ငြိမ်းချမ်းသော ဟိုဘက်ကမ်းသို့

မောင်ခိုင်မာ (အထက်မင်းလှ)

 

သမိုင်းဝင် “ပင်လုံစာချုပ် အောင်မြင်စွာ ချုပ်ဆိုနိုင်မှုကို အကြောင်းပြု၍ ဖေဖော်ဝါရီလ ၁၂ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်လာခဲ့ရာ ယခုဆိုလျှင် (၇၃) နှစ် ပြည့်မြောက်ပြီဖြစ်သည်။ ပင်လုံစာချုပ်သည် မြန်မာ့လွတ်လပ်ရေးအတွက် ကြီးမြတ်လှစွာသော အခြေခံအုတ်မြစ်ဖြစ်သည်။ သို့ဖြစ်ရာ ပြည်ထောင်စုနေ့သည် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးအတွက် အစဉ်မမေ့အပ်သည့် နေ့ထူးနေ့မြတ် ဖြစ်သည်။

 

ပြည်ထောင်စုမပြိုကွဲရေး

 

ပြည်တွင်း၊ ပြည်ပအခြေအနေများကို သတိထား ကြည့်လျှင် သော်လည်းကောင်း၊ နိုင်ငံတော်က ရင်ဆိုင် နေရသော စိန်ခေါ်မှုများကိုကြည့်လျှင် သော်လည်းကောင်း၊ နိုင်ငံတော်၏ အန္တိမရည်မှန်းချက်ဖြစ်သည့် “ထာဝရ ငြိမ်းချမ်းသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု” တည်ဆောက်ရေးအတွက် သော်လည်းကောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးက မလွဲမသွေ အရေးပါသည်မှာ ငြင်းပယ်၍ မရပေ။

 

လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ ၁၉၄၆ ခုနှစ် ကာလများကို ငဲ့စောင်းကြည့်လျှင် အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံအနှံ့ တောင်တန်းမြေပြန့်မကျန် ခရီးထွက်ခဲ့သည်။ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ မြန်မာ့လွတ်လပ်ရေးဆိုသည်မှာ တောင်တန်းဒေသ တိုင်းရင်းသားများအားလုံး ပါဝင်မှ အဓိပ္ပာယ်ရှိမည်၊ ပြီးပြည့်စုံမည်ဟု ခံယူသည်။ သို့ဖြစ်၍ တစည်းတလုံးတည်းသော မြန်မာနိုင်ငံတော်အဖြစ် လွတ်လပ်ရေးရရှိဖို့ရန် အဓိကအင်အားမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဖြစ်ကြောင်း ဟောပြောဆွေးနွေး ကြိုးပမ်းခဲ့ကြောင်း အထင်အရှားတွေ့ရပေမည်။ ဗိုလ်ချုပ်၏ ခံယူချက်နှင့်အညီ တိုင်းရင်းသား လူမျိုးအသီးသီးက တစည်းတလုံးတည်း ဖြစ်ကြောင်း ၁၉၄၇ ပင်လုံစာချုပ်ဖြင့် လည်းကောင်း၊ တောင်တန်းဒေသ စုံစမ်းရေးအဖွဲ့ထံ ညီညီညာညာ သဘောထား ထုတ်ပြနိုင်ခဲ့ခြင်းဖြင့်လည်းကောင်း လွတ်လပ်ရေးရရှိခြင်းပင် ဖြစ်သည်။ ဤသည်တို့ကို သာဓကယူလျက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် ကျွန်ုပ်တို့ တိုင်းရင်းသားအားလုံးက ထိန်းသိမ်းစောင့် ရှောက်ရမည်သာဖြစ်လေသည်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ

 

စာရေးသူတို့နိုင်ငံအား ဖွံ့ဖြိုးဆဲနိုင်ငံ သို့မဟုတ် ဖွံ့ဖြိုးမှု နောက်ကျသော နိုင်ငံဟုဆိုလျှင် အဓိကတရားခံမှာ မငြိမ်းချမ်းသောကြောင့်ဟု ဆိုရပေမည်။ ငြိမ်းချမ်းရေး ဆိုသည်ကို လက်နက်ကိုယ်စီ ကိုင်စွဲကာ ပြောဆိုတည်ဆောက်နေ၍ မရစကောင်းပါ။ သို့ဖြစ်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှစ်ဖက်သဘောတူ အချောသပ်ရေးဆွဲခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့တို့ NCA ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ ဆက်လက်၍ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့က NCA တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့ကြသည်။

 

