှစ်ခွင်တိုင်းတွင် စိုပြည်သာယာလှပနေတော့သည်။ ကောင်းကင်တစ်ခွင်တွင် ညို့မှိုင်း၍ မိုးလေများနှင့်အုံ့ဆိုင်းနေတတ်သည်ဟု ရှေးစာဆိုများက မှတ်တမ်းတင်ခဲ့သည်။ ယခုနယုန်လတွင် ဤသို့ကြုံတွေ့နေကြသည်။

 

 သို့ဖြစ်ရာ ဤနယုန်အခါကာလတွင် ရှစ်ခွင်တိုင်း သာယာခြင်းနှင့်အတူ မိုးသက်လေပြင်းများကိုလည်း အများပြည်သူ သတိမူကြရပေလိမ့်မည်။ ဤလအခါတွင် မြတ်စွာဘုရားရှင်ဟောဖော်ညွှန်ပြ ဆုံးမတော်မူသောကြောင့် ပြည်ထောင်သားများ ငြိမ်းအေးတော်မူခဲ့သကဲ့သို့ ခိုက်ရန်စဲပြီးငြိမ်းချမ်းရေးကိုဖြစ်ထွန်းစေမည့် ကောင်းသောအမှုများကို ပိုမိုအားထုတ်ကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။ ။

(ကြေးမုံ)