ငြိမ်းချမ်းရေးဟူသည်မှာ အပြောလွယ်သလောက် အလုပ်ခက်မည်ဖြစ်ရာ ငြိမ်းချမ်းရေးကို ဆောင်ရွက်ကြသည့်အခါ တာဝန်ရှိသူများအနေဖြင့် "မတူကွဲပြားခြင်းမှ ညီညွတ်ခြင်း (Unity in Diversity)” ကို ရှာကြရပေမည်။ ရှာလည်း ရှာကြံနေကြပေသည်။ မငြိမ်းချမ်းသော ဒီဘက်ကမ်းမှ ငြိမ်းချမ်းသော ဟိုဘက်ကမ်းသို့ လျှောက်လှမ်းဖို့ရန် ဘုံတံတားတစ်စင်း (A Common Bridge) လိုအပ်သည် ဆိုငြားအံ့ ထိုတံတားသည် (၂၁) ရာစုပင်လုံ ညီလာခံသာ ဖြစ်ပေလိမ့်မည်။ သို့အတွက် အစိုးရအနေဖြင့် (၂၁) ရာစု ပင်လုံညီလာခံကို ၂၀၁၆ ခုနှစ်မှစတင်၍ ၂၀၁၈ ခုနှစ်အထိ သုံးနှစ်တိုင်တိုင် ကျင်းပပြီး ဘုံသဘောတူညီချက် ၅၁ ချက် ကို ရယူနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ဆက်လက်၍ စတုတ္ထအကြိမ် ညီလာခံကျင်းပရန် စီမံဆောင်ရွက်လျက် ရှိပါသည်။ ဤသို့လျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပါဝင်ပတ်သက်သူများက ကြိုးစားဆောင်ရွက်နေချိန်တွင် ကျွန်ုပ်တို့ကလည်း ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ကြိုးပမ်းကြဖို့လိုပေမည်။

 

တရားဥပဒေစိုးမိုးရေး

 

နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးတွင် ပြည်ပ အဖျက်အန္တရာယ်မှ ကာကွယ်ရေးနှင့် ပြည်တွင်းလုံခြုံရေး ဟူ၍ အပိုင်းနှစ်ပိုင်း ပါဝင်ပါသည်။ ပြည်တွင်းလုံခြုံရေးတွင် အရေးအကြီးဆုံးမှာ တရားဥပဒေစိုးမိုးရေး ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် တရားဥပဒေ စိုးမိုးရေး အကြောင်းပြောလျှင် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ရဲတပ်ဖွဲ့ကိုသာ ပြေးမြင်လေ့ရှိပါသည်။ ပြည်တွင်းစစ် (ပြည်တွင်းငြိမ်းချမ်းရေး) နှင့် တရားဥပဒေစိုးမိုးရေး၏ ဆက်စပ်မှုကို အလေးဂရုပြုမှု အားနည်းတတ်ကြပါသည်။ ပြည်တွင်းစစ်ဖြစ်နေ၍ မငြိမ်းချမ်းလျှင် ထိုနေရာ၊ ထိုဒေသဝယ် တရားဥပဒေစိုးမိုးရေး၊ တရားဥပဒေ၏ အာဏာသက်ရောက်မှု ကင်းမဲ့ပေလိမ့်မည်။ ထိုအခါ ဒေသခံပြည်သူများက ပို၍အတိဒုက္ခ ရောက်ကြမည်ဖြစ်သည်။ ပြည်သူတို့၏ စားဝတ်နေရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံရေး အစရှိသဖြင့် ကဏ္ဍစုံအတိဒုက္ခ ရောက်ကြရမည်မှာ မလွဲပါ။ သို့ဖြစ်၍ လူ့ဘောင်အသိုက်အဝန်း တစ်စု လုံခြုံဘေးကင်းစွာဖြင့် ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သောတရားဥပဒေစိုးမိုးရေး၊ မှန်ကန်မျှတသည့် တရားစီရင်ရေးနှင့် နိုင်ငံသားများ ဘေးကင်းလုံခြုံရေးအတွက် ကျွန်ုပ်တို့ တိုင်းရင်းသားအားလုံးက စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ ရပေမည်။

 

မူးယစ်ဆေးဝါး

 

နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ကြရာတွင် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်၍ အလုပ်လုပ်နိုင်သော နိုင်ငံသားတို့၏ အခန်းကဏ္ဍမှာ လွန်စွာအရေးပါလှသည်။ မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ အလုပ်လုပ်နိုင်သော အသက်အရွယ်အပိုင်းအခြား လူဦးရေက များနေသဖြင့် လူဦးရေဆုလာဘ်ကို ပိုင်ဆိုင်သည့်အနေ အထားဖြစ်သည်။ သို့သော် အသက်အရွယ် အပိုင်းအခြား လူငယ်တချို့မှာ မူးယစ်ဆေးဝါး၏ သားကောင်များဖြစ်နေကြသည်။ သို့အတွက် နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ မဟာဗျူဟာနှစ်ရပ်နှင့် ကဏ္ဍသုံးရပ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။

 

ဤသို့ဆောင်ရွက်ရာတွင် သတိပြုရမည့် စိန်ခေါ်မှုအချို့ကိုလည်း တွေ့ရပါသည်။ ဥပမာ "ဘရွတ်ကင်း အင်စတီကျူး" မှ ပဋိပက္ခရေးရာလေ့လာသူ "မန်ဒါ ဟဲလ်ဘရောင်း" က မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ၁၉၆၀ ပြည့်လွန်နှစ်များမှ ယနေ့အထိ ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ မူးယစ်ဆေးဝါးနှင့် အခြားတရားမဝင် စီးပွားရေးလုပ်ငန်းများအကြား ဆက်စပ်မှုကို လေ့လာခဲ့ပြီး နှစ်နိုင်ငံစလုံးတွင် မူးယစ်ဆေးဝါးနှင့် အခြားတရားမဝင် စီးပွားရေးလုပ်ငန်းများက တိုင်းရင်းသား ခွဲထွက်ရေးဝါဒနှင့် လက်နက်ကိုင်ပုန်ကန်မှုကို တွန်းအားဖြစ်စေကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆိုပါသည်။ သို့ဖြစ်၍ NCA စာချုပ်အပိုဒ်ခွဲ (၆) တွင် “မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ” ကို ကြားကာလအတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များတွင် ထည့်သွင်း သတ်မှတ်ထားကြောင်း လေ့လာတွေ့ရှိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူ့အားနှင့် ဝိုင်းဝန်း အကောင်အထည်ဖော်နေချိန်တွင် လူ့စွမ်းအား အရင်းအမြစ် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသား ရေးတာဝန်အဖြစ် ကြိုတင်တားဆီး ကာကွယ်ခြင်းဖြင့် ပြည်သူများ၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားစေရေးကို ကျွန်ုပ်တို့အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရပေမည်။

 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ

 

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဟူသည် ပြည်သူအားလုံးက လေးစားလိုက်နာ ကာကွယ်စောင့်ရှောက် ရမည့် ပင်မဥပဒေကြီးတစ်ခု ဖြစ်သည်။ ဤမျှအရေးကြီးလှသည့် ဥပဒေသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် သက်ဝင်ရှင်သန်နေရမည်။ အခြားတစ်ဖက်က ကြည့်လျှင်လည်း အခြေခံဥပဒေ ဟူသည်မှာ ပုထုဇဉ်များရေးဆွဲထားသော ဥပဒေဖြစ်ခြင်းကြောင့် အခြေအနေ အချိန်အခါအရ ပြုပြင်ပြောင်းလဲရသည်မှာ သဘာဝတရားဖြစ်သည်။ တစ်နည်းအားဖြင့် အခြေခံဥပဒေတစ်ခုသည် ပရမတ္ထ သစ္စာတရားမဟုတ်ဘဲ သမုတိသစ္စာတရားသာ ဖြစ်သည် မဟုတ်ပါလား။ လူ့ဘောင်လောကတွင် ပြီးပြည့်စုံသည် မရှိဖြစ်၍ အခြေခံဥပဒေတိုင်းကို လိုအပ်လာလျှင် ပြင်ဆင် ကြရသည်သာဖြစ်၏။ ဆိုလိုသည်မှာ အခြေခံဥပဒေ တစ်ရပ်သည် လက်တွေ့ဘဝတွင် ခေတ်ကာလနှင့် လိုက်လျောညီထွေ မရှိလျှင်သော်လည်းကောင်း၊ ဒီမိုကရေစီ စံနှုန်းများ အားနည်းလျှင်သော်လည်းကောင်း၊ အခြေခံဥပဒေ၏ အနှစ်သာရ အားနည်းလျှင်သော်လည်းကောင်း ပြည်သူ့ဆန္ဒများဖြင့် ပြင်ဆင်ကြရမည်သာ ဖြစ်ပါသည်။ သို့သော် ပြင်ဆင်ချက်များသည် ဖက်ဒရယ် အခြေခံမူများ၊ စံနှုန်းများနှင့် ကိုက်ညီရမည်။

 

ထို့အပြင် အခြေခံဥပဒေ ပိုမိုအားကောင်းလာစေရေးနှင့် စွမ်းဆောင်ရည် မြင့်မားရေး၊ သက်ဝင်လှုပ်ရှားရေး၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဦးတည်ချက်ထား၍ ပြင်ဆင်ကြရသည်သာဖြစ်၏။ ထိုသို့ အချိန်အခါသင့်ပါလျက် ပြင်ဆင်ခြင်း မပြုမိပါကလည်း အပေါ်ထပ်အဆောက်အဦနှင့် စီးပွားရေး အခြေခံအဆောက်အဦတို့ သဟဇာတဖြစ်နိုင်မည် မဟုတ်ပေ။ ယနေ့နိုင်ငံတော်၏ အန္တိမရည်မှန်းချက်ဖြစ်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်သစ် ဖြစ်ပေါ်ရေးအတွက် ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူအားလုံးက "စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု” နှင့် ကိုက်ညီသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

 

စုပေါင်းအကောင်အထည်ဖော်ကြပါစို့

 

အနှစ်ချုပ်အားဖြင့်ဆိုရပါလျှင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုစွမ်းအားဖြင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲပြီး ထာဝရငြိမ်းချမ်းသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်သစ် ဖြစ်တည်ရေးအတွက် နိုင်ငံတော်က ချမှတ်ထားသည့် ၂၀၂၀ ပြည့် နှစ် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များကို ကျွန်ုပ်တို့တိုင်းရင်းသားညီအစ်ကို မောင်နှမများက တွဲလက်ညီညီဖြင့် စုပေါင်း အကောင်အထည်ဖော်ကြပါရန် တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။

 

မြန်မာ့အလင်း